ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး Mask ကမ်ပိန်းပြုလုပ်မှု လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် ဝေဖန်မှုများ ရှိခဲ့သည်။
တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆောင်၍ ပြုလုပ်ပြီး ရှမ်းတောင် မြို့နယ်ပေါင်း ၂၁ မြို့နယ်တွင် တပြိုင်နက်ထဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကြီးမြို့ မီးပုံးပျံကွင်းအပေါက်ဝ တွင် မေ ၇ ရက် နံနက် ၇ နာရီတွင် စတင်၍ ကမ်ပိန်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ စသဖြင့် အဖွဲ့အစည်းပေါင်းစုံတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အဝေရာ ကုန်းသာယာ ကွင်းဘေးရှိ လမ်းမပေါ်တွင် ရောင်းချနေသော ယာယီပျံကျ စျေးသည်များနှင့် စျေးဝယ်သူများအား Mask ပေးဝေခြင်း၊ လက်ဆေးရည်၊ အသိပညာပေး လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်၊ ပင်လုံ၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်ဖြစ်၊ အင်တော၊ ရပ်စောက် ၊ နမ့်စန်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ရွာငံ၊ ပင်းတယ၊ အေးသာယာ၊ လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန် စသည့် မြို့များတွင်လည်း Mask ကမ်ပိန်းများ တစ်ပြိုင်နက်ပြုလုပ်ခဲ့သည်။

ထို့ပြင် ရှမ်းအရှေ့နှင့် ရှမ်းမြောက်တို့တွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“တောင်ကြီးမြို့သူမြို့သားတွေကစပြီး Mask ကိုစနစ်တကျ တပ်နိုင်ဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ ပရဟိတ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ပြည်သူတွေကို Mask တွေ ပေးဝေတာ ဖြစ်ပါတယ်။ ရဲဘော်စျေးတို့ စဝ်စံထွန်းစျေးတို့၊ မြို့မစျေးတို့ ပါမိုးနဲစျေးတို့ ကမ္ဘောဇစျေးတို့ အစရှိတဲ့ စျေးတွေမှာရှိတဲ့ စျေးသူစျေးသားများ အပြင် စျေးဝယ်များကိုလည်း ဝေးပါတယ်။ မျက်နှာဖုံးက တစ်ခါထဲ ပေးနိုင်တာ၊ အဓိက ပေးချင်တာက ပညာ ကျန်းမာရေးပညာကို အဓိက ပေးချင်တာပါ။ လက်ဆေးသင့်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အကွာအဝေး ခြောက်ပေ ဒါတွေကို အဓိက ပညာပေးချင်တာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသည်။

ထိုသို့ ကမ်ပိန်းပြုလုပ်ရာတွင်လည်း Social Distancing ကို လိုက်နာဆောင်ရွက်ပေးကြရန်၊ တစ်ယောက်နှင့် တစ်ယောက် ခြောက်ပေခွာပြီး လူစုလူဝေး မဖြစ်ပေါ်စေရေးကို အထူးသတိထား ဆောင်ရွက်ပေးကြပါရန် သတိပေး နှိုးဆော်ထားပြီး၊ ပရဟိတ အသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ ဌာနဆိုင်ရာများ အားလုံးပူးပေါင်း ပါဝင်ပေးကြရန် တိုက်တွန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။
ယင်းသို့ ပြောကြားမှုများ ရှိခဲ့သော်လည်း လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သဖြင့် တောင်ကြီးမြို့ခံအချို့က လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ရက် စာမျက်နှာတွင် ပြန်လည် တောင်းပန်ခဲ့ရသည်။

