ဧရာဝတီတိုင်းတွင် Facility Quarantine နေရာများမှ သတ်မှတ်ရက်ပြည့်မီပြီးနောက် နေရပ်ပြန်သူ ခုနစ်ထောင်ကျော်ရှိကာ ပုသိမ်ဆေးရုံကြီးတွင် သံသယလူနာအဖြစ် အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးအား ကုသပေးနေ

ဧရာဝတီတိုင်းတွင် Facility Quarantine နေရာများမှ သတ်မှတ်ရက်ပြည့်မီပြီးနောက် နေရပ်ပြန်သူ ခုနစ်ထောင်ကျော်ရှိကာ ပုသိမ်ဆေးရုံကြီးတွင် သံသယလူနာအဖြစ် အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးအား ကုသပေးနေ
 မြောင်းမြမြို့နယ် သူနာပြုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Facility Quarantine နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းသူဝင်းထွဋ်)
မြောင်းမြမြို့နယ် သူနာပြုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Facility Quarantine နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းသူဝင်းထွဋ်)
Published 23 April 2020
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းတွင် Facility Quarantine နေရာများမှ သတ်မှတ်ရက်ပြည့်မီပြီးနောက် နေရပ်များသို့ပြန်သွားသူ ခုနစ်ထောင်ကျော်ရှိပြီး ပုသိမ်ဆေးရုံကြီးတွင် သံသယလူနာအဖြစ် အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးအား ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Facility Quarantine နေရာ ၄၀၈ ခုတွင် သတ်မှတ်ရက်ပြည့်သွားသောကြောင့် နေရပ်သို့ ပြန်သွားသူပေါင်း ၇၀၁၅ ဦးရှိကြောင်း၊ ဧပြီ ၂၃ရက်အထိ Facility Quarantine နေရာများတွင် ကျန်ရှိနေသူပေါင်းမှာ ၂၁၀၉ ဦးရှိကြောင်း၊ ပုသိမ်ခရိုင်ဆေးရုံကြီးတွင် ပုသိမ်အထည်ချုပ်စက်ရုံတစ်ရုံမှ ဝန်ထမ်းတစ်ဦးမှာ ချောင်းဆိုးနေသောကြောင့် သံသယလူနာအဖြစ် ထားရှိကုသပေးနေ လျက်ရှိကြောင်း၊ COVID- 19  ရောဂါဖြစ်ပွားသူများ တွေ့ရှိလာရပါက တိုင်းဒေသကြီးတွင် ကုသပေးနိုင်သည့်နေရာမှာ လက်ရှိအချိန်ထိ ပုသိမ်ဆေးရုံကြီးနှင့် ဟင်္သာတဆေးရုံကြီးသာရှိသေးပြီး လူနာ ၃၀ နီးပါးကို ကုသပေးနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

“ဒီနေ့ မနက် (ဧပြီ ၂၃ ရက်)တော့ သံသယလူနာတစ်ယောက်ရှိပါတယ်။ သံသယလူနာက အခုနာရီပိုင်းလေးပဲ ရှိပါသေးတယ်။ သူကတော့ အထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံခြားသွားတဲ့ ခရီးသွားရာဇဝင်မရှိဘူး။ ဖျားလဲမဖျားဘူး။ ဒါပေမဲ့ သူက ချောင်းတော်တော်လေးဆိုးနေတယ်။ ချောင်းတော်တော်ဆိုးနေတော့ ကျွန်တော်တို့ကလက္ခဏာအရ B နဲ့ကိုက်တယ်ပေါ့နော်။ ဒါ့ကြောင့်သူ့ကို လည်ချောင်းတို့ဖတ်ယူဖို့ ဆောင်ရွက်ထားပါပြီ။ နေ့လည်လောက်မှာ သွားပို့ပါမယ်။ အဖြေကတော့ မနက်ဖန်လောက်သိရပါမယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးထဲမှာ COVID- 19  ရောဂါဖြစ်ပွားလာရင် ကုသပေးနိုင်တာ ပုသိမ်ဆေးရုံကြီးနဲ့ ဟင်္သာတဆေးရုံကြီးနှစ်ခုပဲ ရှိပါသေးတယ်။ ပုသိမ်ဆေးရုံကြီးမှာတော့ ၂၂ ယောက်ထိ ထားဖို့ရှိပြီးတော့ ဟင်္သာတကတော့ ခုနစ်ယောက်လောက်တော့ ထားနိုင်ပါလိမ့်မယ်။ နောက်ပိုင်းမှာ ခရိုင်ဆေးရုံကြီးတိုင်းကို ထားနိုင်အောင် ကြိုးစားနေပါတယ် ဟု ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မဟာသင်္ကြန်ရုံးပိတ်ရက်များအတွင်း တာဝန်ကျရာ မြို့များမှ နေရပ်များသို့ ပြန်သွားသည့် ဝန်ထမ်း ၅၀၀ ကျော်ကိုလည်း သက်ဆိုင်ရာ မြို့နယ်များအလိုက် Facility Quarantine နေရာများတွင် ထားရှိစောင့်ကြည့်နေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent