မတ်လအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို ဧပြီလနောက်ဆုံးအပတ်များအတွင်း ပေးဆောင်ရန်သတ်မှတ်ထားသော်လည်း လက်တလော ကိုရိုနာရောဂါဖြစ်ပွားနေသည့် အခြေအနေများကြောင်း ပေးဆောင်ရမည့် နောက်ဆုံးရက်အား မေလအတွင်းပြောင်းရွှေ့ကာ ရက်တိုးမြှင့်ပေးဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဧပြီ၂၀ ရက်တွင် အသိပေး ကြေညာသည်။
ယင်းကြေညာချက်ထွက်ရှိပြီးနောက် မန္တလေးမြို့ရှိ လျှပ်စစ်ဓာတ်အားခ ကောက်ခံသည့် နေရာများတွင် အများပြည်သူသိရှိရန် အသိပေးစာများကပ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ ထုတ်ပြန်ကြေညာထားတဲ့စာအတိုင်း အများပြည်သူသိရှိဖို့ ဓာတ်အားခ ကောက်ခံတဲ့ ကောင်တာတွေမှာ ကပ်ပြီး ဖော်ပြထားပါတယ်။ မီတာခလာရောက်ပေးဆောင်တဲ့သူတွေကိုလည်း မက်တပ်ဖို့၊ လက်ဆေးဖို့နဲ့ သတ်မှတ်နေရာတွေမှာရပ်ပြီး တန်းစီစောင့်ဆိုင်းဖို့ အသိပညာပေးလုပ်ဆောင်နေပါတယ် ” ဟု ချမ်းမြသာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခ ကောက်ခံသည့်ဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဧပြီ ၂၀ ရက်ကထုတ်ပြန်ခဲ့သော ပြည်သူသို့ အသိပေးပန်ကြားလွှာတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွက် ကျသင့်သည့် လျှပ်စစ်မီတာခများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ တွင် သတ်မှတ်မြို့နယ်ရုံးများ၌ မီတာခများအား (၂၀-၄-၂၀၂၀)၊ (၂၂-၄-၂၀၂၀)၊ (၂၄-၄-၂၀၂၀)၊ (၂၆-၄-၂၀၂၀) နှင့် (၂၈-၄-၂၀၂၀) တို့၌ နောက်ဆုံးထား၍ အသီးသီးပေးသွင်းကြရန် မီတာဘေလ်များတွင် ရေးသားသတ်မှတ်ခဲ့ရာ လူစုလူဝေးဖြစ်ပေါ်မှုကို အထိုက်အလျောက် လျော့နည်းစေရန်အတွက် ကျသင့်သည့် မီတာခများအား သတ်မှတ်ရက်များအပြင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့ အထိ နောက်ဆုံးထားပေးသွင်းကြပါရန် အသိပေး ကြေညာထားသည်။
သတ်မှတ်ရက်များအတိုင်း ပေးသွင်းခြင်း မရှိခဲ့မှုအတွက် နောက်ကျကြေး ကောက်ခံခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ ငွေလက်ခံကောင်တာများကို နေ့စဉ် (စနေ၊ တနင်္ဂနွေ) ပိတ်ရက်မရှိ ဖွင့်လှစ်လက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။















