China Foundation for Peace and Development မှ မြန်မာနိုင်ငံအစိုးရထံသို့ တရုတ်ယွမ်ငွေ ၅၅ သိန်း တန်ဖိုးရှိ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်း

China Foundation for Peace and Development မှ မြန်မာနိုင်ငံအစိုးရထံသို့ တရုတ်ယွမ်ငွေ ၅၅ သိန်း တန်ဖိုးရှိ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်း
Published 6 May 2020

China Foundation for Peace and Development မှ မြန်မာနိုင်ငံအစိုးရထံသို့ တရုတ်ယွမ်ငွေ ၅၅ သိန်း တန်ဖိုးရှိ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

China Foundation for Peace and Development (CFPD) မှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သော COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေ ၅ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။

လှူဒါန်းသည့်ပစ္စည်းများမှာ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (Surgical Masks) ၁၅၂၀၀၀၀၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ၃၉၀၀၊ ရောဂါကာကွယ်ရေးမျက်မှန် (Medical Eye Shields) ၁၀၀၀၀၊ အပူချိန်တိုင်းကိရိယာ (Non-Contact Infrared Thermometer) ၁၀၀၀ တို့ဖြစ်ပြီး စုစုပေါင်း တရုတ်ယွမ်ငွေ ၅၅ သိန်း တန်ဖိုးရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ သံမှူး Mr. Lin Tao ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ CFPD မြန်မာနိုင်ငံရုံးခွဲမှတာဝန်ရှိသူ Mr. WenDesheng နှင့် Shanghai Pengxin Group Co., Ltd. ရန်ကုန်ရုံးခွဲမှ အထွေထွေမန်နေဂျာ Mr. Zhang Zhiqing တို့ တက်ရောက်ခဲ့ကြသည်။

သံအမတ်ကြီး Mr. Chen Hai က တရုတ်- မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းလှကြောင်း၊ နှစ်ဦးနှစ်ဖက်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း၌ အပြန်အလှန်ထောက်ခံအားပေးပြီး ကူညီကြကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် လူမှုနယ်ပယ်အသီးသီးသည် တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားချိန်၌ တက်တက်ကြွကြွ လှူဒါန်းကူညီပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လတ်တလောကာလအတွင်း မြန်မာနိုင်ငံသို့ ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများစွာ ထောက်ပံ့ပေးခဲ့ပြီး ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို စေလွှတ်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံများမျှဝေပေးပြီး မြန်မာနိုင်ငံအစိုးရကို ကူညီ၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်စွမ်း မြင့်မားလာအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ CFPD သည် COVID-19 တိုက်ဖျက်ရေးအတွက် ပိုးလမ်းမတစ်လျှောက် အရပ်ဘက်အဖွဲ့အစည်းများ လက်တွဲပူးပေါင်းဆောင်ရွက်မှုကို တက်တက်ကြွကြွဖော်ဆောင်၍ မြန်မာနိုင်ငံအစိုးရထံ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ရာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ရောဂါကာကွယ်ရေးလုပ်ငန်းအတွက် ကူညီထောက်ပံ့သည့် နောက်ထပ်အရေးပါလှုပ်ရှားမှု တစ်ခုပင်ဖြစ်ကြောင်း၊ ယင်းသည် အေးအတူပူအမျှ၊ အပြန်အလှန်ဖေးမကူညီသော တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်၏ အနှစ်သာရကို သက်ဝင်လှုပ်ရှားဖွယ် ဖော်ပြနေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်မှုရရှိအောင် ဆက်လက်ကူညီပေးပြီး ရောဂါကို အတူတကွ အနိုင်ယူတိုက်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးတို့က မြန်မာနိုင်ငံ အစိုးရကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအရေးပေါ် လိုအပ်လျက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါပစ္စည်းများကို အရေးပေါ်လိုအပ်လျက်ရှိသည့် နေရာများသို့ အမြန်ဆုံးပေးပို့ပြီး ထိရောက်စွာအသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“COVID-19 တိုက်ဖျက်ရေးအတွက် ပိုးလမ်းမတစ်လျှောက် အရပ်ဘက်အဖွဲ့အစည်းများ လက်တွဲပူးပေါင်းဆောင်ရွက်မှု” ကို China NGO Network for International Exchanges က “ပိုးလမ်းမတစ်လျှောက် အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု” လှုပ်ရှားမှုမူဘောင်အောက်၌ စတင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရည်ရွယ်ချက်မှာ ပြည်တွင်းလူမှုအဖွဲ့အစည်း စသည့် အရပ်ဘက်အင်အားများ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု၌ ပါဝင်လာမှုကို တွန်းအားပေးရန် ဖြစ်သည်။ ယခုအကြိမ်လှူဒါန်းမှုကို CFPD မှ ဖော်ဆောင်ပြီး Tencent Foundation၊ Shanghai PengxinGroup Co., Ltd၊Fudian Bank Co.,Ltd တို့မှ အတူတကွ ငွေကြေးစိုက်ထုတ်ကာ ယူနန်ပြည်နယ်သက်ဆိုင်ရာဌာနများ၏ ကူညီမှုများလည်း ရရှိခဲ့သည်။

CFPD သည် မြန်မာနိုင်ငံ၌ ပြည်သူ့အကျိုးပြုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ရေးကို အလေးထားကြောင်း၊ ၁၀ နှစ်တာ ကာလအတွင်း၌ စုစုပေါင်းတရုတ်ယွမ်ငွေ သိန်း ၃၀၀ နီးပါးအသုံးပြု၍ ကျန်းမာရေး၊ ပညာရေး၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စသည့်နယ်ပယ်များစွာ၌ ပြည်သူ့အကျိုးပြုစီမံကိန်းများစွာ ဖော်ဆောင်ခဲ့ပါသည်။