AFC သည် ယခင်က ဧပြီလကုန်အထိသာ ရပ်နားထားသော်လည်း ရောဂါဖြစ်ပွားမှုနှုန်းမှာ ကျဆင်းလာခြင်းမရှိသည့်အပြင် ပြိုင်ပွဲကျင်းပမှု ခက်ခဲခြင်း၊ ပြိုင်ပွဲဝင်အသင်းများ သွားလာရခက်ခဲခြင်း၊ ပြည်ဝင်ခွင့်များ ကန့်သတ်ထားခြင်း ကြောင့် ဇွန်လကုန်အထိ ထပ်မံရပ်နားခဲ့ခြင်းဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အာရှနိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေသောကြောင့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ ရွှေ့ဆိုင်းထားသည့်ကာလကို ထပ်မံတိုးမြှင့်ခဲ့ပြီး ဇွန်လကုန်အထိ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။
AFC သည် ယခင်က ဧပြီလကုန်အထိသာ ရပ်နားထားသော်လည်း ရောဂါဖြစ်ပွားမှုနှုန်းမှာ ကျဆင်းလာခြင်းမရှိသည့်အပြင် ပြိုင်ပွဲကျင်းပမှု ခက်ခဲခြင်း၊ ပြိုင်ပွဲဝင်အသင်းများ သွားလာရခက်ခဲခြင်း၊ ပြည်ဝင်ခွင့်များ ကန့်သတ်ထားခြင်း ကြောင့် ဇွန်လကုန်အထိ ထပ်မံရပ်နားခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပလျက်ရှိပြီး အာဆီယံဇုန် အုပ်စု(၃)ခုသာ ပထမအကျော့အပြီးတွင် ရပ်နားထားခြင်းဖြစ်ပြီး ကျန်အုပ်စုအချို့မှာ ကျင်းပနိုင်ခြင်းမရှိသလို အရှေ့အာရှဇုန်တွင်မူ ခြေစစ်ပွဲ အောင်အသင်းတစ်သင်းပင် ထွက်ပေါ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။ AFC သည် ဖေဖော်ဝါရီလကတည်းက အုပ်စုပွဲစဉ်အချို့ကို ရွှေ့ ဆိုင်းခဲ့ပြီး မတ်လလယ်တွင် ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာမြင့်တက်လာသောကြောင့် ပြိုင်ပွဲ တစ်ခုလုံး ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
ယခုနှစ် AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်အသင်းများ ဖြစ်သည့် ရှမ်းနှင့် ရန်ကုန်အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်နေပြီး ပထမအကျော့အပြီးတွင် ရန်ကုန် အသင်းက (၇)မှတ်ရထားသော်လည်း ရှမ်းယူနိုက်တက်အသင်းမှာမူ (၃)ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ဒုတိယအကျော့တွင် ရန်ကုန်အသင်းက (၃)ပွဲစလုံး အဝေးကွင်းကစားရမည် ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အိမ် ကွင်း(၂)ပွဲ၊ အဝေးကွင်း (၁)ပွဲ ကစားရမည်ဖြစ်သည်။
AFC သည် ဗိုင်းရပ်စ်အခြေအနေထိန်း ချုပ်နိုင်မှသာ ပြိုင်ပွဲပြန်လည်ကျင်းပမည်ဖြစ်ပြီး စတင်ကျင်းပမည့်ရက်ကို ကြိုတင်ထုတ်ပြန်မည် ဖြစ်သည်။