“ရှမ်းအစိုးရကိုယ်စား တောင်းပန်အပ်ပါသည်။ ဒီကနေ့ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း မုဉ်ဦးအဝမှာ Mask Cmapaign ပြုလုပ်ရန်အတွက် အခမ်းအနား ကျင်းပခဲ့ပါတယ်။ အခမ်းအနား ကျင်းပတဲ့အချိန်မှာ လူစုလူဝေး ပုံသဏ္ဍာန် ဖြစ်သွားခဲ့ပါတယ်။ Mask Campaign လုပ်တဲ့အချိန်မှာတော့ လှုပ်ရှားသူတွေသည် ခပ်လှမ်းလှမ်းမှနေပြီး ပြန်လည်လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။ ဒီလိုကျင်းပရာမှာ social distancing ကို ချိုးဖောက်သကဲ့သို့ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်လည်းရှမ်း အစိုးရ mask campaign လှုပ်ရှားမှုသည် သတ်မှတ်ထားတဲ့ social distancing ကိုချိုးဖောက်တယ်လို့ လှုမှုကွန်ရက်ပေါ်တွင်ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပါသည်။ အဲဒီလို ဝေဖန်မှုများကိုလည်း လေးစားစွာ လက်ခံယူသည့် အတွက်လည်း လေးစားစွာ တောင်းပန်အပ်ပါသည်။ ဖြစ်စဉ်အမှန်ကတော့ နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုတွင် ပါဝင်လာကြတဲ့ ပရဟိတအဖွဲ့စုံများ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေတဲ့အဖွဲ့များ၊ ဆေးတက္ကသိုလ်မှ ပါချုပ်နှင့် ဆရာမများ၊ ကျောင်းသား/သူများ၊ လက်ဆေးရည်ဝေတဲ့ အဖွဲ့များသည် မထင်မှတ်လောက်အောင်ပင် အများအပြား တက်ကြွစွာ ပါဝင်လာကြပါတယ်။ ဒါ့အပြင်ဌာနဆိုင်ရာများ၊ မီးသတ်၊ ရဲ အစရှိသည့် အဖွဲ့ဝင်များကလည်း ပါဝင်ခဲ့ကြသည့်အတွက် ရုတ်တရက် လူစုခွဲဖို့ အခက်အခဲ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျနော်အနေနဲ့ လှုပ်ရှားမှုတွင် ပါဝင်လာကြသူများ အားလုံးကို Mask Campaign လှုပ်ရှားတဲ့နေရာမှာ မိမိသည် စေတနာနဲ့ ဆောင်ရွှက်ပေးတာ မှန်သော်လည်းပဲ လူစုလူဝေးဖြစ်အောင် လုပ်ဆောင်သလို ဖြစ်သွားခဲ့ရင် စေတနာကနေ ဝေဒနာပေးသလို ဖြစ်နိုင်တဲ့အတွက် Social Distancing ကိုလိုက်နာပေးဖို့ မိုက်ကရိုဖုန်း၊ အော်လန်တို့ဖြင့် ဆော်သြော်ခဲ့ပါတယ်။ တက်ရောက်သူ အားလုံးလည်း ကြားသိပါတယ်။ တတ်နိုင်သလောက် လူစုခွဲ ချဲ့ပေးကြပေမဲ့လည်း အခမ်းအနားအချိန်မှာတော့ အုပ်စုခွဲရ ခက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် နောက်အပတ် Campaign များတွင် အခမ်းအနား ဖွင့်လှစ်တဲ့ပွဲများ ကျင်းပမည် မဟုတ်တော့ပါ။ အတတ်နိုင်ဆုံး စနစ်တကျဖြစ်အောင် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်ခင်ဗျာ။ ရှမ်းတောင်ရဲ့ Mask Campaign ရဲ့ အားနည်းချက်များအပေါ် အတွေ့အကြုံ သင်ခန်းစာယူပြီး ရှမ်းမြောက်၊ ရှမ်းအရှေ့တို့တွင် အကောင်းဆုံး စီမံ၊ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပန်ကြားအပ်ပါသည်” ဟု ဦးစိုးညွန့်လွင်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ Mask ကမ်ပိန်းကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် တစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ပြောကြားသည်။















