ပဲခူးအကျဉ်းထောင်အတွင်း မေ ၁ ရက် နံနက်ပိုင်းက အကျဉ်းသားလေးဦးအဖွဲ့နှင့် အကျဉ်းသား ၁၀ ဦးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားရာတွင် ၁၀ ဦးအဖွဲ့က သံချွန်များဖြင့်ဝိုင်းထိုးသောကြောင့် လေးဦးအဖွဲ့မှ နှစ်ဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ယင်းဖြစ်စဉ်တွင် အဓိက တာဝန်ရှိသူမှာ အကျဉ်းထောင်ဝန်ထမ်းများသာ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။
“အခုလို အကျဉ်းထောင်ထဲမှာ ခိုက်ရန်ဖြစ်တာတွေ၊ လက်နက်တွေရောက်ရှိတာတွေက အကျဉ်းဦးစီးနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေမှာ တာဝန်ရှိပါတယ်။ အကျဉ်းသားတွေ ထိန်းကွပ်တာ အကျဉ်းဦးစီးတာဝန်ပါ။ အခုလိုဖြစ်နေတာ အကျဉ်းဦးစီးဌာနရဲ့ ညံ့ဖျင်းမှုပါပဲ။ အခုလိုဖြစ်လာရင် ပြည်ထဲရေးအပေါ်မှာ ပြည်သူက အမြင်စောင်းလာမယ်။ နဂိုကတည်းက ပြည်ထဲရေးကို ပြည်သူတွေ အယုံအကြည်မရှိတာ။ ဒါတွေကို အကျဉ်း ဦးစီးဌာနက ပြုပြင်သင့်တယ်။ အခုကြားနေရတာ အကျဉ်းထောင်ထဲမှာ မူးယစ်ဆေး တွေ့တယ်တို့၊ မြေကြီးထဲမှာ မြှုပ်ထားတာတို့ ဒီထောင်ထဲကို မူးယစ်ဆေးရောက်ဖို့ဆိုတာ ထောင်မှာရှိတဲ့သူတွေ စိစစ်မှုအားနည်းတာလား။ သူတို့ပါ အလိုတူအလိုပါ ဖြန့်ဖြူးနေသလားဆိုတာ ဝေခွဲရခက်နေပါတယ်” ဟု ဦးညွန့်ရွှေက ပြောကြားသည်
ဖြစ်စဉ်မှာ မေ ၁ ရက် နံနက် ၇ နာရီခွဲ ခန့်က ပဲခူးအကျဉ်းထောင်အတွင်းရှိ နေ လင်းထက် (၂၇ နှစ်)၊ အဘ ဦးအောင်စိုး၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၂၃ /၃၂၄ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ်ကျခံနေရ သူ (ပဲခူးမြို့နေသူ) ပါ အကျဉ်းသားလေးဦး အဖွဲ့နှင့် ဇိုင်းမြောက်ရပ်ကွက် ပဲခူးမြို့၌ နေ ထိုင်ခဲ့သော ခင်မောင်ထွေး (ခ) ထွေးထွေး (၄၃ နှစ်)၊ အဘဦးတင်ကြိုင်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၆/၂၉၄/၃၂၃ အပြင် မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့်ပါ အမှုရင်ဆိုင်နေရသူပါ ၁၀ ဦးအဖွဲ့တို့ စကားများပြီး ခိုက်ရန်ဖြစ်ပွားရာ ထွေးထွေးပါ ၁၀ ဦးအဖွဲ့က အရိုးအသွား ကိုးလက်မခန့် သံချွန်နှစ်ချောင်းဖြင့် လည်းကောင်း၊ အရိုးအသွား ခြောက်လက်မခန့် သံချောင်းချွန်ဖြင့် လည်းကောင်း နေလင်းထက်ပါ လေးဦးအား ထိုးခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
