လိုင်ယွန်အသင်းဥက္ကဋ္ဌ အော်လက်စ်က အသင်းတောင်ပံကစားသမား ဒီပိုင်းအား အသင်းတွင် ဆက်ရှိနေစေရန်အတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်းပရိသတ်များကို ကတိပေးပြောကြားခဲ့သည်။
လိုင်ယွန်အသင်းနှင့် ချုပ်ဆိုထားသည့် ဒီပိုင်း၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဒီပိုင်းသည် ဥရောပထိပ်တန်းအသင်းကြီးများထံသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
သို့သော် အော်လက်စ်က မိမိအနေဖြင့် ဒီပိုင်းအား စာချုပ်သစ်ချုပ်ဆိုလိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် ဒီပိုင်းအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း သူ၏ Twitter တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
အော်လက်စ်က "ဒီပိုင်းအနေနဲ့ လိုင်ယွန်အသင်းမှာ နှစ်တွေအကြာကြီး ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းမှ ဒီပိုင်း ဆက်ရှိနေဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော့်အကြောင်းကို ဒီပိုင်း ကောင်းကောင်းသိသလို၊ ဒီပိုင်းကိုလည်း ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ နယ်သာလန်တောင်ပံကစားသမား ဒီပိုင်းသည် ၂၀၁၇ ခုနှစ်တွင် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းမှ လိုင်ယွန်အသင်းထံသို့ ပေါင် (၂၂)သန်း (ဆုကြေးများအပါအဝင်)ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ဒီပိုင်းသည် လိုင်ယွန်အသင်းတွင် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၃၄)ပွဲတွင် (၅၃)ဂိုး သွင်းယူထားသလို၊ ယခုရာသီ ပြိုင်ပွဲစုံ (၁၈) ပွဲတွင် (၁၄)ဂိုး သွင်းယူထားသည်။