အာဆင်နယ်အသင်းမှာ ကစားသမားများရောင်းထုတ်ကာ ရည်မှန်းချက်မဲ့လာပြီး အူဘာမီယန်းကိုလည်း ရောင်းထုတ်လိမ့်မည်ဟု တိုနီအဒမ် မှတ်ချက်ပြု

အာဆင်နယ်အသင်းမှာ ကစားသမားများရောင်းထုတ်ကာ ရည်မှန်းချက်မဲ့လာပြီး အူဘာမီယန်းကိုလည်း ရောင်းထုတ်လိမ့်မည်ဟု တိုနီအဒမ် မှတ်ချက်ပြု
Published 4 May 2020

 

အာဆင်နယ်အသင်းခေါင်း ဆောင်ဟောင်းတစ်ဦးဖြစ်သူ တိုနီအဒမ်က အာဆင်နယ်အသင်းမှာ ယနေ့ ခေတ်ကာလတွင် ကစားသမားများရောင်းထုတ်ကာ ရည်မှန်းချက်မဲ့သည့် အသင်းတစ်သင်းဖြစ်လာပြီး လက်ရှိအသင်းခေါင်းဆောင် အူဘာမီယန်းကို လည်း ရောင်းချလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း အာဆင်နယ်အသင်းသည် ဗန်ပါစီ၊ နာ ဆရီ၊ ဆန်းချက်ဇ် အစရှိသော အဓိကကစားသမားများကို ပြိုင်ဘက်အသင်းများသို့ ရောင်းချခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကလည်း အဓိကကွင်းလယ်လူ ရမ်ဆေးမှာ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ 

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ရရှိခဲ့သည့် အူဘာမီယန်းသည် အာဆင်နယ်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသော်လည်း လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်လျက်ရှိနေသည်။ 

တိုနီအဒမ်က Sky Sports သတင်းဌာနသို့ ''သူ (အူဘာမီယန်း) အသင်းက ထွက်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်တိုင်းကစားချင်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော်တို့ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာတော့ ကစားသ မားကောင်းတွေကို ပုံမှန်ရောင်းချနေတဲ့ ကလပ်အသင်းဖြစ်လာခဲ့ပါပြီ။ တကယ်လို့ ကျွန်တော်သာ အာဆင်နယ်နည်းပြဖြစ်နေမယ်ဆိုရင်တော့ သူ့ကို ဘယ်စျေးနဲ့မှမရောင်းဖို့ ကလပ်အသင်းကို ပြောမိမှာပါ''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent