Lockdown ချဖို့ လိုအပ်နေပြီလား

Lockdown ချဖို့ လိုအပ်နေပြီလား
COVID-19 Positive လူနာနေထိုင်ခဲ့သည့် တိုက်ခန်းအား ဝင်ထွက်သွားလာခွင့်ပိတ်ရန် စီစဉ်ဆောင်ရွက် နေသည်ကို မတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)
COVID-19 Positive လူနာနေထိုင်ခဲ့သည့် တိုက်ခန်းအား ဝင်ထွက်သွားလာခွင့်ပိတ်ရန် စီစဉ်ဆောင်ရွက် နေသည်ကို မတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)
Published 29 March 2020
ဇော်မင်းနိုင်

မတ် ၂၃ ရက် ညသန်းခေါင်ယံအချိန်မှာ မြန်မာနိုင်ငံကို မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တစ်ယောက် ရှိပါတယ်။ အဲဒါကတော့ တစ်ကမ္ဘာလုံးကို လျင်လျင်မြန်မြန်နဲ့ ကူးစက်နေတဲ့ COVID-19 လို့ခေါ်တဲ့ ဧည့်သည်ပါ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဲဒီရောဂါကို ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဲဒီလိုကြေညာပြီး ၁၀ ရက်ကျော်အကြာမှာတော့ ပြည်တော်ပြန်လာတဲ့ နိုင်ငံသား နှစ်ဦးမှာ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

လူမှလူကို ကူးစက်ရာမှာ ယခင်က ဖြစ်ပွားခဲ့ဖူးတဲ့ ဆားစ်ရောဂါ၊ မားစ်ရောဂါများထက် ပိုမိုကူးစက်လွယ်ခဲ့ပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာဆိုရင် တစ်ဟုန်ထိုး ပျံ့နှံ့လာခဲ့ပါတယ်။

မတ် ၂၈ ရက် ညနေ ၆ နာရီ စာရင်းအရ တစ်ကမ္ဘာလုံးမှာ အတည်ပြုလူနာ စုစုပေါင်း ၆၁၄၀၅၂ ဦးရှိပြီး သေဆုံးသူ ၂၈၂၃၄ ဦးရှိပါတယ်။ ကူးစက်ခံရသူများအနက် လူ ၁၃၇၂၇၁ ဦး ပြန်လည်ကောင်းမွန်လာတယ်လို့  Worldometer က ထုတ်ပြန်ထားပါတယ်။ (ရောဂါပိုး ကူးစက်မှုများအရ စာရင်းမှာအချိန်နှင့်အမျှ ပြောင်းလဲနေပါတယ်။)

စတင်ကူးစက်သူ တစ်ဦးထံကနေ လူတစ်သိန်းအထိ ကူးစက်ဖို့အတွက် ရက်ပေါင်း ၆၇ ရက်ကြာမြင့်ပါတယ်။ ဒါပေမဲ့ အဲဒီလို တစ်သိန်းကနေ နောက်ထပ်တစ်သိန်း ပြည့်ဖို့အတွက် အချိန်အများကြီး မလိုအပ်ပါဘူး။ နောက်ထပ်တခါ တစ်သိန်းပြည့်ဖို့အတွက် ၁၂ ရက်ပဲ ကြာခဲ့ပါတယ်။ နောက်ထပ်တစ်သိန်း ပြည့်ဖို့အတွက် လေးရက်ပဲ အချိန်ယူခဲ့ပါတယ်လို့ Worldometer ၏ စာရင်းများအရ သိရပါတယ်။

ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ မတ် ၂၈ ရက် အထိ စာရင်းအရ ရောဂါဖြစ်ပွားသူ ၈၁၃၉၄ ဦးရှိပြီး သေဆုံးသူ ၃၂၉၅ ဦး ရှိပါတယ်။ တရုတ်နိုင်ငံထက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအရေအ တွက် ပိုများတဲ့ နိုင်ငံတွေကတော့ အမေရိကန်နဲ့ အီတလီနိုင်ငံတွေ ဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် မတ် ၂၈ ရက် ညနေ ၆ နာရီစာရင်း အရ ၁၀၄၂၅၆ ဦး၊ အီတလီမှာဆို ရင် ၈၆၄၉၈ ဦးရှိပါတယ်။ သေဆုံး နှုန်းကတော့ အီတလီမှာ ၉၁၃၄ ဦး၊ အမေရိကန်မှာဆိုရင် ၁၇၀၄ ဦးရှိပါ တယ်။ ထူးထူးခြားခြားအနေနဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုနည်း ပါးပေမဲ့ သေဆုံးမှုအများဆုံးနိုင်ငံ ကတော့ စပိန်နိုင်ငံဖြစ်ပါတယ်။ စပိန်နိုင်ငံမှာဆိုရင် ကူးစက်ခံရသူ ၇၂၂၄၈ ဦးရှိပေမယ့် သေဆုံးမှုကတော့ ၅၆၂၉ ဦးရှိပါတယ်။

လူတစ်ထောင်နဲ့အထက်ကူး စက်ခံသူရှိတဲ့နိုင်ငံတွေကတော့ မတ် ၂၈ ရက်စာရင်းအရ ၃၉ နိုင်ငံ ရှိပါတယ်။ အဲဒီထဲမှာ အများဆုံးပါဝင်တဲ့ ဒေသကတော့ ဥရောပဒေသ ကဖြစ်ပြီးတော့ အနည်းဆုံးဒေသက တော့ အာဖရိကတိုက်ဖြစ်ပါတယ်။ အာဖရိကတိုက်မှာဆိုရင် တောင် အာဖရိကနိုင်ငံဖြစ်ပြီးတော့ မြန်မာ နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ၁၂၄၅ ဦးကူး စက်ခံရပြီးတော့ ခြောက်ဦးသေဆုံး ခဲ့ပါတယ်။ ကျန်တဲ့အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ အိန္ဒိယနိုင်ငံကတော့ ဒီဆောင်းပါးရေးနေတဲ့ အချိန်အထိ လူတစ်ထောင်ကျော် ကူးစက်ခံရတဲ့ စာရင်းထဲမှာ မပါသေးပေမယ့် မကြာခင်မှာ ကျော်တက်မယ့် အခြေအနေမှာ ရှိပါတယ်။ မတ် ၂၈ ရက် ညနေ ၆ နာရီစာရင်းအရ အိန္ဒိယနိုင်ငံမှာ ကူးစက်ခံရသူ ၉၃၃ ဦးရှိ ပါတယ်။

ကိုရိုနာကို ဘယ်လိုထိန်းချုပ်မလဲ

လျင်မြန်တဲ့အရှိန်နဲ့ ကူးစက်နေဆဲဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်တဲ့ ဆေးဝါးမပေါ်သေးပါဘူး။ ရောဂါပိုး ကူးစက်မှု မခံရဖို့အတွက် WHO က ချမှတ်ထားတဲ့သတ် မှတ်ချက်တွေကို လိုက်နာရပါတယ်။

ရောဂါစတင် ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ မြို့တစ်ခုလုံးကို Lockdown ချလိုက်ပါတယ်။ အဲဒီလို စတင်လုပ်ဆောင်ခဲ့ပြီးတော့ မလုံလောက်တဲ့အတွက်ကြောင့် ဟူပေးပြည်နယ် တစ်ခုလုံးကို ထပ်မံ Lockdown ချလိုက်ပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ မြို့တွေအနက်က ဝူဟန်မြို့ ဟာ လူဦးရေ အများဆုံးမြို့လည်း ဖြစ်ပြီးတော့ လူ ၁၁ သန်းကျော် နေထိုင်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စီးပွားရေးဗဟို မြို့ကြီးတစ်ခုထဲမှာလည်း ပါဝင်ပါတယ်။ လူ ၁၁ သန်းကျော် နေထိုင်တဲ့ မြို့တစ်မြို့ကို Lockdown ချလိုက်တယ် ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဝူဟန်မြို့ကို ဇန်နဝါရီလကနေ ဧပြီလအထိ Lockdown ပြုလုပ်ဖို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို မတ်လဆန်းပိုင်းမှာ ထိန်းထားနိုင်ခဲ့ပြီးတော့ အရေးပေါ် ဆောက်လုပ်ခဲ့ရတဲ့ ဆေးရုံအချို့ကို ပြန်လည်ပိတ်သိမ်း ခဲ့ပါတယ်။

Lockdown ဆိုတာကတော့ ဗမာလို ဘာသာပြန်ရမယ်ဆိုရင် လူတစ်ယောက်၊ လူအစုအဝေး၊ မြို့တစ်မြို့ကို ခေတ္တပိတ်ဆို့ လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမြို့ ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာရှိတဲ့ သူတွေနဲ့ အသွားအလာ အဆက်အဆံ ရပ်ဆိုင်းလိုက်တာပါ။

Lockdown ချမယ်ဆိုရင် သူ့အဆင့်အလိုက် လုပ်ဆောင်ရပါတယ်။ သူ့သတ်မှတ်ချက်တွေ ရှိပါတယ်။ အစားအသောက်တွေ၊ စျေးဆိုင်တွေကိုတော့ ဆက်ဖွင့်ထားရမယ် ဆိုပေမဲ့ လူစုလူဝေးခွင့် မရှိပါဘူး။ တမြို့နဲ့ တစ်မြို့ ကူးလူးဆက်ဆံမှု မလုပ်ရပါဘူး။ ဝယ်စရာပစ္စည်း ထွက်ဝယ်တဲ့အချိန်ကို အစိုးရက သတ်မှတ်ပေးပါတယ်။

အာရှမှာတော့ Lockdown ချခဲ့တဲ့ မြို့ကြီးတွေကတော့ နယူးဒေလီ၊ ဟောင်ကောင်၊ မနီလာ၊ ကွာလာလမ်ပူ၊ ဘန်ကောက် စတဲ့မြို့ကြီးတွေ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ သူ့အဆင့်အလိုက် Lockdown ချထားတာ ဖြစ်ပါတယ်။

ဥရောပဘက်မှာ ဆိုရင်တော့ စပိန်၊ အီတလီ၊ အင်္ဂလန်၊ ဂျာမနီ စတဲ့နိုင်ငံတွေမှာရှိတဲ့ မြို့ကြီးအချို့မှာ လုပ်ကိုင်နေပြီးတော့ လက်ရှိမှာ ကူးစက်ခံရမှု အများဆုံး ဖြစ်နေတဲ့ အမေရိကန်မှာတော့ ပြည်နယ်အချို့၊ မြို့အချို့တွေမှာ Lockdown ချတာ လုပ်ဆောင်နေပါတယ်။

ကမ္ဘာ့စီးပွားရေးကိုပါ ဒုက္ခပေးနေတဲ့ ကိုရိုနာ

ဒီဇင်ဘာလကုန်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးမှာလည်း အကျပ်အတည်းများနဲ့ ရင်ဆိုင်နေရပါတယ်။ COVID-19 ရောဂါ ကူးစက်ခံရသည့် နိုင်ငံအများစုမှာ အလုပ်လက်မဲ့ ပြသာနာများ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ လူပေါင်း သုံးဘီလျံလောက်ကို Lockdown ချထားအပြီးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ် ကြီးလာနိုင်တယ်လို့ မတ် ၂၆ ရက်မှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်များ ဆွေးနွေးပွဲအပြီးမှာ ထွက်ပေါ်လာခဲ့ပါတယ်။

၁၉၂၉ ခုနှစ်တွင် ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး နောက်ပိုင်း လက်ရှိအခြေအနေကတော့ အဆိုးရွားဆုံး အခြေအနေတစ်ခု ဖြစ်တယ်လို့ CNBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၁၉၂၉ အောက်တိုဘာ ၂၉ ရက်မှာ အမေရိကန်ရှိ စတော့စျေးကွက် ပြိုလဲရာကနေ ကမ္ဘာ့စီးပွား ပျက်ကပ်ကြီး စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အမည်းရောင် အင်္ဂါနေ့ဟု သတ်မှတ်ခဲ့သည့် ယင်းနေ့မှစကာ ကမ္ဘာ့စီးပွားရေး ပြိုလဲခဲ့တာဖြစ်ပြီး ပြန်လည်နာလန်ထူဖို့ ဆယ်စုနှစ် တစ်ခုနီးပါးကြာ အချိန်ယူခဲ့ရပါတယ်။

အဲဒီစီးပွားပျက်ကပ်ကတော့ လူကလုပ်တဲ့ စီးပွားပျက်ကပ်ဖြစ်ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားဖို့များနေတဲ့ ကမ္ဘာ့စီးပွား ပျက်ကပ်ကတော့ ရောဂါကြောင့် ဖြစ်ပွားလာမယ့် ကပ်ဘေးလို့ ဆိုနိုင်ပါတယ်။

ကိုရိုနာနဲ့ မြန်မာ

မတ် ၂၃ ရက် ညသန်းခေါင်ယံမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးရှိတယ်လို့ ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ ရန်ကုန်မြို့မှာရှိတဲ့ ၂၄ နာရီဖွင့်လှစ် ရောင်းချနေတဲ့ အရောင်းစင်တာတွေမှာ စျေးဝယ်သူတွေနဲ့ ပြည့်ကြပ်ခဲ့ပါတယ်။

စျေးဝယ်သူတွေ များပြားတဲ့ အတွက်ကြောင့် စင်တာတွေမှာရှိတဲ့ အရောင်းဝန်ထမ်းတွေအနေနဲ့ လက်မလည်အောင် အလုပ်များခဲ့လို စျေးဝယ်စင်တာ လုံခြုံရေးတွေ အတွက်လည်း အရင်ရက်တွေထက် နှစ်ဆပိုပင်ပန်းခဲ့တဲ့ အချိန်ပဲ ဖြစ်ပါတယ်။

စျေးဝယ်သူတွေအနေနဲ့ ဆန်၊ ဆီ၊ ဆားကဲ့သို့ စားသုံးကုန်တွေအပြင် ခေါက်ဆွဲခြောက်လို အရံသင့် စားသောက်နိုင်တဲ့ ကုန်ပစ္စည်းတွေကို အဓိကထား ဝယ်ယူခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီအချိန်က ကိုရိုနာဗိုင်းရပ်စ်ပိုး လူနှစ်ဦးမှာ စတွေ့တဲ့အချိန်ပါ။

မတ် ၂၇ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှစ်ဦးအထိ ရှိလာပါပြီ။ အဲဒီထဲမှာ လုပ်ငန်းသဘောအရ နေရာစုံသွားရတဲ့ ဧည့်လမ်းညွှန် တစ်ဦးလည်း ပါဝင်လာပါပြီ။ သူနဲ့အတူ ပြည်ပခရီးသွားတွေက ရှမ်းပြည်နယ် ဟဲဟိုး၊ ညောင်ရွှေ၊ အင်းလေး စတဲ့နေရာတွေအပြင် ရွှေဥမင်လိုဏ်ဂူလို နေရာမျိုးတွေကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။ စီးနင်းခဲ့တာကတော့ ပြည်တွင်းလေကြောင်းလိုင်း တစ်ခုအပြင် မော်တော်ယာဉ် စတာတွေကိုလည်း အသုံးပြုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ စတင်တွေ့ရှိပြီဆိုတဲ့သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ အခြေခံ လူတန်းစားတွေအတွက် ရိုက်ခတ်မှုက စလာနေပြီ ဖြစ်ပါတယ်။

စတင်ထိခိုက်ခဲ့တာကတော့ စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံလုပ်သားတွေပဲ ဖြစ်ပါတယ်။ မတ် ၂၃ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအ ရတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံ ၃၇ ရုံဟာ ခေတ္တရပ်ဆိုင်းခြင်း၊ အပြီးပိတ်သိမ်းခြင်းတွေ ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၇၀၀၀ ကျော်အထိ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားပါတယ်။

ခေတ္တပိတ်သိမ်းခြင်း၊ အပြီးရပ်နားခြင်းတွေကို ပြုလုပ်ခဲ့တဲ့ စက်ရုံတွေထဲမှာ အထည်ချုပ်စက်ရုံက အများဆုံး ဖြစ်ပြီးတော့ အိတ်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ စက္ကူပြား စက်ရုံတွေလည်း ပါဝင်ပါတယ်။

အဲဒီအပြင် လှိုင်သာယာမြို့နယ် အတွင်းမှာရှိတဲ့ အခြားစက်ရုံတွေမှာလည်း ကုန်ကြမ်းပြတ်လပ်နေမှုတွေနဲ့ ရင်ဆိုင်နေရပြီးတော့ အလုပ်သမားတွေကို အချိန်ပိုမပေးနိုင်ခြင်း၊ အလုပ်သမားအသစ် ထပ်မံခေါ်ယူမှု မရှိတာ တွေကိုလည်း ကြုံတွေ့နေရပါတယ်။

တရုတ်နိုင်ငံက အထည်ချုပ်စက်ရုံတွေအတွက် ကုန်ကြမ်းတွေ ရောက်ရှိလာခဲ့ပေမယ့် အဲဒါတွေက လတ်တလော အဆင်ပြေနိုင်ပေမယ့် ထပ်မရတော့ဘူး ဆိုရင်တော့ အခက်တွေ့နိုင်တယ်လို့ အထည်ချုပ် လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံ လူတန်းစားတွေမှာ စီးပွားရေး ကြပ်တည်းမှုတွေ ရှိနေတဲ့အချိန်မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ဆက်တွဲ အခြေအနေကြောင့် ပိုမိုကြပ်တည်းလာပါတယ်။

“အရင်တုန်းက လကုန်ပြီး ၁၀ ရက် ၁၅ ရက်အတွင်းမှာ ရောင်းကောင်းတယ်။ ရက် ၂၀ နောက်ပိုင်းဆိုရင် နည်းနည်းအရောင်းပါးတယ်။ အခုကျတော့ လကုန်ပြီး ၁၀ ရက်တောင် မရောက်သေးဘူး။ အရောင်းအဝယ် မကောင်းတော့ဘူး” လို့ သာကေတမြို့နယ်မှာ အကင်ဆိုင်ဖွင့်လှစ် ရောင်းချနေတဲ့ မဇာခြည်မြင့်က ဆိုပါတယ်။

ကိုရိုနာပိုး တွေ့ပြီဆိုတဲ့ နောက်ပိုင်းမှာတော့ လမ်းပေါ်မှာလည်း လူအသွားအလာ နည်းပါးပြီးတော့ ဆိုင်လည်း ရောင်းမကောင်းတော့လို့ ဆိုင်စောစော သိမ်းရတာတွေ ရှိလာတယ်လို့ သူမက ဆက်ပြောပါတယ်။

အဲဒီလိုပဲ အငှားယာဉ်မောင်းဖြစ်တဲ့ ကိုအောင်မျိုးကလည်း ဒီရက်ပိုင်းတွေမှာ အုံနာခ မနည်းရှာရတယ်လို့ ဆိုပါတယ်။ “အခုက လမ်းပေါ်မှာကို လူမရှိတာ။ ဆီစျေးတွေကျနေလို့ နည်းနည်းခံသာတယ်လို့ ပြောလို့ရတယ်” လို့ ကိုအောင်မျိုးက ဆိုပါတယ်။

ဖုန်းထဲမှာ ပေါ်လာတဲ့ စျေးဝယ်စင်တာတွေမှာ ညသန်းခေါင်ယံအချိန် လူတွေတိုးဝှေ့နေတဲ့ ဓာတ်ပုံကိုပြပြီး ဒီလိုဝယ်ဖို့သူတို့မှာ ပိုက်ဆံမရှိဘူးလို့ ကိုအောင်မျိုးက ဆိုပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း အများဆုံးရှိတယ်လို့ ဆိုနိုင်တဲ့ ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လမ်းပေါ်မှာ လူသွားလူလာ အရင်ကထက် နည်းလာပါတယ်။ အဲဒီလို အခြေအနေတွေက အခြေခံ လူတန်းစားတွေအတွက် ဝင်ငွေရရှိဖို့ ထိခိုက်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံး ပျံ့နှံ့နေပေမယ့် မြန်မာနိုင်ငံကို မရောက်သေးတဲ့ အချိန်မှာတောင် စတင်ထိခိုက်ခဲ့တာကတော့ ခရီးသွားလုပ်ငန်းတွေပါ။ လေကြောင်းလိုင်းတွေ ကန့်သတ်မှု၊ ရောဂါဖြစ်နေတဲ့ နေရာက ဝင်လာတဲ့သူတွေကို ဗီဇာပိတ်မှုတွေကြောင့် တရုတ်ခရီးသွားတွေနဲ့ တက်ရှိန်ရနေတယ်လို့ ဆိုနိုင်တဲ့ မြန်မာ့ခရီးသွားလုပ်ငန်း စတင်ပြိုလဲခဲ့ရပါတယ်။

ဒုတိယတစ်ခုကတော့ အထည်ချုပ်လုပ်ငန်းတွေ ဖြစ်ပါတယ်။ ကုန်ကြမ်းအတွက် တရုတ်နိုင်ငံက မှာယူထားတာတွေ ရောက်ရှိလာပေမယ့် စျေးကွက်အခြေအနေက မူလအတိုင်း မရှိသေးဘူးလို့ စီးပွားရေး ပညာရှင် တစ်ဦးဖြစ်တဲ့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

“တရုတ်ကုန်ကြမ်းတွေ ရောက်ပေမယ့် စျေးကွက်ကမရှိဘူး ဖြစ်နေတယ်။ COVID-19 ကို ကမ္ဘာမှာ ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိမှပဲ ပုံမှန်အတိုင်း လည်ပတ်နိုင်မှာ။ အဲဒီမတိုင်ခင်ကတော့ တစ်ဘက်က ကုန်ထုတ်လုပ်မှု မရပ်အောင် လုပ်နိုင်ပေမယ့် ဒါက (ကိုရိုနာဗိုင်းရပ်စ်) မရပ်နိုင်သေးဘူးဆိုရင် သိပ်အခြေအနေ ကောင်းမှာ မဟုတ်သေးဘူး” လို့ ဦးဇော်ဖေဝင်းက သုံးသပ်ပါတယ်။

ဒါတွေရဲ့ အကျိုးဆက်တွေအရ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းအချို့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ကိုရိုနာရိုက်ခတ်မှုကို အစိုးရက ဘယ်လိုကိုင်တွယ်နေသလဲ

ကမ္ဘာမှာ ကူးစက်မှုနှုန်း ကြောက်ခမန်းလိလိ မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို စရောက်လာတဲ့ အချိန်မှာ အစိုးရက ရောဂါပိုး တွေ့ရှိသူတွေ သွားလာခဲ့တဲ့ လမ်းကြောင်းတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို လိုက်လံရှာဖွေပြီး စောင့်ကြည့် နေရာတစ်ခုမှာ ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ စတွေ့ခဲ့တဲ့ မတ် ၂၃ ရက်ကနေ မတ် ၂၈ ရက် ငါးရက်တာအတွင်းမှာတော့ ကူးစက်ခံရသူ ရှစ်ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

အဲဒီရှစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ သူတွေကိုလည်း လက်ရှိအချိန်အထိ လိုက်လံစုံစမ်းနေပြီးတော့ စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ထိတွေ့ခဲ့သူတွေ အကုန်လုံးကို မစုစည်းနိုင်သေးပါဘူး။

သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ကူးစက်ခံရတဲ့သူတွေ သွားလာတဲ့နေရာတွေ၊ ထိတွေ့ခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ သူတို့နေထိုင်ခဲ့တဲ့ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေမှာတော့ အဝင်အထွက် ပိတ်ဆို့တာတွေ လုပ်ဆောင်နေပါတယ်။

ဗိုင်းရပ်စ်ပိုး မတွေ့ခင်ကတည်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်သူသို့ ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အစိုးရက ဦးဆောင်ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်ကို မကျင်းပတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဦးစီးဦးဆောင်လုပ်တဲ့ ပွဲတော်တွေ၊ အခမ်းအနားတွေကို ဧပြီလကုန်အထိ ရွှေ့ဆိုင်း ထားတယ်လို့ အဲဒီပန်ကြားလွှာမှာ ဖော်ပြထားပါတယ်။

နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စာမေးပွဲတွေ ရွှေ့ဆိုင်းခြင်း၊ ရုပ်ရှင်ရုံများ ပိတ်သိမ်းခြင်း စတာတွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့မီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားခဲ့ရာမှာတော့ လိုအပ်တဲ့နေရာတွေအတွက် လှူဒါန်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အလားတူ ထိခိုက်မှုတွေရှိနေတဲ့ လုပ်ငန်းရှင်တွေကို ထောက်ပံ့မှုတွေ ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုရိုနာကို ထိန်းချုပ်နိုင်ဖို့ Lockdown ချဖို့ လိုအပ်ပြီလား

မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ပြည်တော်ပြန်နှစ်ဦးကနေ ပိုးစတွေ့ခဲ့ရာကနေ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုရိုနာပိုး ကူးစက်ခံရသူ ရှစ်ဦးအထိ ရှိလာပါတယ်။ ထို့အတူပဲ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရသူ ဦးရေလည်း ပိုများလာခဲ့ပါပြီ။

ပိုးတွေ့ပြီး နောက်ပိုင်းမှာတော့ ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေမှာ အစားအသောက် ရောင်းတဲ့ဆိုင်တွေ၊ လဘက်ရည်ဆိုင် တွေကိုလည်း ဖွင့်လှစ်ခွင့်မပေးတော့ဘဲ ဒေသန္တရအ မိန့်ထုတ်ပြန်ကာ တားဆီးခြင်းတွေ စတင်ဆောင်ရွက်နေပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကို အရှိန်တန့်အောင် လုပ်ဆောင်နိုင်တာ Lockdown ချတာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Lockdown လုပ်တဲ့အတွက်ကြောင့် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။

ကောင်းကျိုးကတော့ မြန်မာနိုင်ငံလို ကျန်းမာရေး အဆောက်အအုံ မပြည့်စုံတဲ့ နိုင်ငံလိုမျိုးမှာ ဒီလိုမျိုး လုပ်ဆောင်တာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိနိုင်ပါတယ်။ ရောဂါကူးစက်ခံရသူရဲ့ နောက်ကြောင်းရာဇဝင်ကိုလိုက်တဲ့ အချိန်တွေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို အာရုံစူးစူးစိုက်စိုက်နဲ့ လုပ်ကိုင်လာနိုင်ပါတယ်။

ကူးစက်မှု စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ရောဂါအရှိန်တန့်သွားအောင် လုပ်နိုင်ခဲ့တာ Lockdown ချလိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကူးစက်မှုအရှိန်မြင့်နေတဲ့ အီတလီ၊ အမေရိကန် စတဲ့နိုင်ငံတွေမှာ မြို့ကြီးတွေအလိုက် Lockdown လုပ်နေကြပါတယ်။

အီတလီနိုင်ငံဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုးကို စတွေ့တဲ့အချိန်မှာ ဖိဖိစီးစီး မကိုင်တွယ်ခဲ့လို့ အခုချိန်မှာ အသေအပျောက် အများဆုံးနိုင်ငံ ဖြစ်နေပါပြီ။ ဒီအချိန်မှာတော့ တက်သုတ်ရိုက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

အလားတူ စပိန်နိုင်ငံမှာ ဆိုရင်လည်း ကူးစက်မှုက တဟုန်ထိုး မြင့်တက်လာခဲ့ပြီးနောက်မှာ မြို့ကြီးတော်တော်များများကို Lockdown ချဖို့ ပြင်ဆင်နေပါပြီ။

စီးပွားရေး ကျဆင်းနေတဲ့ မြန်မာနိုင်ငံမှာတော့ Lockdown ချမယ်ဆိုရင်တော့ စိန်ခေါ်မှုတွေများစွာ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

လတ်တလော Lockdown လုပ်တဲ့ပုံစံတွေမှာတော့ အိန္ဒိယနိုင်ငံရဲ့ပုံစံကို အတုယူသင့်တယ်လို့ စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက ပြောပါတယ်။

“အိန္ဒိယမှာဆိုရင် အရင်ဆုံး Lockdown လုပ်လိုက်တယ်။ ပြီးတော့ အစိုးရကနေ တာဝန်ယူပြီးတော့ အခြေခံ စားကုန်တွေကို ဝယ်လို့အဆင်ပြေအောင် လုပ်ပေးတာရှိတယ်။ နိုင်နိုင်နင်းနင်းနဲ့လည်း လုပ်ပေးနေတယ်” လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

အဲဒီလိုလုပ်ပေးမယ် ဆိုရင်လည်း မြန်မာနိုင်ငံမှာတော့ အခြေခံ လူတန်းစားတွေ အတွက်ကတော့ ဝယ်ဖို့ အခက်အခဲ ရှိနိုင်ပါသေးတယ်။

“လုပ်ငန်းတွေ ရပ်နေတော့ အခြေခံလူတန်းစား၊ လစာနည်းတဲ့ ဝန်ထမ်းတွေက ဝယ်ဖို့အခက်အခဲရှိနိုင်တယ်။ အစိုးရဝန်ထမ်းကတော့ ဘာပဲပြောပြော လစာရနေမှာပဲလေ။ ပုဂ္ဂလိက ဝန်ထမ်းတွေကတော့ သူတို့အတွက်က အစိုးရက စားဝတ်နေရေး အခြေအနေ သိပ်မဆိုးသွားအောင် စားဝတ်နေရေးအတွက် လိုအပ်ရင် ထောက်ပံ့မှုပေးဖို့ လိုအပ်လိမ့်မယ်” လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

အစိုးရ မထောက်ပံ့ဘူးဆိုရင် အငတ်လည်း မနေနိုင်ရင် မှုခင်းတွေ ပိုဖြစ်လာပြီး အခြေအနေ ပိုဆိုးသွားလိမ့်မယ်လို့ ဦးဇော်ဖေဝင်းက သုံးသပ်ပါတယ်။

“အဲဒီလိုလုပ်ဖို့အတွက် အစိုးရမှာ အရေးပေါ် ရန်ပုံငွေရှိပါတယ်။ လိုအပ်လို့ မလောက်ဘူးဆိုရင် နိုင်ငံတော်သမ္မတရဲ့ သီးခြားအမိန့်နဲ့ လုပ်ရမှာပေါ့။ တခါတလေကျရင် လွှတ်တော်က အတည်ပြုတာတို့ဘာတို့ လုပ်လို့မရဘူး။ အခုဆို လွှတ်တော်ကလည်း နားသွားပြီ။ ဆိုတော့ ဒီချိန်မှာ လိုအပ်လို့ လုပ်ရမယ်ဆိုရင် နိုင်ငံတော်သမ္မတရဲ့ အမိန့်သုံးပြီး လုပ်ရတော့မှာပေါ့” လို့ သူကပြောပါတယ်။

အစိုးရအနေနဲ့ Lockdown ချမယ်ဆိုရင် အခြေခံလူတန်းစားတွေကို ကျားကန်ပေးနိုင်ဖို့ လိုအပ်သလို သူတို့အတွက် ထောက်ပံ့မှုတွေ ပေးရမှာပဲ ဖြစ်ပါတယ်။

“ရိက္ခာရှိတယ် ဆိုပေမယ့် အဲဒါကို ဝယ်နိုင်ဖို့အတွက် ဖန်တီးပေးရမှာပေါ့။ အစိုးရကတော့ ဧပြီလကုန် လောက်အထိ မှန်းထားတာပေါ့။ ဒါပေမဲ့ ဒီရောဂါက အဲဒီမှာတင် မတန့်ဘူးဆိုရင် အစိုးရက လုပ်ကိုလုပ်ရမယ့် သဘော (Lockdown ချခြင်း) ရှိပါတယ်။ ပြသာနာကလည်း ရေရှည်သွားမယ့် အခြေအနေရှိတယ်” လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားရမယ့် အခြေအနေလည်း ရှိပါတယ်။ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို တည်မြဲအောင်၊ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ရမှာက ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တာဝန်လည်း ဖြစ်ပါတယ်။

အရင်ကတည်းကမှ ယိမ်းယိုင်နေတဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာက Lockdown ချလိုက်ရင် ဖြစ်လာမယ့် ကိစ္စတွေကိုလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါ့မလား ဆိုတာက မေးခွန်းထုတ်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။

အစိုးရအတွက် စိန်ခေါ်ချက် ကြီးမားတယ် ဆိုရပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက်က Lockdown ချမှသာ အဆင်ပြေမယ့် အနေအထားလည်း ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ ဒုတိယအီတလီလို ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်။

တရုတ်နိုင်ငံမှာတော့ ဝူဟန်မြို့ကို အနည်းဆုံး နှစ်လကျော်ကြာ Lockdown ချခဲ့ရပါတယ်။ အဲဒီလိုလုပ်မှသာ ကူးစက်မှုအရှိန် တန့်သွားတာပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း Lockdown ပြုလုပ်မယ်ဆိုရင် အနည်းဆုံး တစ်လကျော်ကြာမှသာ အဆင်ပြေနိုင်မှာပါ။ အဲဒီကာလ အတွက်တော့ အစိုးရအနေနဲ့ ပြင်ဆင်ဖို့ လိုနေပါပြီ။

အထက်မှာဆိုခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးပါ ထိခိုက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံ အနေနဲ့လည်း ထိခိုက်မှုတွေ ရှိပါတယ်။ အဲဒီလိုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှုကလည်း ရောက်ရှိလာခဲ့ပါပြီ။ အခြေအနေတွေ အခုထက် ပိုဆိုးမလာဖို့ အတွက်ကတော့ Lockdown ချဖို့လိုအပ်နေသလို အဲဒီအတွက် စိန်ခေါ်ချက်တွေကို ပြင်ဆင်ထားဖို့လည်း လိုအပ်နေပြီ ဖြစ်ပါတယ်။ အဓိက စိန်ခေါ်ချက်ကတော့ အခြေခံ လူတန်းစားတွေအတွက် မည်သို့ထောက်ပံ့မှုတွေ လုပ်ဆောင်မလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။                                

Lockdown အကြောင်း သိကောင်းစရာ

- COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် အစိုးရအဖွဲ့များက Lockdown ဟုခေါ်သည့် နည်းလမ်း တစ်ရပ်ကို ကျင့်သုံးလာကြသည်။ နောက်ဆုံးအဖြစ် နယူးဇီလန်နိုင်ငံသည် မတ် ၂၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ  ၅၉ မိနစ်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Lockdown ပြုလုပ်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

- မဖြစ်မနေ မဟုတ်သော လုပ်ငန်းများအားလုံးကို ပိတ်ပစ်ရမည်ဖြစ်ပြီး လူတိုင်းသည် တစ်ဦးတည်း လေ့ကျင့်ခန်းလုပ်ခြင်းနှင့် မရှိမဖြစ် ဝန်ဆောင်မှုများထံသို့ သွားခြင်းတို့မှလွဲ၍ နေအိမ်ထဲ၌သာ နေကြရမည် ဖြစ်သည်။

- Lockdown ချထားစဉ်အတွင်း စူပါမားကက်များကို ဆက်လက်ဖွင့်ထားမည်ဖြစ်ပြီး ထောက်ပံ့ရေး လမ်းကြောင်းကို ဆက်လက် ထားရှိမည်ဖြစ်သည်။

- Lockdown တာဝန်အဖွဲ့များ အနေဖြင့် အနေအထားအရ၊ အနေအထား ဖြစ်ပေါ်ပြောင်းလဲမှုအရ အကြံဉာဏ်များကို Update လုပ်ကာ ပေးသွားမည်ဖြစ်သည်။

Lockdown မတိုင်မီ မည်သည့်အရာများကို ဆောင်ရွက်ရမည်နည်း

- ဦးစွာ ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်ရန်လိုသည်။ နိုင်ငံသားများ အနေဖြင့် စူပါမားကက်များသို့ သွားနိုင်ဆဲဖြစ်ပြီး ယင်းတို့၌ အစားအစာများ အမြဲရှိနေမည်ဖြစ်သည်။ ထောက်ပံ့ရေးလမ်းကြောင်း ဆက်လက် လည်ပတ်နေရန်အတွက် အစိုးရက တာဝန်ယူ တာဝန်ခံထားသည်။

- သို့သော် နိုင်ငံသားများ အနေဖြင့် မိမိဘာသာ အစီအစဉ်များ စတင်ချမှတ်ကာ ပြင်ဆင်ထားသင့်သည်။

- ယင်းတို့၌ မိမိ မိသားစုများ၊ ဆွေမျိုးများတို့နှင့် တိုင်ပင်ကာ အစီအစဉ်များ ရေးဆွဲခြင်း၊ မိမိတို့၏ လူ့အသိုင်း အဝိုင်းအတွင်း ဆက်သွယ်ရန် အသေးစိတ် အချက်အလက်များ ရေးဆွဲထားခြင်းနှင့် Lockdown ကာလတစ်လျှောက် မိမိအနေဖြင့် မည်သို့မည်ပုံ ဆောင်ရွက်မည်နည်း ဟူသည်ကို တွေးတောခြင်းတို့ ပါဝင်သည်။

- မိမိအနေဖြင့် အလုပ်ကို အိမ်မှနေ၍ လုပ်ဆောင်၍ ဖြစ်နိုင်သလား ဟူသည်ကို သိရှိထားသင့်သည်။

- မိမိအနေဖြင့် နေအိမ်မှ အဝေးသို့ ရောက်ရှိနေပါက ချက်ချင်းနေရပ်ပြန်ရန် စီစဉ်ရမည်ဖြစ်သည်။

အပြင်သို့ ထွက်နိုင်သေးပါသလား

- နိုင်ငံသားများအနေဖြင့် စူပါမားကက်သို့သွားခြင်း၊ တစ်ဦးတည်း လမ်းလျှောက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကလေးများကို ပန်းခြံသို့ လိုက်ပို့ခြင်းနှင့် ခွေးများ လမ်းလျှောက်မှုကို ထိန်းကျောင်းခြင်းတို့ ပြုလုပ်နိုင်သေးသည်။ ဥပမာအားဖြင့် မိမိတို့၏ ကလေးများကို ကမ်းခြေသို့ ခေါ်သွားနိုင်သော်လည်း အခြားကလေးများနှင့် ကစားခွင့် မပြုသင့်ပေ။

- Lockdown ၏ ရည်မှန်းချက်သည် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ရန် ဖြစ်သည်။ အစိုးရအနေဖြင့် ဖြစ်နိုင်သည့် အန္တရာယ်များနှင့် လူအုပ်အတွင်း ပျံ့နှံ့မှုတို့ကို တွက်ချက်သုံးသပ်ကာ ဘေးကင်းလုံခြုံမှုရှိပါက တစ်ဆင့်ချင်း ပြန်လည်လျှော့ချ သွားရမည်ဖြစ်သည်။

Lockdown ကို မည်သို့ အမိန့်အာဏာ ထိန်းသိမ်းမည်နည်း။

- သတ်မှတ်ချက်များနှင့်အညီ အမိန့်အာဏာ ထိန်းသိမ်းခြင်းကို ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များက ဆောင်ရွက်ရသည်။ လမ်းများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လုံလောက်စွာ ချထားမည်ဖြစ်သည်။ လိုအပ်ပါက တပ်မတော်က ပူးပေါင်းကူညီရမည်ဖြစ်သည်။

- Lockdown ၏ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရသူများကို အာဏာပိုင်များ အနေဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။

- အစိုးရအနေဖြင့် ရောဂါခြေချုပ် ချထားခြင်းကို ငြင်းဆန်သူများကိုလည်း လိုအပ်သလို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။

မည်သည်တို့ကို မရှိမဖြစ် ဝန်ဆောင်မှုများဟု သတ်မှတ်မည်နည်း။

- စူပါမားကက်များနှင့် ၎င်းတို့၏ ထောက်ပံ့ရေး လမ်းကြောင်းများကို ဆက်လက်ထားရှိရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးတို့အတွက် ပူပင်ကြောင့်ကြမှု မရှိရအောင် ဆောင်ရွက်ပေးရန် အစိုးရက တာဝန်ယူ တာဝန်ခံရမည်ဖြစ်သည်။ အဆိုပါ စူပါမားကက်များ ဘေးကင်းလုံခြုံမှုကို ရဲတပ်ဖွဲ့ အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက စောင့်ရှောက်ပေးရမည် ဖြစ်သည်။

- ဆရာဝန်များ၊ ဆေးဝါးပညာရှင်များ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်များ အနေဖြင့် ဆက်လက် အလုပ်လုပ်ကိုင်ရန် လိုအပ်သောကြောင့် ဆေးရုံများနှင့် ဆေးခန်းများ ဆက်လက်ဖွင့်ထားရမည် ဖြစ်သည်။ အရေးပေါ် ဝန်ဆောင်မှုများနှင့် အရေးကြီးသော ဆောက်လုပ်ရေးလုပ်ငန်း အချို့ကို ဆက်လက်လုပ်ကိုင်ခွင့် ပြုရမည်ဖြစ်သည်။

- အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ပြီး ပြည်သူတို့အတွက် မရှိမဖြစ် ဝန်ဆောင်မှုအားလုံးကို ခွင့်ပြုထားရမည် ဖြစ်သည်။

- ရေဒီယို၊ ရုပ်သံ၊ သတင်းစာ အစရှိသည့် မီဒီယာများ အားလုံးသည် ပြည်သူများအား အရေးကြီးသည့် သတင်း အချက်အလက်များ၊ လက်တွေ့ကျသော အကြံဉာဏ်များနှင့် သုံးသပ်ချက်များ ပေးရမည် ဖြစ်သောကြောင့် မရှိမဖြစ် ဝန်ဆောင်မှုများ၌ ပါဝင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုထားရမည် ဖြစ်သည်။

Ref : NZ Herald

 

Most Read

Most Recent