ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ကွယ်လွန်

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ကွယ်လွန်
Published 7 May 2020
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်သည် ဦးနှောက်အမြှေးပါးရောင်ရောဂါဖြင့် မေ ၆ ရက် နံနက်က စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် ကိုယ်စားလှယ်အချို့၏ ပြောကြားချက်အရ သိရသည်။

ဦးကျော်ကျော်သည် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ဦးကျော်ကျော်သည် ၂၀၁၅  အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ပါတီမှ နုတ်ထွက်ကာ ရခိုင့်ဦးဆောင်ပါတီသို့ ဝင်ရောက်ကာ ပါတီ၏ ဗဟိုအကြံပေးကောင်စီဝင်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးကျော်ကျော်သည် မြောက်ဦးမြို့ တောင်ရပ် (ဘီအိုစီရပ်ကွက်) ဇာတိဖြစ်ပြီး ဥပဒေဘွဲ့ရတစ်ဦးဖြစ်ကာ အငြိမ်းစားအထက်တန်းပြ ကျောင်းဆရာတစ်ဦးလည်း ဖြစ်သည့်အပြင် ၎င်းကွယ်လွန်မှုအပေါ် ရခိုင့်ဦးဆောင်ပါတီက ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

မေ ၂ ရက်ကလည်း ရန်ကုန်တိုင်းဒေသ ကြီးမဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာဌေးကြွယ် ကွယ်လွန်ခဲ့ရာ မေပထမပတ်အတွင်း ကွယ်လွန်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးရှိခဲ့ပြီး ကိုယ်စားလှယ်နှစ်ဦးစလုံး ကွယ်လွန်ချိန်တွင် အသက် ၇၀ အရွယ်ရှိပြီ ဖြစ်သည်။ 

မေ ၂ ရက်က ကွယ်လွန်ခဲ့သည့် ဒေါက်တာဌေးကြွယ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး အူမကြီးကင်ဆာနှင့်  အသည်းကင်ဆာရောဂါများဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဌေးကြွယ်သည် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲအနိုင်ရလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။

ရန်ကုန်ဆေးတက္ကသိုလ် (၁) ရန်ကုန် တွင် ပညာသင်ကြားခဲ့ပြီး ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာဌေးကြွယ်သည် မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်၊ မြောက်ဥက္ကလာပမြို့နယ် လူမှုအထောက်အကူပြု ကျန်းမာရေးတာဝန်ခံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါက်တာဌေးကြွယ်သည် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်ပြီး ဦးကျော်ကျော်သည် အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင်ဖြစ်ကာ ကွယ်လွန်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent