အက်သလက်တီကိုနောက်ခံလူ လိုဒီ၊ ဆိုစီဒက်ဂိုးသမား ရေမီရိုတို့အပါအဝင် လာလီဂါ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၆)ဦးအထိရှိနေ

အက်သလက်တီကိုနောက်ခံလူ လိုဒီ၊ ဆိုစီဒက်ဂိုးသမား ရေမီရိုတို့အပါအဝင် လာလီဂါ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၆)ဦးအထိရှိနေ
Published 11 May 2020

အက်သလက်တီကိုနောက်ခံလူ လိုဒီနှင့် ဆိုစီဒက်ဂိုးသမား ရေမီရိုတို့ အပါအဝင် စပိန်လာလီဂါပြိုင်ပွဲ၌ ကိုရို နာဗိုင်းရပ်စ်ကူးစက်ခံရသူ (၆)ဦးရှိ ကြောင်း လာလီဂါအဖွဲ့ချုပ် (LFP)က မေလ (၁၀)ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စပိန်ထိပ်တန်းလိဂ် (၂)ခုဖြစ် သော စပိန်လာလီဂါနှင့် ဆီဂန်ဒါပြိုင်ပွဲတို့မှ ကစားသမား၊ နည်းပြများနှင့် လေ့ကျင့်ရေးဝန်ထမ်းများကို ပြီးခဲ့သည့် မေလ (၆)ရက်နေ့မှစတင်ကာ ကိုရို နာဗိုင်းရပ်စ်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လာလီဂါကစားသမား (၆)ဦး ရောဂါဂိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရောဂါပိုးကူးစက်ခံရသည့် လာလီဂါကစားသမား (၆)ဦးမှာ လိုဒီ၊ ရေမီရို၊ ဘက်တစ်ကစားသမားများဖြစ်သည့် ဂိုးသမားရော့ဘ်လက်စ်၊ နောက်ခံလူ ပယ်ဒရာဇာနှင့် တိုက်စစ်မှူး ဟွမ် မီဟီမင်နက်ဇ်တို့ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယခုရောဂါပိုးကူးစက်ခံရသူများကို ၎င်းတို့၏နေအိမ်များတွင် သီးသန့်ခွဲခြားစောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ဆိုစီဒက်ဂိုးသမား ရေမီရိုမှာမူ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲတာဝန်ရှိသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရပ်နားထားရသည့် ရာသီလက်ကျန်ပွဲစဉ်များ ကို ဇွန် (၂၀)ရက်နေ့တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိအခြေအနေကြောင့် ပြိုင်ပွဲပြန်လည်ကျင်းပရေးမှာ အခက်အခဲများရှိလာနိုင်ကြောင်း စပိန်မီဒီယာများက ဖော်ပြ ခဲ့ကြသည်။