မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းမည်ဆိုလျှင်လည်း လီဗာပူးလ်အသင်းမှာ ချန်ပီယံဆုနှင့် ထိုက်တန်သည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းမည်ဆိုလျှင်လည်း လီဗာပူးလ်အသင်းမှာ ချန်ပီယံဆုနှင့် ထိုက်တန်သည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၈၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒုတိယနေရာမှ (ပွဲကျန်တစ်ပွဲ ကစားရန်ကျန်ရှိနေသေးသည့်)မန်စီးတီးအသင်း (၅၇ မှတ်)ကို (၂၅)မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။
ကမ္ဘာအနှံ့တွင် ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ်လမှ စတင်ကာ ရပ်နားခဲ့ပြီး လက်ရှိတွင် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်။ သို့သော် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လတွင် ပြန်လည်ကစားရန် တာဝန်ရှိသူများ စီစဉ်နေကြပြီး ကွင်းပိတ်ကစားသွားဖွယ်ရှိနေကြောင်း သိရသည်။
ဘာနာဒိုဆေးလ်ဗားက လီဗာပူးလ်အနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ထိုက်တန်ပြီး ပရိသတ်များနှင့်အတူ အောင်ပွဲခံခွင့်မရခြင်းမှာ ဝမ်းနည်းစရာဖြစ်ကြောင်း သူ၏ Instagram အမေးအဖြေကဏ္ဍတွင် ပြောကြားခဲ့သည်။
ဘာနာဒိုဆေးလ်ဗားက "ဒီအခြေအနေက အရမ်းဝမ်းနည်းစရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရခဲ့မယ်ဆိုရင်တောင် သူတို့ ပျော်သင့်သလောက် ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အောင်ပွဲကို ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခွင့်ရရှိမှာ မဟုတ်ပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်ကစားမယ်ဆိုရင်တောင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရပါလိမ့်မယ်။ ဒါက အရမ်းကို ခက်မှာပါ။ ဒါပေမဲ့ ဒီရာသီကို ဖျက်သိမ်းခဲ့မယ်ဆိုရင်တောင် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လုံးဝထိုက်တန်ပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘာနာဒိုဆေးလ်ဗားက မန်စီးတီးကစားသမားများအနေဖြင့် PFA တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိသင့်ကြောင်းနှင့် အသင်းဖော်များဖြစ်သည့် ဒီဘရိုင်းနား၊ စတာလင်နှင့် အဂွဲရိုးတို့မှာ ယင်းဆုကို ရသင့်သော်လည်း လွဲချော်ခဲ့ရကြောင်း ပြောကြားခဲ့သည်။