လက်ရှိမြန်မာနိုင်ငံမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မတ် ၂၃ ရက်ကနေ ၂၈ ရက်အထိ တစ်ပတ်အတွင်း COVID-19 ရောဂါပိုး တွေ့ရှိတဲ့ လူနာ ရှစ်ဦး ရှိခဲ့ပါတယ်။
အဲဒီလူနာ ရှစ်ဦးအနက် ဝန်ကြီးဌာနက မတ် ၂၈ ရက် ထုတ်ပြန်တဲ့အထဲမှာ COVID-19 ရောဂါပိုးတွေ့ရှိသူက သုံးဦးရှိပါတယ်။ အဲဒီလူနာသုံးဦးထဲမှာတော့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နံပါတ်(၈) လူနာရဲ့ အချက်အလက်တွေက စိတ်ဝင်စားဖို့ကောင်းပြီး ပြည်သူတွေအတွက် စိုးရိမ်စရာအနေအထားလည်း ဖြစ်နေပါတယ်။
လူနာနံပါတ် (၈) ဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးပါ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်က ဧည့်လမ်းညွှန်ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီအမျိုးသမီးကြီးက မတ် ၂၅ ရက်မှာ ချောင်းဆိုးပြီး အန်တဲ့လက္ခဏာတွေ ပြသတဲ့အတွက် မတ် ၂၆ ရက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ပြသတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဆေးရုံကို ရောက်ရှိတဲ့အခါမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ လက္ခဏာတွေ့ရှိတာကြောင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး အထူးကြပ်မတ်ဆောင်မှာ သီးခြားထား ကုသပေးခဲ့တာပါ။
သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို လေ့လာရာမှာ ပြည်ပနိုင်ငံတွေကို လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်မရှိခဲ့ပေမဲ့ ပြင်သစ်နိုင်ငံသား ခရီးသွားတွေနဲ့အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့တယ်ဆိုတာကို သိရှိရပါတယ်။
ဒီလိုနဲ့ မတ် ၂၆ ရက်မှာ အဲဒီအမျိုးသမီးကြီးဆီကနေ ဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ပါတယ်။ မတ် ၂၇ ရက်က ထုတ်ပြန်တဲ့ ဓာတ်ခွဲအဖြေအရ အဲဒီအမျိုးသမီးကြီးဆီမှာ COVID-19 ရောဂါပိုး ရှိတယ်ဆိုတာကို ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ် ထူးခြားတာကတော့ မတ် ၂၃ ရက်ကနေ ၂၈ ရက်အထိ တစ်ပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိတဲ့ လူနာရှစ်ဦးအနက် လူနာနံပါတ် (၈) ဟာ ပထမဆုံး ကူးစက်ခံရတဲ့ ပြည်တွင်းနေထိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
Lockdown ချခြင်း
ရောဂါပိုးတွေ့ရှိတဲ့ လူနာနံပါတ် (၈) နေထိုင်တဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က နေအိမ်ကို မတ် ၂၈ ရက်က နံနက်ပိုင်းမှာ Lockdown ပြုလုပ်ခဲ့တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“ ဗဟန်းမြို့နယ် ဆရာစံမြောက်/ရှေ့ရပ်ကွက် ကျောက်ရေတွင်းလမ်း အိမ်အမှတ် (၂/က) နေ၊ ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦး (Tour Guide) လုပ်နေသူ (အသက် ၆၀ နှစ်) ထံတွင် COVID-19 ပိုး တွေ့ရှိပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက် ရှိပါသည်။ COVID-19 ပြုလုပ်ထားပြီး ဖြစ်ပါသည်” လို့ ဦးထွန်းမြင့်က ရေးသားထားပါတယ်။