“ကျွန်မသား နေလင်းထက်နဲ့ ထွေးထွေးနဲ့က မတည့်ပါဘူး။ အဲဒါကို ထွေးထွေးရှိ တဲ့ အဆောင်ထဲမှာ သွားထားတော့ ထောင်ပိုင်ကြီး ဦးချစ်ကိုကို ကျွန်မသားက အဘ ကျွန်တော့်ကို ထွေးထွေးနဲ့ ခွဲထားပါလို့ ပြော တော့ အဲဒါ မင်းတို့အလုပ်မဟုတ်ဘူး။ ငါ့အလုပ်လို့ ကျွန်မသားကို ပြောပါတယ်။ ကျွန်မ သား ရုံးထွက်တဲ့ ရုံးချိန်းမှာ ကျွန်မသားက ကျွန်မကိုပြန်ပြောတယ်။ အမေ ကျွန်တော့် ကို အဆောင်မပြောင်းပေးဘူး။ ထောင်ပိုင် ကြီးက ပြောတယ်လို့ ကျွန်မသားက ပြန်ပြောပါတယ်။ အဲဒီတော့ ကျွန်မက ထောင်ပိုင်ကြီး ဆီ ဖုန်းဆက်ပြီး အခြေနေကမကောင်းလို့ အဆောင်ပြောင်းပေးဖို့ပြောတော့ ကျွန်တော် ကြည့်ပြီးလုပ်ပေးပါ့မယ်လို့ ပြောတယ်။ အခုလိုပြောထားလျက်နဲ့ မပြောင်းပေးလို့ ကြိုတင်ကြံစည်ပြီး အုပ်စုလိုက်ဝိုင်း လုပ်တာခံရတာပါ။ ထောင်ထဲမှာ ကျွန်မသားကို သံချွန်နဲ့ထိုးတာ ၁၃ ချက်လောက် ဒဏ်ရာရပြီး အရမ်းစိုးရိမ်နေရတယ်။ ဒါတောင် ခံရတဲ့သူကို ထောင်မှူးကြီးက အမှုဖွင့်တာ ခံရတာတော့ အမှန်တရားနဲ့ အရမ်းဝေးကွာပြီး မဖြစ်သင့်ဘူးလို့တော့ ထင်ပါ တယ်။ ကျွန်မတို့လည်း ထပ်ပြီးအဖြေရှာသွားမှာပါ” ဟု သံချွန်ဖြင့်အထိုးခံရသူ ထောင် သား နေလင်းထက်၏မိခင် ဒေါ်ခင်မာချိုက ပြောကြားသည်။
ယင်းသို့ ခိုက်ရန်ဖြစ်ပွားပြီး သံချွန်ဖြင့် ၀ိုင်းထိုးမှုကြောင့် လေးဦးအဖွဲ့မှ ထောင်သား နေလင်းထက်နှင့် ငြိမ်းချမ်းတို့တွင် ထိုးသွင်း ဒဏ်ရာများရရှိ၍ နေလင်းထက်မှာ အသက် အန္တရာယ်စိုးရိမ်ရပြီး ပဲခူးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ထောင်သား ထွေးထွေးပါ ၁၀ ဦးအား (ပ) ၇၉၇/ ၂၀၂၀ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆ / ၃၂၄ /၁၁၄ တို့ဖြင့် လည်းကောင်း၊ နေလင်းထက်ပါ လေးဦးအား (ပ) ၇၉၈/၂၀၂၀ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၉၄/၅၀၆/၁၁၄ တို့ဖြင့်လည်းကောင်း ထောင်မှူးသန်းခိုင်က တရားလိုပြုလုပ်၍ ပဲခူးမြို့မစခန်းတွင် အမှု ဖွင့်ထားကြောင်း သိရသည်။
ပဲခူးအကျဉ်းထောင်အတွင်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူ ထောင်ပိုင်ကြီး ဦးချစ်ကိုအား မီဒီယာများက နှစ်ရက်တိုင် စောင့်ဆိုင်းပြီး သွားရောက်မေးမြန်းရာတွင် အလုပ်မအားသေး၍ လက်ခံ ဖြေကြားနိုင်ခြင်းမရှိကြောင်း ပြန်လည်ပြောကြားသည်။















