(၁)
လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါ မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့နေမှုကြောင့် ပြည်သူအများစုမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် မရှိမဖြစ် ကုန်ပစ္စည်းများဖြစ်သည့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းများကို ဝယ်ယူစုဆောင်းနေကြသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ (COVID-19) သည် မြန်မာနိုင်ငံတွင်လည်း ကူးစက်ခံရသူများ တွေ့ရှိလာနေသဖြင့် ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်နေခြင်း ဖြစ်သည်။
ယင်းအခြေအနေတွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်သွားနိုင်မည်လား ဆိုသည့်အပေါ်ကိုလည်း ပြည်သူများက ထိတ်လန့်နေကြကြောင်း သိရသည်။
ငွေကြေးတတ်နိုင်သူများက အခြေခံစားသောက်ကုန်များကို ဝယ်ယူစုဆောင်းမှုများ ပြုလုပ်နိုင်သော်လည်း တစ်နေ့အလုပ် လုပ်ကိုင်မှ တစ်နေ့စားရသည့် လက်လုပ်လက်စား လူတန်းစားများအတွက်မူ ဝယ်ယူ စုဆောင်းထားရန် မတတ်နိုင်ပေ။
“ ကျွန်မတို့လည်း မြင်ရကြားရပါတယ်။ လက်ထဲပိုက်ဆံရှိတဲ့သူတွေ တတ်နိုင်တဲ့သူတွေ ဝယ်နေကြတာ တွေ့ပါတယ်။ သူတို့ကတော့ ဝယ်စရာရှိတော့ ဝယ်ထားတာပေါ့။ ကျွန်မတို့က တစ်နေ့စျေးထွက်မှ အဲဒီကအမြတ်နဲ့ နောက်နေ့ စျေးရင်းချန်ပြီး ကိုယ်စားရတာလေ။ ဝယ်စု မထားနိုင်ပါဘူး။ မသိလို့တော့ မဟုတ်ဘူး သိတယ်။ ဝယ်စရာမရှိလို့ ငြိမ်နေရတာ၊ ဘယ်တတ်နိုင်မလဲ” ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသူ မသင်းသင်းက ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင် အခြေခံအလုပ်သမားများအများဆုံး အလုပ်လုပ်ကိုင်ကြသည့် စက်မှုဇုန်များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီစသည်တို့ကို အထူးစီမံချက်တစ်ရပ်ချမှတ်၍ ရောင်းချပေးနိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်က စီစဉ်ခဲ့သည်။
အထူးသဖြင့် အခြေခံအလုပ်သမား အများစုနေထိုင်ရာမြို့နယ်များသို့ အခြေခံစားသောက်ကုန်များကို ပုံမှန်ထက်သက်သာသော စျေးနှုန်းဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ညီနောင်အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီတို့နှင့်ပူးပေါင်း၍ မတ်၂၆ ရက် ညနေပိုင်းက လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူများသို့ ရောင်းချခဲ့သည်။
ဆန်တစ်ပြည် ကျပ် ၁၀၀၀၊ ဆားတစ်ထုပ်လျှင် ကျပ် ၁၀၀၊ Meizan ဟင်းသီးဟင်းရွက်ဆီ တစ်ဘူး ကျပ် ၁၅၀၀၊ ရာသက်ပန်နေကြာဆီ တစ်ဘူးကျပ် ၈၀၀၊ ရာသက်ပန် ဟင်းသီးဟင်းရွက်ဆီတစ်ဘူး ကျပ် ၁၄၀၀ နှုန်းဖြင့် မတ် ၂၆ ရက်က လှိုင်သာယာစက်မှုဇုန်တွင် ဆန်ငါးပြည် ထည့်ထားသောအိတ်ရေ ၂၀၀၀၊ ၂၄ ပြည်ခွဲဝင်ဆန်အိတ်ရေ ၂၀၀ ၊ စားအုန်းဆီ ငါးဆယ်သားဆံ့ဘူး ၁၀၀၀၊ ဆားအထုပ်ရေ ၁၅၀၀ တို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားစက်မှုဇုန်များ တည်ရှိရာမြို့နယ်များသို့လည်း လာမည့်ရက်များအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ ဆက်လက်လှည့်လည် ရောင်းချမည်ဖြစ်ရာ မတ် ၃၀ ရက်၊ တနင်္လာနေ့တွင် ရွှေပြည်သာစက်မှုဇုန်၊ မတ် ၃၁ ရက် အင်္ဂါနေ့တွင် ရွှေလင်ပန်းစက်မှုဇုန်၊ ဧပြီ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဧပြီ ၂ ရက် ကြာသပတေးနေ့တွင် တောင်ဒဂုံစက်မှုဇုန်နှင့် ဧပြီ ၃ ရက် သောကြာနေ့တွင် လှိုင်သာယာစက်မှုဇုန်တို့၌ ရောင်းချသွားမည်ဟု သိရသည်။
ထိုသို့လှည့်လည်ရောင်းချခြင်းဖြင့် လတ်တလော COVID-19 အရေးကြောင့် အများပြည်သူဝယ်ယူ စားသုံးနေသည့် အခြေခံစားသောက်ကုန်များ စျေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိစေရန်နှင့် စျေးနှုန်း ကြီးမြင့်ခြင်းမရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်း ဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီလက်ကားလုပ်ငန်း များကို ထိခိုက်မှု မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ကြေညာထားသည်။
(၂)
COVID-19 ကြောင့် ပုံမှန်ထက် ဆန်ဝယ်ယူမှုများပြားနေသဖြင့် တစ်ရက်လျှင် ဆန်အိတ်ရေ တစ်သိန်းအထိ ဝင်ရောက်လာစေရန် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း (MRPTA) စီစဉ်ထားပြီး စျေးနှုန်း မြှင့်တင်ရောင်းချပါက တိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုသို့စိုးရိမ်ပူပန်မှုများကြောင့် စားသုံးသူပြည်သူများအနေဖြင့် စာနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား အစရှိသည့် စားသောက်ကုန်မျိုးစုံ ဝယ်ယူစုဆောင်းမှုများ ပြုလုပ်နေကြသည့်အတွက် ကုန်စည်များ ပုံမှန်အခြေအနေထက် ပိုမိုဝယ်လိုအားမြင့်တက်နေသည်ကို တွေ့ရှိနေရပြီး အချို့သော စီးပွားရေးအကျိုးအမြတ် ရှာသူများကလည်း စျေးနှုန်းမြှင့်တင်ရောင်းချမှုများ တွေ့နေရသည်။ ဆန်ဆိုင်၊ လက်လီဆိုင်၊ လက်ကား ရောင်းဝယ်သူအချို့မှာ စျေးနှုန်းမြှင့်၍ ရောင်းချနေသည်ဟုလည်း စားသုံးသူအချို့၏ တိုင်ကြားမှုများလည်း ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းသည် မိမိတို့၏အသင်းသားများ၊ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချနေသော ဆန်အကျိုးဆောင်များ၊ ဒေသအလိုက် ရောင်းဝယ်နေသော ကုန်သည်များကိုလည်း စျေးနှုန်းမြှင့်တင်ရောင်းချမှုများ မပြုလုပ်ကြရန် အချိန်နှင့်တစ်ပြေးညီ အသိပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း/ဘုရင့်နောင်) များသည် လူစုလူဝေးဖြင့် ရောင်းချနေသော နေရာများဖြစ်သော်လည်း ကျန်းမာရေးပညာပေးမှု၊ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ဖြစ်စေပြီး ပုံမှန်အတိုင်း ရောင်းဝယ်မှုပြုလုပ်ရန် နေ့စဉ် (စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များမှအပ) ဖွင့်လှစ်ရောင်းပေးလျက်ရှိသည်။
ရန်ကုန်မြို့နှင့် အခြားဆန်ဝယ်ယူစားသုံးနေရသည့် ပြည်တွင်းစားဆန်များ၊ ဧရာဝတီတိုင်းဒေသအသီးသီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ပြင်ပမြို့နယ်များမှ တစ်ရက်လိုအပ်ချက် ဆန်အိတ်ရေ (ဆန်မျိုးစုံ) ၅၀၀၀၀ ပုံမှန် ဝင်ရောက်နေသည့်အပြင် ယခုဝယ်လိုအား မြင့်မားနေချိန်တွင် တစ်ရက်လျှင် ဆန်အိတ်ရေ ၇၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဝင်ရောက်လာစေရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်။
အကယ်၍ ထပ်မံလိုအပ်ပါက ပို့ကုန်လုပ်ငန်းရှင်များထံမှသော်လည်းကောင်း၊ ရန်ကုန်မြို့ရှိ နိုင်ငံတော်မှ ဝယ်ယူထားသော အရန်ဆန်များမှသော်လည်းကောင်း ဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်ထားသည်။
သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် ဆန်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မရှိစေရန်နှင့် မလိုအပ်ဘဲ ဆန်များ ပိုမိုစုဆောင်းထားခြင်းမပြုကြပါရန် အကြံပြုထားသည်။ ထို့အတူ ဆန်စျေးများ ပိုမိုမြှင့်တင် ရောင်းချနေသော စီးပွားရေးသမားများ၊ ကုန်သည်များရှိပါက အထောက်အထားနှင့်တကွ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းထံသို့ တိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
(၃)
အခြေခံစားသောက်ကုန်များအနက် အခြားအရေးကြီးသည့် မရှိမဖြစ်စားသောက်ကုန်တစ်ခုဖြစ်သော ဆီနှင့်ပတ်သက်ပြီး စားသုံးသူ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်ဖြင့် စားသုံးဆီ အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းသည် ဆီစျေးနှုန်းမတည်မငြိမ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ပုံမှန်သာ ဝယ်ယူသုံးစွဲကြပါရန်နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီပြတ်လတ်မှု မဖြစ်ပေါ်စေရေး၊ သင့်တင့်မျှတသောစျေးနှုန်း ဖြစ်ပေါ်စေရေးတို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ထားသည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီစက်များပုံမှန်လည်ပတ်နိုင်ရေး၊ ကုန်ကြမ်းပစ္စည်းများ မပြတ်လတ်စေရေးအတွက် ကြိုတင်သိုလှောင်ထားရှိရေး၊ ပြည်ပမှ ကျန်းမာရေးနှင့်ညီညွတ်သည့် အရည်အသွေး မြင့်စားသုံးဆီများ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စားသုံးဆီတင်ပို့သည့်နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများအနေဖြင့်လည်း လက်ရှိအချိန်အထိ ဆီအုန်းစက်ရုံများ ပုံမှန်လည်ပတ်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ စားသုံးဆီများ တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်စိတ်ဖြင့် စားသုံးဆီများ အလွန်အကျွံဝယ်ယူ စုဆောင်းခြင်းသည် ဆီစျေးနှုန်းမ တည်မငြိမ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ပုံမှန်သာ ဝယ်ယူသုံးစွဲကြရန်နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီပြတ်လတ်မှု မဖြစ်ပေါ်စေရေး၊ သင့်တင့်မျှတသော စျေးနှုန်းဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီ တင်သွင်းဖြန့်ဖြူး ကြိတ်ခွဲခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။
(၄)
COVID-19 ရောဂါနှင့်ပတ်သက်၍ နောက်ဆက်တွဲ ကောလာဟလအနေဖြင့် ပြည်သူများအကြားတွင် ပုံမှန်နေ့စဉ်သောက်သုံးနေသော ဆေးဝါးများ စျေးကွက်တွင် ပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှုရှိနေကာ ပြည်သူများ နေ့စဉ်သုံးစွဲသောက်သုံးနေရသည့် ဆေးဝါးများသည် စျေးကွက်၌ ပြတ်လပ်မှု ဖြစ်ပေါ်မည်မဟုတ်ဘဲ တင်သွင်းသော ကုမ္ပဏီများထံ၌လည်း ယခင်ပုံမှန်အတိုင်းကဲ့သို့ လုံလောက်သော ကုန်ပစ္စည်းများ အလုံအလောက်ရှိနေသည့်အပြင် စျေးကွက်လိုအပ်ချက်အတိုင်း နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိနေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဆေးပစ္စည်းနှင့် ဆေးဝါးများ၏ ရာခိုင်နှုန်း ၉၀ ခန့်ကို ပြည်ပတင်သွင်းမှုမှ မှီခိုနေရပြီး COVID-19 ရောဂါ ကျရောက်လာချိန်တွင် နိုင်ငံအချို့မှ ထုတ်ကုန်များကို ကန့်သတ်လာကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောကြားသည်။
“ ကျွန်တော်တို့နိုင်ငံမှာက ဆေးပစ္စည်းနှင့် ဆေးဝါးတွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်ကို ပြည်ပက တင်သွင်းမှုကို မှီခိုနေရပါတယ်။ ပြည်တွင်းထုတ်လုပ်မှုက အင်မတန် နည်းပါးနေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရုတ်တရက်ကမ္ဘာအနှံ့မှာ COVID-19 ကပ်ရောဂါ ဖြစ်တဲ့အခါကျတော့ နိုင်ငံအသီးသီးက မိမိနိုင်ငံဖူလုံမှသာ Export ကို ခွင့်ပြုတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကျရောက်တဲ့အခါကျတော့ တရုတ်နိုင်ငံကလည်း Export ကို ကန့်သတ်လာပါတယ်။ မကြာသေးခင်က အိန္ဒိယနိုင်ငံက PPE တို့၊ Ventilator တို့ COVID-19 နဲ့ပတ်သက်တဲ့ ဆေးပစ္စည်း တော်တော်များနဲ့ ဆေးတော်တော်များများကို Export လုပ်တာကို ထိန်းချုပ်လိုက်ပါတယ်။ ကန့်သတ်လိုက်ပါတယ်” ဟု ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောကြားသည်။
အဆိုပါနိုင်ငံအသီးသီးသည်လည်း ယင်းတို့နိုင်ငံအတွက် ဦးစားပေးပြီး ပိုလျှံမှသာ ပြည်ပတင်ပို့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက တင်သွင်းရသည့်အခါ စျေးနှုန်းတက်လာကြောင်း သိရသည်။
“ ဝယ်ရင်းစျေးကိုက တက်လာပါတယ်။ နောက်တစ်ခါ လေယာဉ်ခတွေလည်း တက်လာပါတယ်။ လေကြောင်းလိုင်း တော်တော်များများကလည်း Schedule ကို Cancel လုပ်လိုက်တဲ့အခါ လေယာဉ်ပြေးနှုန်းလည်း နည်းသွားတယ်။ အဲဒါကြောင့် လေယာဉ်ခတွေ တက်လာပါတယ်။ ပြည်တွင်းတင်သွင်းတဲ့အခါလည်း နဂိုအတိုင်း တင်သွင်းလို့ မရတော့ ပိုပြီးတင်သွင်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့တွေက အစိုးရိမ်လွန်ပြီး ဝယ်စုတာတို့ ဝယ်လှောင်တာမျိုး ရှိတတ်ပါတယ်” ဟု ဦးဇော်မိုးခိုင်က ဆိုသည်။
၎င်းတို့အနေဖြင့် အခြားနိုင်ငံများမှ ဆေးဝါးများကို လှည့်လှည်ဝယ်ယူနေကြောင်း၊ လှည့်လှည်ဝယ်ယူသည့် နိုင်ငံများမှာလည်း စျေးကြီးသည့်အတွက် ပြည်တွင်းရောင်းချသည့်အခါ အထိုက်အလျောက် စျေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ ကမ္ဘာမှာက ဆေးနှင့် ဆေးပစ္စည်း စျေးအပေါဆုံးနိုင်ငံက တရုတ်နဲ့ အိန္ဒိယပါ။ အိန္ဒိယက ပိတ်လိုက်တဲ့အခါ အခြားနိုင်ငံတွေ က လှည့်ဝယ်ရပါတယ်။ လှည့်ဝယ်တဲ့အခါကျရင် လိုသလောက်မရနိုင်တဲ့ အရေအတွက်ရှိတယ်။ တခြားနိုင်ငံကဆေးတွေက ဒီထက်ပိုစျေးကြီးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အကယ်၍လွန်ကဲသော စျေးနှုန်းများဖြင့် ဝယ်ယူရမှုများရှိပါက ဝယ်ယူသူအနေဖြင့် အထောက်အထား ခိုင်လုံပြည့်စုံစွာဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ သတင်းပေးပို့နိုင်ကြောင်း သိရသည်။
အခြားတစ်ဖက်တွင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စျေးနှုန်းတည်ငြိမ်ရေး၊ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် သတင်းမှန်ပြန်ကြားနိုင်ရေး ကုန်သည်စက်မှုအသင်းချုပ်တွင် ဆွေးနွေးနေကြောင်း သိရသည်။
သို့သော်လည်း ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဖြစ်ပေါ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease (COVID-1) မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့လာရာ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရနိုင်ခြေအပေါ် စိုးရိမ်ရသည်ကတစ်မျိုး၊ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်သွားနိုင်သည်ကိုလည်း စိုးရိမ်နေကြရသည်။










