Facebook ပေါ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆဲဆိုသည့် Live လွှင့်ခြင်းနှင့် ပို့စ်များ ရေးသားသည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ရှေ့နေ တစ်ဦးအား ပုဒ်မ ၆၆ (ဃ)၊ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်

Facebook ပေါ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆဲဆိုသည့် Live လွှင့်ခြင်းနှင့် ပို့စ်များ ရေးသားသည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ရှေ့နေ တစ်ဦးအား ပုဒ်မ ၆၆ (ဃ)၊ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်
Published 6 May 2020
မောင်အေး (ပဲခူး)

COVID-19 ရောဂါကြောင့် စက်ရုံများ ပိတ်သိမ်းပေးရေးကိစ္စနှင့် ပတ်သက်၍ Facebook ပေါ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆဲဆိုသည့် Live လွှင့်ခြင်းနှင့် ပို့စ်များ ရေးသားသည်ဟုဆိုကာ ပဲခူးမြို့မှ တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ပြည်သူ့ပါတီမှ ရှေ့နေ တစ်ဦးတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အပြင် အစိုးရအဖွဲ့အပေါ် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့်ပါ အမှုဖွင့်ထားကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ COVID-19 ရောဂါ ကူးစက်မည်ကို စိုးရိမ်သဖြင့် သင်္ကြန်ပိတ်ရက်များ ပြန်ဖွင့်ချိန် ဧပြီ ၂၀ ရက်မှစ၍ စက်ရုံများကို ဧပြီ ၃၀ ရက်အထိ ယာယီ ပိတ်ထားပေးရန် ပဲခူးမြို့ရှိ စက်ရုံအလုပ်သမားများက ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ တောင်းဆိုမှုတွင် အလုပ်သမားများဘက်မှနေ၍ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုလင်းနိုင်နှင့် ကိုနိုင်နိုင်အောင်တို့က ဦးဆောင်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဧပြီ ၂၃ ရက်တွင် ပဲခူးမြို့ရှိ PPE ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ထုတ်လုပ်သော KM စက်ရုံရှိ အလုပ်သမား ၅၀၀ ခန့် ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွင်လည်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အား ဆဲဆိုခြင်းများကို Live လွှင့်ခြင့်နှင့် Facebook စာမျက်ပေါ်တွင် နေ့စဉ်ဖော်ပြမှုများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

"စက်ရုံရှေ့မှာ ဆူပူအုံကြွအောင် လုပ်တယ်။ အဓိကတော့ Live လွှင့်တယ်။ ပြီးတော့ ဝန်ကြီးချုပ်နဲ့ အစိုးရကို ဆဲတယ်။ ပြည်ထောင်စုအစိုးရကို ဆဲတယ်။ ပြီးတော့ အလုပ်သမားတွေ ထွက်လာအောင်၊ ဆူပူအောင် ဖန်တီးတယ်။ သမ္မတလည်း ပြောပါတယ်။ စက်ရုံအလုပ်ရုံတွေရှေ့မှာ ဆူပူအောင်လုပ်ရင် အရေးယူမှာဆိုတဲ့ အကြောင်းကို ဒီမှာတော့ တရားစွဲမှာ နှစ်ယောက်၊ သုံးယောက်လောက် ရှိပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။

ရဲမှတ်တမ်းတွင်မူ ​ဧပြီ ၂၂ ရက်နေ့က Naing Naing Aung အကောင့်တွင် "ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘာလုပ်နေလဲ" ခေါင်းစဉ်ဖြင့် လိုက်လွှင့်၍ လည်းကောင်း၊ Lin Naing အကောင့်တွင် "အသည်းပေါက်တယ် ပဲခူးအစိုးရ မနက်ဖန် စက်ရုံတွေ ဖွင့်ခိုင်းတာ တစ်ခုခုဖြစ်ရင် ဘာတာဝန်ယူမလဲ" ခေါင်းစဉ်ဖြင့် live လွှင့်၍ လည်းကောင်း၊ ဧပြီ ၂၃ ရက်တွင် Naing Naing Aung အကောင့်၌ "ကျုပ်တို့ကို တရားစွဲရင် စွဲပါ။ ခင်များတို့လိမ်တာကို ကမ္ဘာသိအောင် ပြောမယ်။ မနက်ဖန် ဘယ်သူဘာပြောပြော အလုပ်သမားထုကြီး အလုပ်မဆင်းကြနဲ့ ၂ ရက် ၅ လ ၂၀၂၀ မှသာ အလုပ်ဆင်းကြ" စသည့်စာသားများပါသော ပို့စ်များကို Facebook စာမျက်နှာပေါ်တင်၍ ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်က ဧပြီ ၂၉ ရက်နေ့က ပြည်ထောင်စုအစိုးရက စက်ရုံတွေ ပိတ်ရမယ်။ ၃၀ ရက်နေ့မှ ဖွင့်ရမယ်လို့ ထုတ်ပြန်ထားလို့ စက်ရုံတွေ တရားဥပဒေနဲ့မညီပဲ မဖွင့်ဖို့ ကူညီဆောင်ရွက်ခဲ့တာပါ။ မေ ၁၁ ရက်နေ့မှာ ကျွန်တော်သွားပြီး အဖမ်းခံမှာပါ။ ဥပဒေအရ ရင်ဆိုင်သွားမှာပါ" ဟု ကိုလင်းနိုင်က ပြောကြားသည်။

အမှုဖွင့်ခံရသည့် ရှေ့နေမှာ ပြည်သူ့ပါတီမှ အလုပ်သမား၊ လယ်သမားများ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်နိုင်ဝင်းဖြစ်ပြီး ၎င်းအနေဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်ကို ဥပဒေဘောင်အတွင်းမှရရန် လာရောက် တောင်းဆိုပေးခြင်းဖြစ်ပြီး မည်သူ့ကိုမျှ ဆဲဆိုခြင်းမရှိသလို Facebook စာမျက်နှာတွင်လည်း တင်ခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။

"ကျွန်တော်က ပြည်သူ့ပါတီက အလုပ်သမား၊ လယ်သမားအကျိုးဆောင် ရှေ့နေတစ်ဦးပါ။ ကျွန်တော်တို့ကို အမှုဖွင့်တဲ့အကြောင်း အခုထိ ဆက်သွယ်မှု မရှိသေးပါဘူး။ ကျွန််တော်နဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ မဆိုင်ပါဘူး။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို ဥပဒေဘောင်ထဲက ရနိုင်အောင် တောင်းဆိုပေးပါဆိုလို့ လာရောက် တောင်းဆိုပေးတာပါ။ ကျွန်တော်ဘယ်သူ့ကိုမှ မဆဲသလို Live လည်းမတင်ဘူး။ အွန်လိုင်းပေါ်လည်း မတင်ခဲ့ပါဘူး" ဟု ရှေ့နေ ဦးကျော်နိုင်ဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးချက်အရ ဒုရဲမှုးကျော်လွင်မိုး၏ တရားလိုပြုလုပ် တိုင်တန်းချက်ကြောင့် ကိုလင်းနိုင် ၊ကိုနိုင်နိုင်အောင်နှင့် ကိုကျော်နိုင်ဝင်း( ခ) စောကျော်နိုင်ဝင်း သုံးဦးကို ပဲခူးမြို့အမှတ် (၃) နယ်မြေရဲစခန်းတွင် (ပ) ၄၆၅/၂၀၂၀ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားပြီး အစိုးရအဖွဲ့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်း တရားရုံးတွင် ဦးတိုက် လျှောက်ထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း အမှတ် (၂) နယ်​မြေစခန်းမှူး ရဲအုပ်ရဲထွဋ်ကိုက ပြောကြားသည်။

Most Read

Most Recent