အိုနာနာနှင့် ဗန်ဒယ်ဘိခ်တို့ကို လျှော့စျေးဖြင့်ရောင်းချမည်မဟုတ်ကြောင်း ဗန်ဒါးဆား ပြောကြား

အိုနာနာနှင့် ဗန်ဒယ်ဘိခ်တို့ကို လျှော့စျေးဖြင့်ရောင်းချမည်မဟုတ်ကြောင်း ဗန်ဒါးဆား ပြောကြား
Published 12 May 2020

အေဂျက်စ်အသင်းအမှုဆောင်ချုပ် ဗန်ဒါးဆားက အသင်းကစားသမားများဖြစ်သည့် အိုနာနာနှင့် ဗန်ဒယ်ဘိခ်တို့ကို လျှော့စျေးဖြင့် ရောင်းချမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အေဂျက်စ်ဂိုးသမား အိုနာနာနှင့် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်တို့မှာ လာမည့် နွေရာသီအပြောင်းအရွှေ့စျေးကွက် တွင် အသင်းပြောင်းရွှေ့မည်ဖြစ်ပြီး ၎င်းတို့ကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။

ဗန်ဒါးဆားက ''ဘိုင်ယန်မြူးနစ်တို့လိုအသင်းကြီးတွေက ကိုရို နာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြောင်းရွှေ့ကြေးတွေ ကျဆင်းသွားမယ်လို့ ပြောနေကြတယ်။ သူတို့က ဝယ်တဲ့အသင်းတွေဆိုတော့ ဒီလိုပဲ ပြောမှာပေါ့။ ယူရိုသန်း (၁၅၀)၊ ယူရိုသန်း (၂၀၀) တန်အပြောင်းအရွှေ့တွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အေဂျက်စ်ကစားသမားတွေက တန်ဖိုးရှိပြီးသားပါ။ ပြီးခဲ့တဲ့ရာသီက အိုနာနာ၊ ဗန်ဒယ်ဘိခ်တို့ကို အသင်းက ထွက်ခွင့်ပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ လျှော့စျေးနဲ့တော့ ထွက်ခွာခွင့်ပေးမှာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

အသက် ၂၃ နှစ်ရှိပြီဖြစ်သည့် နယ်သာလန်လက်ရွေးစင် ကြယ်ပွင့်ကစားသမား ဗန်ဒယ်ဘိခ်ကို ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်ယူ၊ စပါး စသည့် ဥရောပထိပ်တန်းကလပ်များစွာက ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကိုရို နာဗိုင်းရပ်စ်ကြောင့် ကလပ်အသင်းအများစု ဘဏ္ဍာရေးအခက်အခဲရင်ဆိုင်ရနိုင်သော်လည်း သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်မဟုတ်ကြောင်း ဗန်ဒါးဆားက သတိပေး ခဲ့ခြင်းဖြစ်သည်။

ဗန်ဒယ်ဘိခ်သည် အေဂျက်စ်အကယ်ဒမီ မှ ထွက်ပေါ်လာသူဖြစ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း ၁၀ ပွဲ ပါဝင်ကစားခွင့်ရထားသည်။

Most Read

Most Recent