ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်ကစားနိုင်ခြင်းမရှိခဲ့ပါက အောက်ဆုံး(၃)သင်းအား တန်းဆင်းစေရန် တာဝန်ရှိသူများ စဉ်းစားနေ

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်ကစားနိုင်ခြင်းမရှိခဲ့ပါက အောက်ဆုံး(၃)သင်းအား တန်းဆင်းစေရန် တာဝန်ရှိသူများ စဉ်းစားနေ
Published 11 May 2020

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်နိုင်ခြင်းမရှိခဲ့ပါက လက်ရှိ အမှတ်ပေးဇယားရပ်တည်မှုတွင် အောက်ဆုံးသို့ရောက်ရှိနေသော အသင်း(၃)သင်းအား တန်းဆင်းစေရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများက စဉ်းစားနေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်များကို ပြန်လည်ကစားနိုင်ရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိနေသော်လည်း အချို့သောကလပ်အသင်းများက ပွဲများပြန်လည်ကစားရမည်ကို ဝန် လေးလျက်ရှိနေကြကြောင်း သိရှိရသည်။

လာမည့်ဇွန်လ အတွင်း ပရီးမီးယားလိဂ်ပွဲများ ပြန်လည်ကစားနိုင်မည့် Premier League Project Restart Plan ကို ပြုလုပ်လျက်ရှိနေသော်လည်း အကယ်၍ ပွဲများပြန်မကစားနိုင်ဘဲ ယခုရာသီကို လုံးဝရပ်တန့်ရမည်ဆိုလျှင်  ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများအတွက် တာဝန်ရှိသူများက ကြိုတင် စဉ်းစားထားကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ယခုရာသီကို ပြန်လည်မစတင်နိုင်ခဲ့ပါက အမှတ်ပေးဇယားအောက်ဆုံးနေရာ (တန်းဆင်းဇုန်အတွင်း)၌ ရပ်တည်နေသော အသင်း(၃)သင်းကို လိဂ်ချန်ပီယံရှစ် သို့ တန်းဆင်းစေမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် တန်းဆင်းဇုန်အတွင်း အဆင့် (၁၈) နေရာတွင် ဘုန်းမောက်၊ အဆင့်(၁၉)နေရာတွင် ဗီလာ၊ အဆင့်(၂၀)နေရာတွင် နော ဝစ်ချ်အသင်းတို့က ရပ်တည်လျက်ရှိနေသည်။

ဘုန်းမောက်အသင်းမှာ အဆင့်(၁၆၊ ၁၇) နေရာများမှ ဝက်စ်ဟမ်း၊ ဝက် ဖို့ဒ်အသင်းတို့နှင့် ရမှတ်တူနေပြီး ဂိုးကွာခြားချက်အရသာ အဆင့်(၁၈)သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဗီလာအသင်းမှာလည်း ကစားရန်ပွဲကျန်(၁)ပွဲကျန်ရှိနေသေးပြီး အကယ်၍ ယင်းပွဲကိုအနိုင်ရပါက တန်းဆင်းဇုန်မှရုန်းထွက်နိုင်သည့် အနေအထားတွင် ရှိနေသည်။

သို့ဖြစ်ရာ အောက်ဆုံး(၃)သင်းတန်းဆင်းရန်ဆုံးဖြတ်ခဲ့ပါက ယင်းအသင်းများ၏ကန့်ကွက်မှုကို ကြုံတွေ့ရဖွယ်ရှိကြောင်း သိရှိရသည်။

မကြာသေးမီက လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများက ပရီးမီးယားလိဂ်တွင် တန်းဆင်းတန်းတက်မထားရှိခဲ့ပါက မိမိတို့၏နစ်နာမှုအတွက် ဥပဒေကြောင်းအရ အရေးဆို သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ဘောလုံးပွဲများ ပြန်လည်မစတင်နိုင်ခဲ့ပါက ကလပ်အသင်းများအနေဖြင့် ရုပ်သံကုမ္ပဏီများထံ ရုပ်သံလျော်ကြေးငွေများ ပြန်လည်ပေးလျော်ရ မည်ဟု သတိပေးထားကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent