ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချသည့်စက်ရုံ ၇၃ ရုံအထိ ရှိလာ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချသည့်စက်ရုံ ၇၃ ရုံအထိ ရှိလာ
Published 5 April 2020
ရှိုင်းလင်းအောင်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များအတွင်း စက်ရုံအပြီး ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အားလျှော့ချသည့် စက်ရုံ ၇၃ ရုံအထိ ရှိလာကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ဧပြီ ၅ ရက်တွင် စုံစမ်းသိရှိရသည်။

အလုပ်သမားများကို ဥပဒေပါအတိုင်း အလုပ်ထုတ်နစ်နာကြေးပေး၍ စက်ရုံအပြီး ပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချခြင်းဖြစ်ကြောင်း သိရသည်။

“ စက်ရုံပိတ်တာ ၂၄ ရုံ၊ အင်အားလျှော့ချတဲ့စက်ရုံက ၄၉ ရုံ ဖြစ်သွားပြီ။ ပိတ်တဲ့စက်ရုံတွေ၊ လူအင်အားလျှော့ချတဲ့ စက်ရုံတွေက ဥပဒေအရ လျော်ကြေးနစ်နာ‌ကြေးပေးပါတယ်။ ဒါပေမဲ့လည်း တချို့အလုပ်သမားတွေက လျော်ကြေးထက် အလုပ်ပြန်ရချင်ကြတယ်။ လုပ်ငန်းတွေ ပြန်ကောင်းရင် သူတို့ အလုပ်တွေ ပြန်ရချင်လို့ တောင်းဆိုတာတွေ ရှိတယ်” ဟု လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းမင်းထွန်းက ပြောကြားသည်။

စက်ရုံ ၂၄ ရုံ ပိတ်ခြင်းနှင့် စက်ရုံ ၄၉ ရုံ လုပ်သားအင်အား လျှော့ချခဲ့သည့်အတွက် လှိုင်သာယာမြို့နယ် တစ်ခုတည်း၌ပင် အလုပ်သမား နှစ်သောင်းခန့် အလုပ်လက်မဲ့ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါ စက်ရုံပိတ်သည့်အရေအတွက်နှင့် အလုပ်လက်မဲ့အရေအတွက်သည် လှိုင်သာယာမြို့နယ် တစ်ခုတည်း၌ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိစာရင်းထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချသည့် စက်ရုံများတွင် အထည်ချုပ်စက်ရုံ အများဆုံးပါဝင်ပြီး အိတ်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ သစ်ပါးလွှာစက်ရုံနှင့် အခြားစက်ရုံများလည်း ပါဝင်သည်။

ကုန်ကြမ်းပြတ်လပ်မှုကို အကြောင်းပြခြင်းနှင့် အော်ဒါမရရှိမှုကို အကြောင်းပြ၍ ပိတ်သောစက်ရုံ အများဆုံးပါဝင်ပြီး အခြားအကြောင်းရင်းများကြောင့် ပိတ်သောစက်ရုံများလည်းရှိကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းတွင် အလုပ်သမား ၉၀၄ ဦးရှိသော Yangon (Myanmar) Fashion ထည်ချုပ်စက်ရုံသည် COVID-19 ရောဂါကြောင့် အော်ဒါ မလုံလောက်သည့် အ‌‌ခြေအနေဖြင့် ရင်ဆိုင်နေရပြီး ဝန်ထမ်းအားလုံးအတွက် လုံလောက်စွာ အလုပ်ပေးနိုင်ရန် အော်ဒါမရှိတော့ကြောင်း၊ မေလနောက်ပိုင်းတွင် အော်ဒါမရှိတော့ဘဲ ကြိုတင်လက်ခံထားသော အော်ဒါအချို့ ဖျက်သိမ်းခြင်း၊ အော်ဒါအလျှော့ခံရခြင်းများရှိနေသည်ဟု အကြောင်းပြချက်ဖြင့် အလုပ်သမား ၆၈၆ ဦးကို မေ ၅ ရက်တွင် လူအင်အားလျှော့ချမည်ဖြစ်သည်။

လျှော့ချခံရမည့် အလုပ်သမားများကို ၎င်းတို့ ခံစားခွင့်များအတိုင်း ဥပဒေနှင့်အညီ တစ်ပါတည်းပေးသွားမည်ဖြစ်ကြောင်း Yangon (Myanmar) Fashion အထည်ချုပ်စက်ရုံဘက်က ကြေညာထားသည်။

COVID-19 ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးထိခိုက်မှုများရှိနေပြီး မြန်မာအထည်ချုပ်လုပ်ငန်းများတွင်လည်း စီးပွားရေးထိခိုက်မှုများရှိနေသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းအများစုသည် တရုတ်နိုင်ငံ၏ ကုန်ကြမ်းပစ္စည်း ရာခိုင်နှုန်း ၉၀ ကို အဓိက မှီခိုအားထားချုပ်လုပ်‌နေရသည်။

တရုတ်က ကုန်ကြမ်းရရှိမှု နည်းပါးလာခြင်းနှင့် အော်ဒါမှာယူမှုနည်းပါးလာသည့်အတွက် မြန်မာအထည်ချုပ်လုပ်ငန်းအများစု ဆက်လက်ရပ်တည်ရန် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။

အထည်ချုပ်လုပ်ငန်းများသည် ရေရှည်ရပ်တည်နိုင်ရန် စက်ရုံခွဲများ ပိတ်ခြင်း၊ ယာယီအလုပ်ပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချခြင်းများ ပြုလုပ်လာကြသည်။

အထည်ချုပ်အလုပ်သမားအများစုသည် ပြည်တွင်းမှ ရွှေ့ပြောင်းလုပ်ကိုင်ကြသူများဖြစ်ရာ စက်ရုံများပိတ်သိမ်းခြင်းကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲများစွာရှိကြောင်း သိရသည်။

Most Read

Most Recent