ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ယခုရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲကို လာမည့် သြဂုတ်လ(၂၉)ရက်၌ မူလစီစဉ်ထားသည့် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ Ataturkအိုလံပစ်ကွင်းတွင်ပင် ပြုလုပ်နိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
ယင်းအစီအစဉ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က AP သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥရောပလိဂ်ပြိုင်ပွဲများကို ဇူလိုင်လ သို့မဟုတ် သြဂုတ်လအစောပိုင်းတွင် ပြန်လည်စတင်နိုင်လျှင် အဆိုပါရက်မှာ ဖြစ်နိုင်ခြေအရှိဆုံးလည်းဖြစ်သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကနဦးသတ်မှတ်ထားသည့်ရက်မှာ မေလ(၃၀)ရက်ဖြစ်ပြီး မတ်လ(၂၃)ရက်နေ့ကပင် ရွှေ့ဆိုင်းထားခဲ့သည်။
ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ် ပြိုင်ပွဲ(၂)ရပ်စလုံးမှာ လက်ရှိတွင် ရှုံးထွက်(၁၆)သင်းအဆင့်မှာပင် ရင်ဆိုင်းထားခဲ့ရသည်။
UEFA သည် လက်ကျန်ပွဲစဉ်များကို သြဂုတ်လတွင် သုံးပတ်အတွင်း အပြီးသတ်ကစားရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG၊ အတ္တလန်တာ၊ အက်သလက်တီကိုနှင့် လိုက်ပ်ဇစ်အသင်းများသာ ကွာတားဖိုင်နယ်တက်ရောက်ထားပြီး ရီးယဲလ်မက်ဒရစ်-မန်စီးတီး၊ ချယ်လ်ဆီး-ဘိုင်ယန်မြူးနစ်၊ လိုင်ယွန်-ဂျူဗင်တပ်စ်၊ နာပိုလီ-ဘာစီလိုနာပွဲများမှာ ဒုတိယအကျော့ကစားရန် ကျန်ရှိနေသည်။
UEFA သည် လာမည့်အင်္ဂါနေ့တွင် သက်ဆိုင်ရာနိုင်ငံဘောလုံးအဖွဲ့ချုပ်များနှင့် အစည်းအဝေး ပြုလုပ်ဖွယ်ရှိပြီး UEFA အမှုဆောင်ကော်မတီအစည်းအဝေးကို ကြာသပတေးတွင် ပြုလုပ်ရန် စီစဉ်ထားသည်။
ဥရောပလိဂ်ပြိုင်ပွဲများကို ရာသီပြီးဆုံးသည်အထိ ပြုလုပ်နိုင်ရန်လည်း UEFA က သတိပေးထားကြောင်း သိရသည်။















