မောင်တောနယ်စပ် လူဝင်လူထွက် ပိတ်ထားသော်လည်း မောင်တောမြို့နယ်အတွင်းသို့ဘင်္ဂလားဒေ့ရှ် မှ တရားမဝင် ပြန်ဝင်လာသူ ၁၂ ဦးထိ ရှိလာပြီး ၎င်းတို့အား ၂၁ ရက် Facility Quarantine ပြုလုပ်ထားကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဧပြီ ၁ ရက်ကစတင်ကာ မောင်တောနယ်စပ် ဂိတ်ပေါက်အားလုံးမှ လူဝင်လူထွက်ကို ပိတ်ထားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ခိုးဝင်လာသူမရှိခဲ့သော်လည်း ဧပြီ ၁၈ ရက်တွင် ဘင်္ဂါလီတစ်ဦး တရားမဝင်ဝင်ရောက်ခဲ့ပြီး ဧပြီ ၂၂ ရက်က ထပ်မံ၍ ဘင်္ဂါလီ ၁၁ ဦး တရားမဝင်ပြန်လည်ဝင်ရောက်လာသဖြင့် ၎င်းတို့ ၁၂ ဦးအား လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်းကို ပို့ဆောင်ခဲ့ကာ Facility Quarantine၂၁ရက် ဆောင်ရွက်ထားကြောင်း သိရသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုး အောင်က “ အရင် ဦးရှည့်ကျကဝင်တာ တစ် ဦးနဲ့ ၂၂ ရက်က ဝင်တာ ၁၁ဦး စုစုပေါင်း ၁၂ ဦးကို လှဖိုးခေါင်စခန်းမှာပဲ ၂၁ ရက် Facility Quarantine လုပ်ထားတယ်။ COVID-19 ဖြစ်နေတဲ့အချိန်မှာ လတ်တလောဝင်လာတဲ့သူတွေကို UEHRD အစီအစဉ်နဲ့လက်ခံဖို့ မရှိသေးဘူး ’’ ဟု ပြောကြားသည်။
တရားမဝင် ပြန်ဝင်လာသူများမှာ ဦးရှည့်ကျကျေးရွာမှ တစ်ဦး၊ ရွှေဇားကျေးရွာမှ တစ်ဦး ၊ ပန်းတောပြင် ကျေးရွာမှ ရှစ်ဦးနှင့် ကြက်ရိုးပြင်ကျေးရွာမှ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ရက်မတိုင်မီက ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်ပြီးကျေးရွာအသီးသီးသို့ ပြန်လည်ရောက်ရှိနေသူ ၈၂ဦး ရှိခဲ့ပြီး ယခု ထပ်မံဝင်ရောက်လာသူ ၁၂ ဦးထိရှိလာသဖြင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည်ခိုးဝင်လာသူ ဘင်္ဂါလီ ၉၄ ဦးရှိကြောင်း နှင့်၎င်းတို့အား COVID-19 ရောဂါ ရှိ၊မရှိ စောင့်ကြည့်ထားကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လှ ဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်း၊ မောင်တောမြို့ပေါ်ရှိ အ.ထ.က ၂ နှင့် မိုးလုံ လေလုံအားကစားရုံစသည့် နေရာသုံးနေရာကို Facility Quarantine စခန်းအဖြစ် သတ်မှတ်ထားကြောင်း နှင့်လက်ရှိတွင် မောင်တောမြို့နယ်အတွင်း Facility Quarantine စခန်း နှစ်ခုတွင် စုစုပေါင်း လူဦးရေ ၈၂ ဦး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူနှင့် ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ အရေအတွက် နေ့စဉ်မြင့်တက်လာသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူမရှိစေရေး မောင်တောနယ်စပ်ဂိတ်များကို ဧပြီ ၁၃ ရက်က ပိတ်ထားကြောင်းနှင့် လက်ရှိ ခိုးဝင်လာသူများရှိနေသည့်အတွက် ရောဂါပြန့်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြောင်းလည်း သိရသည်။















