COVID-19 ကူးစက်မြန်ရောဂါကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ/ပြင်ဆင်မှု လာတင်မည့် ရှေ့နေများအနေဖြင့် နေပြည်တော်သို့ ဝင်ခွင့်မရရှိပါက အယူခံတင်မည့်ကိစ္စရပ်များကို နေပြည်တော်ရှိ ရှေ့နေများက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါပိုး တွေ့ရှိထားသည့် ဒေသများမှ နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အမှုအယူခံ/ပြင်ဆင်မှု လာတင်သည့် ရှေ့နေများအနေဖြင့် နေပြည်တော်သို့ ဝင်ရောက်ရန် အခက်အခဲများ ရှိခဲ့သည့်အတွက် ရှေ့နေများဖြင့် တိုင်ပင်ကာ အထက်ပါကဲ့သို့ ကူညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။
၎င်းက “ပြည်က ရှေ့နေမလေး တစ်ယောက်က နေပြည်တော် တရားလွှတ်တော်ချုပ်ကို နေ့ချင်းပြန် အမှုအယူခံကိစ္စ လာတာပေါ့။ တောင်ညိုအဝင်ဂိတ်မှာ သူ့ကိုတားတယ်။ အဲဒီနေ့မှာ တရားလွှတ်တော်ချုပ်ကို လာတဲ့ မန္တလေးက ရှေ့နေတွေလည်း ရှိတယ်။ သူတို့ကိုတော့ လွှတ်ပေးလိုက်တယ်။ မန္တလေး က ရောဂါပြန့်ပွားတဲ့ လက္ခဏာထဲမှာ မပါဘူး။ မပါတော့ လွှတ်ပေးလိုက်တယ်။ ရှေ့နေမလေး က ပြည်ကဆိုတော့ လက်မခံဘူးပေါ့။ တစ်ပြည်လုံးနဲ့ တရားလွှတ်တော်ချုပ်တို့ အာဏာပိုင်အဖွဲ့အစည်းတွေက ဒီလိုကိစ္စမျိုးကို စဉ်းစားဖို့အတွက် အပြန်အလှန် ဆက်စပ်ပြီးတော့ ဆောင်ရွက်ရမယ့်တာဝန် ရှိတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မလုပ်ကြသေးဘူး။ ဒါကြောင့် လတ်တလော ဖြေရှင်းမှုအတွက် ကူညီဖို့ ဆောင်ရွက်လိုက်ပါတယ်”ဟု ပြောကြားသည်။
လက်ရှိကာလအတွင်း နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ/ပြင်ဆင်မှုများ လာရောက်တင်သွင်းရာ၌ နေပြည်တော် အဝင်ဂိတ်များတွင် တားဆီးမှုများကြောင့် အခက်အခဲဖြစ်ပေါ်ပါက မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း (နေပြည်တော်) သို့ ဖုန်းဆက် အကူအညီတောင်းပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“နံပါတ် (၁) က တစ်ပြည်လုံးမှ နေပြည်တော်ကို ဝင်တဲ့အခါမှာ ဂိတ်မှာ အခက်အခဲဖြစ်ရင် ဖုန်းနံပါတ် ခြောက်ခု ပေးထားတယ်။အဲဒီဖုန်းကို ဆက်သွယ်ရင် ချက်ချင်းလာယူမယ်။ ချက်ချင်းပို့ပေးမယ်။ နံပါတ် (၂) တခြားမြို့နယ်တွေက လာမရရင်လည်း ကျွန်တော်တို့ လက်ထဲကို နှစ်ရက်ကြိုရောက်အောင် သူတို့ရဲ့ အယူခံပြင်ဆင်ချက် လျှောက်လွှာတွေကို ဖြစ်တဲ့နည်းနဲ့ ပို့လိုက်ပါ။ စုံတော့ စုံရစေမယ်။ အဲဒီလို ပြည့်စုံရင် ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့ ကြော်ငြာလိုက်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။
လက်ရှိတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လာတင်သည့် အမှုအယူခံ/ ပြင်ဆင်မှုများ လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရှိ အမှုလက်ခံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နေပြည်ကောင်စီနယ်မြေ ရှစ်မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကူးစက်ခံရမှု မရှိစေရေး နှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ဖြင့် သွားရောက်သူများ၊ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စမှအပ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၈ ရက်မှစ၍ နေ့စဉ် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ အပြင်မထွက်ရန် တားမြစ်ထားသည်။
ထို့ပြင် နေပြည်တော်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ဧပြီ ၁၉ ရက် ညနေ ၆ နာရီမှစ၍ နေပြည်တော်ပြင်ပ အခြားဒေသများမှ ဝင်ရောက်လာသည့် လူ၊ ယာဉ်များအား စနစ်တကျ စစ်ဆေး ဆောင်ရွက်သွားရန် နေပြည်တော်ကောင်စီက ထုတ်ပြန်ထားသည်။