လူနာနံပါတ်(၈) နေထိုင်တဲ့နေအိမ်ဟာ နှစ်ထပ်လုံးချင်းအိမ်ဖြစ်ပြီး သူ့ဆီမှာ ရောဂါပိုးတွေ့ရှိပြီးချိန်မှာတော့ သူ့ရဲ့ မိသားစုဝင်တွေကိုလည်း နေအိမ်ကနေ အသွားအလာ တားမြစ်လိုက်တဲ့အပြင် ကျန်းမာရေးနဲ့ စည်ပင်ပေါင်းပြီး အဲဒီနေအိမ်တစ်ဝိုက်ကို ပိုးသတ်ဆေးဖျန်းမယ်လို့လည်း သတင်းရရှိပါတယ်။
မန္တလေးနဲ့ ပုဂံကို လည်ပတ်
လူနာနံပါတ်(၈) အမျိုးသမီးကြီးဟာ ဧည့်လမ်းညွှန်အဖြစ်နဲ့ ပြင်သစ်ခရီးသွားတွေနဲ့အတူ မန္တလေးနဲ့ ပုဂံကို သွားရောက်လည်ပတ်ခဲ့တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း (မန္တလေးဇုန်) က သတင်းထုတ်ပြန်ပါတယ်။
လူနာနံပါတ်(၈) အမျိုးသမီးကြီးဟာ မတ် ၁၄ ရက်က Manadalay City ဟိုတယ်ကို ရောက်ရှိတည်းခိုပြီး မတ် ၁၅ ရက်မှာတော့ ရွှေကျောင်း၊ ကျောက်စိမ်းစျေး၊ မဟာမုနိ၊ အောင်နန်းလက်မှုပစ္စည်းဆိုင်၊ အင်းဝ၊ စစ်ကိုင်းတောင်၊ ဦးပိန်တံတား စတဲ့နေရာတွေကို လည်ပတ်ခဲ့တဲ့အပြင် A Little Bit of Manadalay စားသောက်ဆိုင်မှာ စားသောက်ခဲ့တာပါ။
မတ် ၁၆ ရက်ကလည်း မန္တလေးက ရွှေပြားခတ်လုပ်ငန်း၊ စစ်ကိုင်းက ငွေထည်လုပ်ငန်း၊ မုံရွာမြို့က ရွှေဘတောင်၊ ဖိုလ်ဝင်တောင်တို့ကို လည်ပတ်ခဲ့သလို Win Unity ဟိုတယ်မှာ တည်းခိုခဲ့ပြီး Chindwin River နေ့လယ်စာနဲ့ Win Unity ဟိုတယ်မှာ ညစာ စားခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၇ ရက်မှာတော့ မုံရွာ၊ ပခုက္ကူနဲ့ ပုဂံကို ရောက်ရှိပြီး သမ္ဗုဒ္ဓေ၊ ဗောဓိတစ်ထောင်တို့ကို လည်ပတ်ခဲ့ပြီး ပခုက္ကူက ဟိုပင်စားသောက်ဆိုင်မှာ စားသုံးခဲ့ပါတယ်။ ပခုက္ကူကနေ ပုဂံကို ရတနာမိုးရေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ မတ် ၁၈ ရက်မှာတော့ ပုဂံက ရာဇဂြိုလ်ဟိုတယ်မှာ တည်းခိုခဲ့ပါတယ်။
အဲဒီ မတ် ၁၈ ရက်မှာပဲ ပုဂံက တန်ခိုးကြီးဘုရားတွေနဲ့ နန္ဒာစားသောက်ဆိုင်၊ နန္ဒဝန်စားသောက်ဆိုင်၊ ကျော် Kitchen ၊ အရှေ့ဖွားစောတို့ကို လည်ပတ်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း (မန္တလေးဇုန်) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ် ၁၉ ရက်တွင် ပုဂံကနေ ပုပ္ပား၊ ကလောမြို့ကို သွားရောက်ခဲ့ပြီး ကလောက Hill Top Villa မှာ တည်းခိုခဲ့သလို ၂၈၅ မိုင်မှာလည်း စားသောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီနေရာမှာ လူနာနံပါတ်(၈) အမျိုးသမီးကြီးရဲ့ ခရီးစဉ်တစ်လျှောက် လိုက်ပါခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးကို အိမ်မှာသာနေထိုင်ဖို့နဲ့ ကျန်းမာရေးဌာနကို ဆက်သွယ်ဖို့အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း (မန္တလေးဇုန်) က အသိပေးထားပါတယ်။
လူနာနံပါတ် (၈) လိုက်ပါပို့ဆောင်ခဲ့တဲ့ နေရာတွေကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအသင်း မန္တလေးဇုန်ကနေ ကျန်းမာရေးဌာနဆီ ပေးပို့ဆောင်ရွက်ထားပါတယ်။
ဒီလို လူနာနံပါတ်(၈) သွားရောက်လည်ပတ်ခဲ့တဲ့ နေရာတွေမှာ ကျန်းမာရေးဌာနကနေ ရောဂါကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ခရီးစဉ်အတွင်း တည်းခိုခဲ့တဲ့နေရာတွေ၊ စားသောက်ဆိုင်တွေကို သက်ဆိုင်ရာကျန်းမာရေးဌာနဆီ ပေးပို့ထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း မန္တလေးဇုန်ဥက္ကဋ္ဌ ဦးမျိုးရီက ရှင်းပြပါတယ်။
“ ကျွန်တော်တို့ကတော့ သွားခဲ့တဲ့ ခရီးစဉ်တွေ၊ ကားမောင်းသူတွေ၊ ဟိုတယ်ကတော့ ဟိုတယ်ပိုင်းကို ချိတ်တယ်။ ကားဆရာတွေကိုလည်း ပို့ဆောင်ရေးအသင်းပိုင်းတွေကိုချိတ်ပြီး ရတဲ့အချက်အလက်ကို တင်ပြထားတာပါ။ ကျန်တာကတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆက်ပြီး ဆောင်ရွက်မှာပါ။ သူတို့အဖွဲ့ကတော့ ကိုးယောက်အဖွဲ့ပါ” ဟု ဦးမျိုးရီက ဆိုပါတယ်။
နောက်ဆက်တွဲ Quarantine
လူနာနံပါတ် (၈) အမျိုးသမီးကြီးရဲ့ ခရီးသွားအဖွဲ့နဲ့ ညောင်ဦးခရိုင်အတွင်း အနီးကပ် ထိတွေ့ခဲ့သူတွေကို ပုဂံမြို့ လောကသစ္စာ ဟိုတယ်မှာ မတ် ၂၈ ရက် နေ့လယ်ပိုင်းမှ စတင်ပြီး Facility Quarantine ဆောင်ရွက်လျက်ရှိတယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီလို Quarantine ဆောင်ရွက်ခံရသူတွေကတော့ စက်လှေမောင်းသူ သုံးဦး၊ မြင်းလှည်းမောင်းသူ ခြောက်ဦး၊ ခရီးသွားလုပ်ငန်းမှ လေးဦး၊ ယာဉ်မောင်းနဲ့ သူ့မိသားစုဝင် ငါးဦး၊ လူစီးမီးပုံးပျံကုမ္ပဏီမှ ၁၄ ဦး၊ စားသောက်ဆိုင် လေးဆိုင်မှ ၁၁ ဦးတို့ ဖြစ်ပြီး လောကသစ္စာဟိုတယ်မှာ Facility Quarantine ဆောင်ရွက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူနာနံပါတ်(၈) တည်းခိုခဲ့တဲ့ ဟိုတယ်က ၁၅ ဦးကိုလည်း ရာဇဂြိုလ်ဟိုတယ်မှာ Facility Quarantine ဆောင်ရွက်လျက်ရှိပြီး ပစ္စည်းသယ်ဆောင်သူတစ်ဦးကတော့ ဖျားခြင်း၊ လည်ချောင်းနာခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပေါ်နေတာကြောင့် ညောင်ဦးမြို့ ပြည့်သူ့ဆေးရုံမှာ Isolation ပြုလုပ်ပြီး ကုသပေးလျက်ရှိတယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လူနာနံပါတ်(၈) နဲ့အဖွဲ့ အသုံးပြုခဲ့တဲ့ စက်လှေတွေ၊ မြင်းလှည်းတွေ၊ ကားတွေ၊ ယွန်းထည်ဆိုင်၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကိုလည်း ပိုးသတ်ဆေးဖျန်းတာတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်ကိုလည်း သွားခဲ့တယ်
လူနာနံပါတ် (၈) ဟာ ပြင်သစ်နိုင်ငံသား ၁၁ ဦးကို ဧည့်လမ်းညွှန်လုပ်ရင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်တွေကိုလည်း လိုက်ပါခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သတင်းရရှိပါတယ်။
လူနာနံပါတ်(၈) နဲ့ ခရီးသွားအဖွဲ့ဟာ မတ် ၁၉ ရက်က ပုဂံကနေ ရှမ်းပြည်တောင်ပိုင်းကို မီနီဘတ်ကားနဲ့ တက်လာပြီး ကလောမြို့က Hill Top Villa ဟိုတယ်မှာ ညအိပ်ခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ အဲဒီဟိုတယ်ကနေ ကလော၊ ပင်းတယ၊ ညောင်ရွှေကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ပင်းတယက ရွှေဥမင်လိုဏ်ဂူသွားခဲ့သလို Green Tea စားသောက်ဆိုင်မှာ နေ့လယ်စာစားခဲ့တယ်လို့လည်း သိရပါတယ်။ ညောင်ရွှေမှာတော့ သုခလှေဆိပ်မှာဆင်းပြီး GIC-1 မှာ ညအိပ်ခဲ့သလို အဲဒီကနေတစ်ဆင့် စကားကိုသွားခဲ့ပါတယ်။
စကားက သာလေးရွာရောက်တဲ့အခါ Mr Tour စားသောက်ဆိုင်မှာ စားခဲ့ပြီး အင်းပေါခုန်က ရက်ကန်းရုံသွားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီညမှာတော့ GIC-1 ဟိုတယ် ပြန်အိပ်ခဲ့ပါတယ်။
မတ် ၂၂ ရက်မှာတော့ ညောင်ရွှေကနေ ဟဲဟိုးလေဆိပ်ကို သွားရောက်ခဲ့ပြီး ဟဲဟိုးလေဆိပ်ကနေ လေယာဉ်နှစ်စင်းနဲ့ ရန်ကုန်ကို ပြန်ခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဆိုပါတယ်။
ကလောကနေ ပင်းတယလိုဏ်ဂူ၊ ညောင်ရွှေမြို့က အင်းပေါခုန်နဲ့ စကားတို့ဘက်ကိုလည်း သွားရောက်လည်ပတ်ခဲ့တဲ့အတွက် အဲဒီနေရာတွေကို Lockdown လုပ်ခြင်း၊ ပိုးသတ်ဆေး ဖြန်းထားခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
“ သူတို့သွားခဲ့တဲ့ ခရီးစဉ်တွေကို သွားခဲ့တာတွေကို ညောင်ရွှေ၊ ကလော၊ ပင်းတယရဲ့ သွားခဲ့တဲ့နေရာတွေကို ခြေရာပြန်ကောက်ပြီးတော့ ဝန်ထမ်းတွေကို Quarantine လုပ်တယ်။ အိပ်ခဲ့တဲ့ အခန်းတွေကို ပိုးသတ်ဆေးတွေ ဖျန်းပြီးသွားပြီ။ GIC-1 ဟိုတယ်မှာလည်း Lockdown လုပ်ပစ်ပြီ။ ဝန်ထမ်းတွေကို ပိုးသတ်ဆေးဖျန်းတယ်။ သူတို့သွားခဲ့တဲ့နေရာတွေ အကုန်လုံးကို Lockdown လုပ်တယ်။ ပိုးသတ်ဆေးဖျန်းထားတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
ဒီလို Lockdown လုပ်ရာမှာ ရှမ်းပြည်တောင်ပိုင်းတစ်ခုလုံးကို လုပ်ခြင်းမဟုတ်ဘဲ လူနာနံပါတ်(၈)နဲ့ ခရီးသွားအဖွဲ့ ရောက်ရှိခဲ့တဲ့ နေရာတွေကိုသာ Lockdown လုပ်ခြင်းဖြစ်ပြီး ပိုးသတ်ဆေးဖျန်းတာတွေ၊ စစ်ဆေးတာတွေအပြင် ထိတွေ့ဆက်ဆံခဲ့သူတွေအနေနဲ့ ၁၄ ရက် Quarantine လုပ်ရမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။
“ ကလော၊ ပင်းတယ၊ ညောင်ရွှေကို လာထားတဲ့ ခရီးသွားရာဇဝင်ရှိထားတဲ့နေရာတွေကို Lockdown လုပ်တာပေ့ါ။ ရှမ်းတောင်တစ်ခုလုံးတော့ မဟုတ်ဘူး။ သူသွားခဲ့တဲ့နေရာကတော့ ကလောမြို့ Hill Top Villa ဟိုတယ်မှာ အိပ်တယ်။ နောက်ရက်တော့ ပင်းတယ Green Tea စားသောက်ဆိုင်မှာ သွားစားတယ်။ ပြန်လာပြီးရင် GIC လား ညောင်ရွှေမှာ ညအိပ်တယ်။ စကားဘက်ကို သွားတော့ Mr Tour စားသောက်ဆိုင်မှာ စားတယ်။ အင်းပေါခုန်က ဦးသန်းနိုင် ရက်ကန်းရုံတစ်ခုကိုသွားတယ်။ သွားခဲ့တာတွေကို Lockdown လုပ်ပြီးတော့ ဆေးဖျန်းတာတွေ စစ်ဆေးတာတွေ လုပ်တာပေ့ါ။ အနည်းဆုံးတော့ Quarantine လို ပုံစံ ၁၄ ရက်လုပ်ရမယ်။ မြို့ကိုမဟုတ်ဘူးသွားခဲ့တဲ့ နေရာတွေပဲ” လို့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှင်းပြပါတယ်။

Facebook ပေါ် ပျံ့နှံ့နေခြင်း
COVID-19 Case 08 (ရန်ကုန်မြို့တွင် သွားရောက်ခဲ့သော ခရီးစဉ်) ဆိုပြီး အချိန်ဇယားတစ်ခုဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပါတယ်။
ဒီလိုပျံ့နှံ့နေတဲ့ စာရွက်ထဲမှာ ရက်စွဲ၊ လူဦးရေ၊ ခရီးစဉ်၊ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ပို့ဆောင်ရေး စတဲ့ ခေါင်းစဉ်တွေနဲ့ အချိန်ဇယားတစ်ခုကို ဖော်ပြထားပါတယ်။
ဒါဟာ လူနာနံပါတ် (၈) နဲ့ သူ့ခရီးသွားအဖွဲ့တွေ ရန်ကုန်မြို့မှာ တကယ်သွားရောက်ခဲ့တာလား ဆိုတာကတော့ အတည်မပြုနိုင်ပါဘူး။ ဒီစာရွက်နဲ့ပတ်သက်လို့ အစိုးရဘက်ကလည်း (မတ် ၂၉ ရက် နံနက်ပိုင်းအထိ) တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
မတ် ၂၂ ရက်မှာ ဗိုလ်ချုပ်စျေး၊ တရုတ်တန်း၊ မြို့တွင်းကိုလိုနီခေတ်က အဆောက်အအုံတွေနဲ့ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မတ် ၂၃ ရက်မှာတော့ မြို့ပတ်ရထားကို ကြည့်မြင်တိုင်ဘူတာအထိစီးပြီး ဆိုက်ကားနဲ့ ခြောက်ထပ်ကြီးဘုရားကို သွားရောက်ဖူးမြော်တယ်လို့ ပါရှိပါတယ်။
မတ် ၂၄ ရက်မှာတော့ ဘယ်မှမသွားဘဲ ဟိုတယ်မှာ နားတယ်လို့ပဲ ဖော်ပြထားပါတယ်။ အဲဒီစာရွက်ထဲမှာ အဓိကထူးခြားချက်က မတ် ၂၅ ရက်ပါ။ ဘာထူးခြားလဲဆိုရင် Another New Guide ဆိုတဲ့ စကားလုံးကို အနီရောင်နဲ့ ပြထားပါတယ်။
တကယ်လို့ ဒီစာရွက်ဟာ တကယ်အတည်ဖြစ်တယ်ဆိုရင် လူနာနံပါတ် (၈) ဟာ မတ် ၂၅ ရက်ကတည်းက ဧည့်လမ်းညွှန်အသစ်နဲ့ အပြောင်းအလဲ လုပ်ထားနိုင်ပါတယ်။
ဒါဆို ဘာကြောင့် အပြောင်းအလဲလုပ်ခဲ့သလဲဆိုတာက မေးစရာရှိလာပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ မတ် ၂၈ ရက် ထုတ်ပြန်ချက်မှာလည်း လူနာနံပါတ် (၈) ဟာ မတ် ၂၅ ရက်မှာ ချောင်းဆိုးပြီး အန်တဲ့လက္ခဏာတွေ ပြသတဲ့အတွက် မတ် ၂၆ ရက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ပြသတယ်လို့ ဆိုထားပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နေတဲ့စာရွက်ရဲ့ အထောက်အထားနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က မတ် ၂၅ ရက်မှာ တူညီမှုတစ်ခုရှိနေတာကို တွေ့ရမှာပါ။
မတ် ၂၅ ရက် မတိုင်ခင်အထိ လူနာနံပါတ် (၈) အနေနဲ့ ခရီးသွားအဖွဲ့တွေကို ရန်ကုန်မြို့အနှံ့ လိုက်လံပြသရာမှာ ပါဝင်ခဲ့မယ်ဆိုရင် သူသွားခဲ့တဲ့နေရာတွေက တကယ့်အန္တရာယ်ရှိတဲ့ နေရာတွေ ဖြစ်နေပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ စာရွက်ပေါ်က အချိန်ဇယားအရ မတ် ၂၂ ရက်နဲ့ ၂၃ ရက်မှာ သွားရောက်ခဲ့တဲ့သူတွေကို ကြည့်မယ်ဆိုရင် မတ် ၂၂ ရက်မှာ ဗိုလ်ချုပ်စျေး၊ တရုတ်တန်း၊ မြို့တွင်းကိုလိုနီခေတ်က အဆောက်အအုံတွေနဲ့ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့သလို မတ် ၂၃ ရက်မှာတော့ မြို့ပတ်ရထားကို ကြည့်မြင်တိုင်ဘူတာအထိစီးပြီး ဆိုက်ကားနဲ့ ခြောက်ထပ်ကြီးဘုရားကို သွားရောက်ဖူးမြော်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနှစ်ရက်အတွင်း သွားခဲ့တဲ့နေရာတွေက ရန်ကုန်မြို့ရဲ့ လူစည်ကားရာ နေရာတွေဖြစ်သလို သူတို့နဲ့ ဘယ်လိုလူတွေက ထိတွေ့ဆက်ဆံခဲ့တယ်ဆိုတာကလည်း ခန့်မှန်းရခက်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။
သေချာတာကတော့ အဲဒီနှစ်ရက်အတွင်း လိုက်လံပို့ဆောင်ခဲ့တဲ့ ယာဉ်မောင်းရယ်၊ ဆိုက်ကားသမားတွေနဲ့ မြို့ပတ်ရထားပေါ်က လက်မှတ်စစ်တို့ကတော့ ထိတွေ့မှုတွေ ရှိနိုင်ပါလိမ့်မယ်။ စာရွက်ထဲမှာ ဖော်ပြထားမှုအရ ယာဉ်မောင်းက တစ်ယောက်သာဖြစ်ပြီး ဆိုက်ကားသမားအရေအတွက်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့စာရွက်ဟာ အတည်မပြုနိုင်တဲ့အတွက် တကယ် ဟုတ် မဟုတ် ဆိုတာကလည်း မပြောနိုင်သေးပါဘူး။ အကယ်၍သာ ဒီစာရွက်ထဲကအတိုင်း သွားလာခဲ့တယ်ဆိုရင်တော့ ရန်ကုန်က ပြည်သူတွေအတွက်တော့ ဘုရားတရမယ့်ကိန်း ဆိုက်နေပါတယ်။
ဘာကြောင့်လဲဆိုတော့ မတ် ၂၃ ရက်က နေ ၂၈ ရက်အထိ ဝန်ကြီးဌာနရဲ့ အတည်ပြု ထုတ်ပြန်ချက်တွေအရ COVID-19 ရောဂါပိုးတွေ့ရှိတဲ့ လူနာရှစ်ဦးအနက် ရန်ကုန်မှာ တွေ့ရှိတဲ့ လူနာက ငါးဦးအထိ ရှိနေပါတယ်။ ကျန်လူနာတွေကတော့ မန္တလေး၊ နေပြည်တော်နဲ့ ချင်းပြည်နယ်တို့က ဖြစ်ပါတယ်။
တစ်ပူပေါ် နှစ်ပူဆင့်
မတ် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါပိုးတွေ့ရှိသူငါးဦးနဲ့ ထိတွေ့နီးကပ်မှုရှိခဲ့သူတွေ၊ ယာဉ်တစ်စီးတည်း အတူတကွ စီးနင်းခဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဌာနနဲ့ အနီးဆုံးကျန်းမာရေးဌာနသို့ မဖြစ်မနေ အမြန်ဆုံးသတင်းပို့ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၇ ရက်က ကြေညာထားပါတယ်။
အဲဒီကြေညာချက်ထဲမှာ ချင်းပြည်နယ် တီးတိန်မြို့က လူနာနံပါတ် (၁)ရဲ့ ခရီးလမ်းကြောင်း၊ ဗိုလ်တထောင်မြို့နယ်က လူနာနံပါတ်(၂)ရဲ့ ခရီးလမ်းကြောင်း၊ အင်းစိန်မြို့နယ်က လူနာနံပါတ်(၃)ရဲ့ ခရီးလမ်းကြောင်း၊ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က လူနာနံပါတ်(၄)ရဲ့ ခရီးလမ်းကြောင်းနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က လူနာနံပါတ် (၅) ရဲ့ ခရီးလမ်းကြောင်းတွေကို ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ချင်းပြည်နယ် တီးတိန်မြို့က လူနာနံပါတ် (၁) ဟာ အမေရိကန်နိုင်ငံကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မတ် ၁၅ ရက်က ရောက်ရှိခဲ့ပါတယ်။ လူနာနံပါတ်(၁)အနေနဲ့ မတ် ၁၅ ရက်ကနေ ၁၇ ရက်အထိ ကလေးမြို့မှာ နေထိုင်ပြီး ရွှေဆိုင်နဲ့ Photo Studio တွေကို သွားရောက်ခဲ့ပါတယ်။ မတ် ၁၇ ရက်မှာတော့ ကလေးမြို့ကနေ တီးတိန်မြို့ကို ပြည်ချစ်သား လိုင်းကားနဲ့ ထွက်ခွာလာရာ ကားပေါ်မှာ တခြားခရီးသည် ၁၂ ဦးပါရှိတယ်လို့ သိရပါတယ်။
