COVID-19 လူနာ Case-144 သည် အလုပ်ခန်းတစ်ခုတည်းရှိ ဝန်ထမ်းအချို့နှင့် အဆောင်နေသူ အချို့မှလွဲ၍ အခြားစက်ရုံအလုပ်သမားများနှင့် ထ်ိတွေ့ခဲ့ခြင်းမရှိဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

COVID-19 လူနာ Case-144 သည် အလုပ်ခန်းတစ်ခုတည်းရှိ ဝန်ထမ်းအချို့နှင့် အဆောင်နေသူ အချို့မှလွဲ၍ အခြားစက်ရုံအလုပ်သမားများနှင့် ထ်ိတွေ့ခဲ့ခြင်းမရှိဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 26 April 2020
နေဝန်းထက်

COVID-19 လူနာ Case-144 သည် ၄င်း၏ အလုပ်ခန်းတွင်သာ အလုပ်လုပ်ကိုင်သူ ဖြစ်သည့်အတွက် ၄င်းနှင့် အလုပ်ခန်းတစ်ခုတည်းတွင် အတူတကွ လုပ်ကိုင်ခဲ့သူ စက်ရုံဝန်ထမ်းအချို့နှင့် ၄င်းနေထိုင်ခဲ့သည့် အဆောင်ရှိ အခန်း ၁၇ ခန်းတွင် နေထိုင်သူအချို့တို့မှလွဲ၍ အခြားသော စက်ရုံဝန်ထမ်းများနှင့် ထိတွေ့မှု မရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၆ ရက် ညပိုင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Case-144 အလုပ်လုပ်ခဲ့သည့် ချန်းရိဖိနပ်စက်ရုံမှာ လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်တွင် တည်ရှိသည်။

အဆိုပါ စက်ရုံတွင် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားဝန်ထမ်း စုစုပေါင်း ၈၀၀၀ ခန့်ရှိကြောင်း၊ ယင်းစက်ရုံအား ဧပြီ ၂၄ ရက်တွင် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ “အကြံပြုချက်များအတိုင်း ပြုပြင်၍ လုပ်ငန်းလည်ပတ်ရန် သင့်လျော်သည် ဖြစ်ကြောင်း အကဲဖြတ်ချက်ပေးခဲ့ကြောင်း ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှင့် ပတ်သက်၍ ဧပြီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ စစ်ဆေးရာတွင် Case-144 သည် အဆိုပါစက်ရုံရှိ တရုတ်စက်ပြင်ဆရာ၏ စကားပြန်အဖြစ် မတ် ၂ ရက်မှ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ဧပြီ ၁၅ ရက်ထိ လုပ်ကိုင်ခဲ့ကြောင်း၊ ဧပြီ ၄ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းများ ခံစားခဲ့ရသဖြင့် စက်ရုံဆေးခန်း၌ လည်းကောင်း၊ ဧပြီ ၇ ရက်တွင် ပြင်ပ ပုဂ္ဂလိကဆေးခန်းသို့ သွားရောက်ပြသခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 ထို့​​နောက် ဧပြီ ၁၅ ရက်တွင် ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦးနှင့်အတူ ကားဖြင့် ရန်ကုန်မြို့မှ မိုးညှင်းမြို့သို့ နှစ်ဦးတည်း သွားရောက်ခဲ့ပြီး ဧပြီ ၁၆ ရက်၌ မိုးညှင်းမြို့ရှိ သတ်မှတ်ထားသော နေရာတွင် Facility quarantine အဖြစ် ဝင်ရောက်ခဲ့ကာ ဧပြီ ၁၉ရက်တွင် ၄င်းသည် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အစားအသောက် ပျက်ခြင်းတို့ကြောင့် မိုးညှင်းဆေးရုံ  Isolation Ward ၌ ဆေးရုံတက်ခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံသည် ဧပြီ ၁၀ ရက်မှ ၂၄ ရက်ထိ ပိတ်ထားပြီး ဧပြီ ၂၅ ရက်တွင် နေ့ဝက် ပြန်လည် ဖွင့်လှစ်ခဲ့ကာ အလုပ်သမား ၂၀၀၀ ဦးခန့် အလုပ်လုပ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကွင်းဆင်းအဖွဲ့၏ အစီအစဉ်ဖြင့် ဧပြီ ၂၅ ရက်တွင် အဆိုပါ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ရန်ကုန်မြို့ရှိ သတ်မှတ်ထားသော Facility Quarantine သို့ ပို့ဆောင်၍ ရှစ်ဦးတို့ကို ဓါတ်ခွဲနမူနာယူ၍ စစ်ဆေးခဲ့ရာတွင် ဧပြီ ၂၆ ရက် ဓါတ်ခွဲအဖြေများအရ ၄င်းတို့ထံတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း မရှိခဲ့ဘဲ လူနာ သွားလာ နေထိုင်ခဲ့သည့်အဆောင်ကို အသွားအလာကန့်သတ်၍ ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အလားတူ ဧပြီ ၂၆ ရက်တွင် အဆိုပါ လူနာနေထိုင်ခဲ့သည့် အဆောင်ရှိ အခန်း ၁၇ ခန်းတွင် နေထိုင်သူ ၄၅ ဦးနှင့် စက်ရုံမှ နိုင်ငံခြားသားဝန်ထမ်း ရဝ ဦးအား လည်းကောင်း၊ ဧပြီ ၂၇ ရက်တွင် အခြားအနီးကပ် ထိတွေ့ခဲ့သူများထံမှ ဓါတ်ခွဲနမူနာများ ရယူခဲ့ပြီး ဆက်လက် စောင့်ကြည့်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 အဆိုပါ လူနာသည် လွန်ခဲ့သော ၁၄ ရက်အတွင်း COVID-19 ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိခဲ့ဘဲ ဧပြီ ၂၅ ရက် ဓါတ်ခွဲစစ်ဆေးမှု အဖြေများအရ ၄င်းထံတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent