ဘရူနိုဖာနန်ဒက်စ်၏အပြောင်းအရွှေ့တွင် စပို့တင်းလစ္စဘွန်းထံမှ ပေါင်လေးသန်းရရှိရေးအတွက် အသင်းဟောင်း ဆမ်ဒိုးရီးယားက တိုင်ကြားသဖြင့် FIFA စုံစမ်းစစ်ဆေး

ဘရူနိုဖာနန်ဒက်စ်၏အပြောင်းအရွှေ့တွင် စပို့တင်းလစ္စဘွန်းထံမှ ပေါင်လေးသန်းရရှိရေးအတွက် အသင်းဟောင်း ဆမ်ဒိုးရီးယားက တိုင်ကြားသဖြင့် FIFA စုံစမ်းစစ်ဆေး
Published 7 May 2020

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၏ အပြောင်းအရွှေ့တွင် စပို့တင်းလစ္စဘွန်းအသင်းထံမှ ပေါင်လေးသန်းရရှိရေးအတွက် အသင်းဟောင်း ဆမ်ဒိုးရီးယားက တိုင်ကြားသဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သည့် ပေါ်တူဂီလက်ရွေးစင်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ရာသီဝက်အပြောင်းအရွှေ့ကာလမပြီးဆုံးမီ ဇန်နဝါရီ ၂၉ ရက်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ငါးနှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။

မန်ယူအသင်းသည် ၎င်းအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်း (ယူရို ၅၅ သန်း) ပေးချေခဲ့ရပြီး တစ်ဦးချင်းနှင့် အသင်းလိုက်အောင်မြင်မှု၊ ပွဲကစားခွင့်၊ သွင်းဂိုးစသည့် အချက်များအပေါ်မူတည်၍ Add-ons ကြေး ပေါင် ၂၁ သန်း (ယူရို ၂၅ သန်း) ပေးချေရမည်ဖြစ်သောကြောင့် ၎င်း၏တန်ဖိုးမှာ ပေါင် ၆၈ သန်း (ယူရိုသန်း ၈၀) အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် ၎င်းအား ပြန်လည်ရောင်းချပါက ပြောင်းရွှေ့ကြေး၏ ၁၀ ရာခိုင်နှုန်းကို အမြဲခံစားခွင့်ရမည်ဖြစ်ကြောင်း မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

၂၀၁၆- ၂၀၁၇ ရာသီတွင် တစ်နှစ်ကြာကစားခဲ့ဖူးသည့် စီးရီးအေကလပ် ဆမ်ဒိုရီးယားအသင်းကလည်း ၂၀၁၇ ခုနှစ် နွေရာသီ၌ စပို့တင်းလစ္စဘွန်းအသင်းထံရောင်းချစဉ်က အနာဂတ်တွင် ပြောင်းရွှေ့ကြေး၏ ၁၀ ရာခိုင်နှုန်း ခံစားခွင့်ရရန် ထည့်သွင်းချုပ်ဆိုထားသည်ဟုဆိုကာ ပေါင်လေးသန်းရရှိလိုသဖြင့် FIFA ထံ တိုင်ကြားထားခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ FIFA ၏ ပြောရေးဆိုခွင့်ရှိသူက ''၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်မှာ အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းက ပေါ်တူဂီကစားသမား ဘရူနိုမီဂွယ်ဘော်ဂတ်စ်ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ နဲ့ပတ်သက်ပြီး စာချုပ်ပါသဘောတူညီမှုအရ ငွေကြေးရရှိရေးအတွက် ပေါ်တူဂီကလပ် စပို့တင်းအသင်းကို FIFA ထံ တိုင်ကြားထားတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရလဒ်ကိုထပ်ပြီး ပြောကြားသွားဖို့မရှိပါဘူး''ဟု အတည်ပြု ပြောကြားသည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းသို့ စတင်ရောက်ရှိစဉ်မှာပင် အချိန်တိုအတွင်း အထိုင်ကျသွားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ငါးပွဲကစား နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု သုံးကြိမ်၊ ယူရိုပါလိဂ်ပြိုင်ပွဲ၌ သုံးပွဲကစား တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ်နှင့် FA ဖလားပြိုင်ပွဲ၌ တစ်ပွဲ ပါဝင်ကစားထားကြောင်း သိရသည်။

ယင်းကဲ့သို့ စွမ်းဆောင်မှုများကြောင့် ဘရူနိုဖာနန်ဒက်စ်အနေဖြင့် ဖေဖော် ၀ါရီအတွက် ပရီးမီးယားလိဂ်နှင့် မန်ယူအသင်းက ချီးမြှင့်သည့် တစ်လတာအကောင်းဆုံးကစားသမားဆု နှစ်ခုစလုံး ဆွတ်ခူးရယူနိုင်ခဲ့သည်။

မန်ယူအသင်းမှာလည်း ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားသည်။

 

 

Most Read

Most Recent