စီးရီးအေကလပ် အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့က သမိုင်းဝင် ဆန်စီရိုကွင်းကိုမဖြိုချဘဲ ယူရို ၁ ဒသမ ၂ ဘီလီယံ အကုန်အကျခံ၍ ပြင်ဆင်တည်ဆောက်မည့် ကွင်းသစ်စီမံကိန်းအတွက် ဒီဇိုင်းပုံစံနှစ်ခုကို မေ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အင်တာမီလန်နှင့် အေစီမီလန်အသင်း သည် မီလန်မြို့တော်စည်ပင်သာယာအဖွဲ့က ပိုင်ဆိုင်သည့် ဆန်စီရိုကွင်း (Stadio Giuseppe Meazza)ကို ဖြိုချ၍ ပရိသတ် ၆၀ç၀၀၀ ဝင်ဆံ့သည့် မော်ဒန်ကွင်းသစ်တစ်ခုတည် ဆောက်ရန် လွန်ခဲ့သည့် တစ်နှစ်ကျော်က သဘောတူညီမှုရရှိခဲ့သော်လည်း ဆုံးဖြတ်ချက်ပြင်ဆင်၍ ပြင်ဆင်တည်ဆောက်ရန်သာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကွင်းသစ်စီမံကိန်း ဒီဇိုင်းနှစ်ခုကို Populous နှင့် Manica/Sportium ဗိသုကာကုမ္ပဏီတို့က ရေးဆွဲပေးထားပြီး မီလန်စည်ပင်သာယာအဖွဲ့နှင့် မြို့ တော်ကောင်စီတို့က သတ်မှတ်ထားသည့် အခြေအနေ ၁၆ မျိုးနှင့်ကိုက်ညီစေရန် ရေးဆွဲထားကြောင်း သိရသည်။
ကွင်းသစ်စီမံကိန်း အကြိုပြင်ဆင်မှုစာရွက်စာတမ်းများကို မီလန်စည်ပင်သာသာအဖွဲ့ထံ တင်ပြထားပြီး Cathedral နှင့် Rings og Milan ဟု အမည်ရသည့် ဒီဇိုင်းနှစ်ခုအနက် တစ်ခုကို ယခုနွေရာသီတွင် အတည်ပြုရွေးချယ်မည် ဖြစ်သည်။
ဒီဇိုင်းနှစ်ခုစလုံးတွင် ကမ္ဘာ့အဆင့်မီ ကွင်းသစ်နှင့် Sports and Entertainment District ဟု အမည်ရသည့် အားကစားနှင့် ဖျော်ဖြေရေးစင်တာတစ်ခု ထည့်သွင်းတည် ဆောက်မည်ဖြစ်ပြီး တစ်နှစ်ပတ်လုံး အား ကစားနှင့် ဖျော်ဖြေရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်။
ယင်းစင်တာတွင် အပြေးပြိုင်ပွဲပတ်လမ်း၊ စက်ဘီးပတ်လမ်း၊ စကိတ်ဘုတ်ပန်းခြံ၊ ငါးယောက်ဘောလုံးကွင်း၊ အားကစားခန်းမ၊ အားကစားပြတိုက်စသည့် ရုံတွင်းရုံပြင်အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး မီလန်မြို့ခံနှင့် ဆန်စီရိုဧရိယာအနီးတစ်ဝိုက်ရှိ နိုင်ငံသားများအတွက် ဝင်ကြေးအခမဲ့ သတ်မှတ်ပေးထားမည်ဖြစ်သည်။

ထို့ပြင် စျေးဆိုင်များ၊ ရုပ်ရှင်ရုံ နှင့် စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်သလို သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီစေရန် အစိမ်းရောင်ဖုံးလွှမ်းမှုဧရိယာကို စတုရန်း မီတာ ၁၀၆,၀၀၀ (လက်ရှိ စတုရန်းမီတာ ၅၆,၀၀၀ ၏ နှစ်ဆနီးပါး) အထိ တိုးမြှင့်ဖန်တီး ပေးမည်ဖြစ်ကြောင်း သိရသည်။
မီလန်မြို့ခံနှစ်သင်း ပူးတွဲအိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဆန်စီရိုကွင်းကို ၁၉၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး သက်တမ်း ၉၄ နှစ်ကြာမြင့်နေပြီ ဖြစ်သည်။
စတင်ဖွင့်လှစ်ချိန်မှ ၁၉၃၅ ခုနှစ်အထိ အေစီမီလန်အသင်းက ပိုင်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မီလန်စည်ပင်သာယာအဖွဲ့က လွှဲပြောင်းရယူကာ ၁၉၄၇ ခုနှစ်မှစ၍ အင်တာမီလန်အသင်းနှင့်အတူ ပူးတွဲအိမ်ကွင်းအဖြစ် လက်ခံကျင်းပခဲ့ပြီး ပရိသတ် ၇၅,၉၂၃ ဦး ဝင်ဆံ့ကြောင်း သိရသည်။