တီးတိန်မြို့မှာ တစ်ညအိပ်ပြီး မတ် ၁၈ ရက်မှာတော့ ကပ်တဲလ်ကျေးရွာကို AG အသင်းတော်ကားနဲ့ ထွက်ခွာခဲ့ပါတယ်။ မတ် ၁၉ ရက်မှာ အဖျားဝေဒနာကို စတင်ခံစားခဲ့ရတဲ့အတွက် ဆေးခန်းပြရာက တီးတိန်ပြည်သူ့ဆေးရုံမှာ စနစ်တကျ အသွားအလာကန့်သတ်ခြင်း (Quanartine) ပြုလုပ်ခဲ့တာပါ။
လူနာနံပါတ်(၁)ရဲ့ ဖြစ်စဉ်ကို ကြည့်ရင် မတ် ၁၅ ရက်က မြန်မာနိုင်ငံကို ရောက်ရှိပြီး မတ် ၁၉ ရက်မှာ ရောဂါလက္ခဏာပြတာဖြစ်တဲ့အတွက် ကြားထဲမှာ လေးရက်လောက်က ဟခဲ့ပါတယ်။ အတည်ပြု လူနာအဖြစ်ကိုတော့ ဝန်ကြီးဌာနက မတ် ၂၃ ရက်မှာ ကြေညာခဲ့တာပါ။ အဲဒီလေးရက်အတွင်းမှာလည်း သူသွားခဲ့တဲ့အနေအထားအရ စိုးရိမ်စရာ ကောင်းတာက ကလေးမြို့ကနေ တီးတိန်မြို့ကိုလာတဲ့ လိုင်းကားမှာ ခရီးသည် ၁၂ ဦး စလုံးဟာ ဘယ်သူဘယ်ဝါဆိုတာ လိုက်လံစုံစမ်းဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခရီးစဉ်တစ်လျှောက် လူနာနံပါတ်(၁)နဲ့ ထိတွေ့ခဲ့တဲ့ ပြည်သူလူထုအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မတ် ၂၉ ရက် နံနက်ပိုင်းအထိ တီးတိန်မြို့က လူနာနံပါတ်(၁)နဲ့ ခရီစဉ်တစ်လျှောက် အဓိကထိတွေ့ခဲ့တဲ့ လူတွေအကုန်လုံး ကျန်းမာရေးဌာနတွေကို လာရောက်ဆက်သွယ်ခြင်း ရှိ မရှိ ဆိုတာတော့ ဝန်ကြီးဌာနက မထုတ်ပြန်တဲ့အတွက် အတိအကျ မသိသေးပါဘူး။
နောက်ထပ် ပြည်သူတွေကြားမှာ စိုးရိမ်ခဲ့ရတဲ့ လူနာကတော့ လူနာနံပါတ်(၄) ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မြန်မာလူမျိုးလူနာနံပါတ်(၄) ဟာ အမေရိကန်နိုင်ငံကနေ ရန်ကုန်မြို့ကို မတ် ၁၉ ရက်က ပြန်လည်ရောက်ရှိခဲ့ပါတယ်။
မတ် ၁၉ ရက်က ရောက်ရှိပေမဲ့ မတ် ၂၂ ရက်မှာ ဖျားခြင်း၊ ချောင်ဆိုးခြင်း၊ မောပန်းခြင်း လက္ခဏာတွေကို စတင်ခံစားခဲ့ရပါတယ်။ မတ် ၂၅ ရက်မှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို လာရောက်ပြသရာက ကန်တော်နဒီဆေးရုံဆီ လွှဲပြောင်းပေးပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထား ကုသပေးခဲ့ပါတယ်။ ဓာတ်ခွဲအဖြေအရ လူနာနံပါတ်(၄) အဖြစ် မတ် ၂၇ ရက်မှာ ဝန်ကြီးဌာနက အတည်ပြုကြေညာပါတယ်။
လူနာနံပါတ်(၄) ရဲ့ မြန်မာနိုင်ငံကို ရောက်ရှိချိန်ကစလို့ သွားလာခဲ့တဲ့နေရာတွေအဖြစ် မတ် ၁၉ ရက်က တောင်ဥက္ကလာမြို့နယ်မှာ တစ်ညအိပ်နေထိုင်ခဲ့သလို မတ် ၂၀ ရက်မှာလည်း ရန်ကုန်ကနေ မန္တလေးသို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်နဲ့ သွားရောက်ခဲ့ပြီး ကားဂိတ်ကနေ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေရာမှာ လူနာနံပါတ်(၄) အနေနဲ့ အဓိကထိတွေ့မှုအဖြစ် ရန်ကုန်ကနေ မန္တလေးပြန်ရာမှာ စီးခဲ့တဲ့ အဝေးပြေးမှန်လုံယာဉ်နဲ့ မီနီအိုးဝေယာဉ်ပဲ ဖြစ်ပါတယ်။ ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီးနောက် လူနာနံပါတ်(၄) ကို လိုက်ပို့ခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်းသူက သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး စစ်ဆေးမှုတွေခံယူခဲ့သလို Quarantine ပြုလုပ်ခံခဲ့ရပါတယ်။ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ပေါ်မှာပါတဲ့ ခရီးသည်အားလုံး လာရောက်အစစ်ခံခြင်း ရှိ မရှိ ဆိုတာတော့ မသိရသေးပါဘူး။
ဒီဖြစ်စဉ်နှစ်ခုကို ကြည့်ရင် ပြည်သူတွေကြားမှာ စိုးရိမ်ထိတ်လန့်နေတဲ့အကြောင်းအရာက ရောဂါပိုးရှိသူသွားရာ လမ်းတစ်လျှောက်မှာ ထိတွေ့ခဲ့တဲ့သူတွေ အကုန်လုံး ကူးစက်ခံရပြီး ရောဂါပြန့်ပွားလာမှာကိုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ COVID-19 ဗိုင်းရပ်စ်ပိုးဟာ သေဆုံးမှုနှုန်း နည်းပေမဲ့ ကူးစက်မှုနှုန်းက မြန်ဆန်တဲ့အတွက် ဒီအပေါ်မှာ ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
အမေရိကန်၊ အီတလီ၊ စပိန် စတဲ့ အင်အားကြီးနိုင်ငံတွေမှာတောင် ဒီရောဂါရဲ့ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းက နေ့စဉ်သတင်းတွေမှာ အံ့သြစရာကောင်းလောက်အောင် မြင့်တက်နေတဲ့အတွက် ပြည်သူတွေ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်ချင်စရာပါပဲ။
မတ် ၂၉ ရက် နံနက်ပိုင်းအထိ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူ ဦးရေ ၆၆၃၇၄၀ ရှိပြီး သေဆုံးသူဦးရေ ၃၀၈၇၉ ရှိတယ်လို့ သိရပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေသလို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ကလည်း ကြေညာထားပြီးဖြစ်ပါတယ်။
COVID-19 ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြောက်မက်ဖွယ်ရာ ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့အတွက် လူနာနံပါတ်(၁)နဲ့ (၄) သွားရောက်ခဲ့တဲ့ခရီးကို ကြည့်ပြီး ပြည်သူတွေ စိုးရိမ်နေချိန်မှာပဲ နောက်ထပ်လူနာနံပါတ်(၈) ရဲ့ သွားလာခဲ့တဲ့ခရီးလမ်းကြောင်းက ပြည်သူတွေအတွက်တော့ တစ်ပူပေါ် နှစ်ပူဆင့်တာပါပဲ။
လက်ရှိအချိန်မှာ လူနာနံပါတ်(၈) သွားရောက်ခဲ့တဲ့ နေရာဒေသတွေမှာ Lockdown ချတာတွေ၊ ပိုးသတ်ဆေးဖျန်းတာတွေ၊ Quarantine လုပ်တာတွေကို ဒေသဆိုင်ရာအာဏာပိုင်တွေက အမြန်ဆုံးလုပ်ဆောင်နေပေမဲ့လည်း ဘယ်လောက်အတိုင်းအတာအထိ ကူးစက်ခဲ့ပြီလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။
မြန်မာနိုင်ငံလို ဆင်းရဲပြီး ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံက ပြည်သူတွေအတွက် COVID-19 ဗိုင်းရပ်စ်တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်လာဖို့ဆိုတာ လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေဆီမှာ ဘယ်လောက်အထိ ရောဂါကူးစက်လာနိုင်မလဲဆိုတဲ့အပေါ် အများကြီးမူတည်တဲ့အတွက် ဆက်လက်စောင့်ကြည့်ရုံသာ ရှိပါတော့တယ်။










