ကချင်ပြည်နယ်လွှတ်တော် ပြန်လည် စတင်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံး ခုနစ်ရက် Quarantine ဝင်ရမည် ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ပြောကြားသည်။
လွှတ်တော်မှာ ၃ ရက်ဝန်းကျင် ကြာမြင့်မည်ဖြစ်ပြီး ဆေးစစ်ချက်နှင့် သတင်းရယူခွင့် အခြေအနေများကိုလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များတွင် ကျင့်သုံးသည့်မူအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဥက္ကဋ္ဌ ဦးထွန်းတင်က ပြောကြားသည်။
“ အကြောင်းကြားတာကတော့ လုပ်ပြီးပါပြီ။ မေလ ၁၀ ရက်မှာ အားလုံး Quarantine ဝင်ရမယ်။ အဓိကတော့ ဘတ်ဂျက်အတွက် ဆွေးနွေးမှာ ဖြစ်တဲ့အတွက် လူစုလူဝေးနဲ့ အချိန်အကြာကြီး မလုပ်ပါဘူး။ အလွန်ဆုံး သုံးရက်ပါပဲ။ လွှတ်တော်ကို ရက်ရွှေ့ဖို့ တောင်းဆိုတာမျိုးလည်း မရှိပါဘူး”ဟု ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ပြောကြားသည်။
ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ ခွင့်ပြုချက်မရှိဘဲ ခရီးထွက်ခဲ့သည့် ဖြစ်စဉ်ရှိနေပြီး ၎င်းအနေဖြင့် ပိတ်မိနေသဖြင့် အစည်းအဝေးသို့ တက်ရောက်နိုင်မည် မဟုတ်ပေ။
အင်ဂျန်းယန် မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်မရန်ဂျာဆိုင်းခေါန်မှာ လက်ရှိတွင် သြစတြေးလျနိုင်ငံတွင် ပိတ်မိနေပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ပြောကြား သည်။
“ သွားတာက မတ်လ ကတည်းက သွားတာပေါ့။သူတော့ လာတက်လို့ မရတော့ဘူး။ လွှတ်တော်ကနေ ခွင့်ပြုချက် တစ်စုံတစ်ရာ မယူသွားတော့ အရေးယူဖို့ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကလည်း ညွှန်ကြားတာ ရှိပါတယ်။ ဘယ်လိုအရေးယူမလဲ ဆိုတာကတော့ လွှတ်တော်ပိုင်းက တစ်ပိုင်းပေါ့။ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ ကျန်းမာရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းက တစ်ပိုင်းပေါ့။ ဘယ်လို ဆောင်ရွက်မယ် ဆိုတာတော့ ကျွန်တော်တို့ မသိသေးဘူး”ဟု ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်မှာ လွန်ခဲ့သည့် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရေး အရေးကြီးအဆို တင်သွင်းရန် ကြိုးစားခဲ့သူ ဖြစ်သည်။
ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က လွှတ်တော်ဥပဒေဆိုင်ရာ ပုဒ်မ ၁၂၂ အပိုဒ်ခွဲ ၂ အရ လောလောဆယ် ပေါ်ပေါက်လာသော ကိစ္စဖြစ်ခြင်း၊ အရေးတကြီးဆိုင်သော ကိစ္စဖြစ်ခြင်း၊ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူရန်လိုအပ်သောကိစ္စဖြစ်ခြင်း စသည့်အချက်များကို ကြည့်ကာ အဆိုအား ပယ်ချခဲ့သည်။
သတင်းသမား သတင်းရယူခွင့်နှင့် ပတ်သက်၍ မေ ၁၀ ရက်တွင် အကြောင်းကြားရန် လိုအပ်ပြီး Quarantine အဆောက်အဦးများ ပြင်ဆင်ထားကြောင်း၊ ကျေးရွာ၊ ရပ်ကွက်အတွင်း နေအိမ်တွင် နေထိုင်မည် ဖြစ်ပါက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်၊ မြို့နယ်ကျန်းမာရေး ထောက်ခံချက်များဖြင့် လာရောက် သတင်းရယူနိုင်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူး ဦးလှဦးက ပြောကြားသည်။
ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တစ်ခုံခြား ထိုင်ကြရမည်ဖြစ်ပြီး စောင့်ကြည့်လေ့လာရေးအဖွဲ့များကို တားမြစ်ထားကြောင်း သိရသည်။















