ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ၂၀၁၉ ခုနှစ်၌ ၇၂၂၁ ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၇၀၁၂ ဖြစ်လာ

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ၂၀၁၉ ခုနှစ်၌ ၇၂၂၁ ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၇၀၁၂ ဖြစ်လာ
ရန်ကုန်တက္ကသိုလ်အတွင်း မြင်ကွင်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်တက္ကသိုလ်အတွင်း မြင်ကွင်းတစ်ခုကို တွေ့ရစဉ်
Published 27 April 2020
လွင်မျိုးသူ

ရန်ကုန်တက္ကသိုလ်သည် ယခုနှစ်တွင် ကမ္ဘာ့အဆင့် ၇၀၁၂ ၌ ရှိနေကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာနက လက်ရှိအစိုးရ လက်ထက်တွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လေးနှစ်တာ ဆောင်ရွက်ချက်များတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ၌ ၂၀၁၆ ခုနှစ်တွင် ၁၃၀၇၂၊ ၂၀၁၇ ခုနှစ်တွင် ၉၆၁၉၊ ၂၀၁၈ ခုနှစ်တွင် ၈၇၂၆ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ၇၂၂၁ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၇၀၁၂ ၌ရှိနေပြီး အဆင့် ၂၀၉ ဆင့် သတ်မှတ်ခံရခြင်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်သည် အာဆီယံအဆင့်၌ ယခုနှစ်တွင် ၃၂၆ ရှိနေသည်။ ပြည်တွင်းတက္ကသိုလ်များ၌ ရန်ကုန်တက္ကသိုလ်၏ နောက်တွင် မန္တလေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ အစဉ်လိုက်ရှိနေသည်။

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရန်အတွက် မဟာဗျုဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲအကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အဆိုပါ Master Plan အကောင်အထည် ဖော်ဆောင်ရေးအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဦးစီးကော်မတီ (Steerong Committee) နှင့် ပညာအရည်အသွေး မြှင့်တင်ရေးကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်း ရေးကော်မတီ (Hardware Committee) နှင့် ရန်ကုန်တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေးကော်မတီ (University Charter Committee) များ ထပ်မံဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၅ အမျိုးသား ပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်လာရန် လိုအပ်သည့် အချက်များ ဖြည့်ဆည်းနေပြီး မကြာမီအချိန်တွင် ရန်ကုန်တက္ကသိုလ်သည် ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရှိလာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

လက်ရှိတွင် နိုင်ငံတကာ တက္ကသိုလ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်စေရန်နှင့် နိုင်ငံ့အကျိုးပြု အသုံးချသုတေသန လုပ်ငန်းများအတွက် ရန်ကုန်တက္ကသိုလ်၌ သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်မှုများ၊ အသစ်ပြန်လည် ရေးဆွဲမှုများ၊ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် တက္ကသိုလ်အချင်းချင်းပူးပေါင်း ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် Credit အမှတ်လွှဲပြောင်းသည့် စနစ်ကို ပြုလုပ်နေကြောင်း သိရသည်။

 

 

 

Most Read

Most Recent