ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်ရှိ တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများတွင် သီးသန့်စောင့်ကြည့်လူနာ ၅၀၀ နီးပါးခန့်ရှိနေပြီး စောင့်ကြည့်လူနာလက်ခံမှုများ ဆက်လက်ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်ရှိ တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများတွင် သီးသန့်စောင့်ကြည့်လူနာ ၅၀၀ နီးပါးခန့်ရှိနေပြီး စောင့်ကြည့်လူနာလက်ခံမှုများ ဆက်လက်ဆောင်ရွက်နေ
Published 29 April 2020

 

ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့ရှိ တပ်မတော်၏ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများတွင် ဧပြီ ၂၈ ရက်အထိ သီးသန့်စောင့်ကြည့်လူနာ ၅၀၀ နီးပါးခန့်ရှိနေပြီး စောင့်ကြည့်လူနာများအား လက်ခံမှုများ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းအထိ နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သီးသန့်စောင့်ကြည့်လူနာစုစုပေါင်း ပြည်သူ ၃၉၆ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သီးသန့်စောင့်ကြည့်လူနာ စုစုပေါင်းပြည်သူ ၉၆ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါ စောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့တွင် လက်ခံ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ဧပြီ ၂၈ ရက်တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ နယ်စပ်ဒေသမြို့များဖြစ်သည့် မြိတ်မြို့၊ လားရှိုးမြို့တို့မှ ရောက်ရှိလာသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထပ်မံရောက်ရှိလာကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူ ၆၆ ဦးကိုလည်း ကောင်း၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူ နှစ်ဦးကိုလည်းကောင်း ဧပြီ ၂၈ ရက်တွင် တပ်မတော်က ထောက်ပံ့ပေးသည့် စားသောက်ဖွယ်ရာများ၊ ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး  သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent