ပြည်တော်ပြန်များနဲ့ ကိုရိုနာဗိုင်းရပ်စ်

ပြည်တော်ပြန်များနဲ့ ကိုရိုနာဗိုင်းရပ်စ်
မြဝတီနှင့် မူဆယ်နယ်စပ်တို့မှ ပြန်လာသော နေရပ်ပြန်များကို တာဝန်ရှိသူများက အောင်မင်္ဂလာအဝေးပြေးဂိတ်အတွင်း ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
မြဝတီနှင့် မူဆယ်နယ်စပ်တို့မှ ပြန်လာသော နေရပ်ပြန်များကို တာဝန်ရှိသူများက အောင်မင်္ဂလာအဝေးပြေးဂိတ်အတွင်း ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 29 March 2020
အိသဥ္ဇာကျော်

ချင်းပြည်နယ်နှင့် ရန်ကုန်တို့တွင် အမေရိကန်နှင့် အင်္ဂလန်မှ ရောက်ရှိလာသူနှစ်ဦးထံမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်၂၃ ရက် ည ၁၂ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုနှစ်ဦးသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော COVID-19 ရောဂါ အတည်ပြုလူနာများ ဖြစ်သည်။

ထပ်မံ၍ မတ် ၂၅ ရက်က အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် ၂၆ နှစ် အရွယ်အမျိုးသား တစ်ဦး၊ မတ် ၂၈ ရက်က ပြည်ပသို့ ခရီးသွားရာဇဝင် မရှိသော်လည်း ပြင်သစ်နိုင်ငံသားများနှင့် ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့သူတစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံ သူတစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အင်းစိန်မြို့နယ်မှ အမျိုးသားတစ်ဦး၌ COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မတ်၂၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ စုစုပေါင်း ရှစ်ဦးရှိပြီဖြစ်သည်။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) လေးမျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါလူနာများထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက်ရယူခဲ့ရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပြီးဖြစ်သည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ တစ်ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူး ကုဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာနှစ်ဦးနှင့် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာတစ်ဦးတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၇ ရက် နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှုပေးလျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာထားသည်။

“ အခုရောဂါပိုး တွေ့ထားတဲ့ လူတွေနဲ့ထိတွေ့ထားတဲ့ သူတွေကိုတော့ သက်ဆိုင်ရာနေရာတွေမှာ Quarantine လုပ်ထားပါတယ်။ သူတို့မှာ ရောဂါပိုး တွေ့ မတွေ့ ကိုတော့ သီးခြားထုတ်ပြန်တာမျိုးမရှိပါဘူး။ ကျွန်မတို့ဘက်က ဒီနေ့စစ်ဆေးပြီးလို့ အဖြေရတဲ့သူ ဥပမာ- အယောက် ၄၀ ရှိပါတယ်။ အဲဒီ ၄၀ မှာ ရောဂါပိုးမတွေ့ဘူးဆိုလည်း မတွေ့ဘူး ထုတ်ပြန်ပါတယ်။ ရောဂါပိုးရှိတဲ့သူနဲ့ Close Contact ပါဆိုပြီး သီးခြားမထုတ်ပြန်ပါဘူး။ နောက်တစ်ခုက Close Contact တိုင်းကိုလည်း ကျွန်မတို့ မစစ်ပါဘူး။ Contact တိုင်းက Close လုပ်စရာမလိုပါဘူး။ ကျွန်မတို့က တကယ့်ကို လူနာနဲ့ Close Contact လိုမျိုးတွေ လိုအပ်တဲ့ စောင့်ကြည့်လူနာတွေကိုသာလျှင် လုပ်ပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ယခုတွေ့ရှိသော COVID-19 ဓာတ်ခွဲအတည်ပြု လူနာအများစုမှာ ပြည်ပမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားအများစုဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ပမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ လိုက်နာရမည့်အချက်များကို ထုတ်ပြန်ကြေညာထားသည်။ ထိုအချက်များတွင် ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ သို့မဟုတ် ကျန်းမာရေးဌာနသို့  ဆက်သွယ်အကြောင်းကြားရန်၊ မိမိ၏ ခရီးသွားရာဇဝင်ကို မခြွင်းမချန် ပြောပြရန်၊ သတ်မှတ်ထားသည့်နေရာတွင်သာ နေထိုင်ပြီး အသွားအလာကန့်သတ်ခြင်း ပြုလုပ်ခြင်းခံရမည်ဆိုပါက ကြည်ဖြူစွာခံယူရန်၊ မိမိတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ မရှိ မသိရသေးမီအချိန်တွင် တာဝန်ရှိသူများက ထုတ်ပြန်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များကို တိတိကျကျလိုက်နာရန်၊ အခြားသူများနှင့် နီးကပ်စွာ မနေရန်၊ ပြည်ပမှ ပြန်လာပြီး ၁၄ ရက်အတွင်း ဖျားနာ၊ နှာချေ၊ ချောင်းဆိုးလျှင် တာဝန်ရှိသူနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပြီး ဆေးကုသမှုခံယူရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ရန် နှိုးဆော်ထားသည်။

ထိုကဲ့သို့ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းဖြင့် မိမိ၏မိသားစု အပါအဝင် မိမိရပ်ရွာ ပတ်ဝန်းကျင်ရှိ လူများအား ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

“ မတ် ၂၈ ရက်က အသစ်ထပ်တွေ့ထားတဲ့ Positive Case လူနာ သုံးဦးမှာ ပြည်ပက ဝင်လာတဲ့သူအပြင် ခရီးသွားရာဇဝင်မရှိတဲ့သူ တစ်ဦးပါတယ်။ ဒါက ပြည်တွင်းမှာပဲ အချင်းချင်း စတင်ကူးစက်နေပြီ ဆိုတာကို ပြနေတာပါ။ ဒီလိုလူမျိုး ဘယ်လောက်တောင် ကူးနေပြီလဲဆိုတာ မသိနိုင်ပါဘူး။ မခန့်မှန်းနိုင်ပါဘူး။ နောက်ဒီလူတွေကပဲ နောက်ဘယ်လောက်လူများများကို ထပ်ဆင့် ထပ်ဆင့်ကူးနေပြီလဲဆိုတာကို မတွေးရဲတော့ပါဘူး။ တွေးကြည့်ရင် ရင်လေးစရာပါ။ အခုချိန်ထိ တချို့သော လူတွေကိုကြည့်ရတာ အေးဆေးပဲ။ အသွားအလာမပျက်ဘူး။ လူစုချင်နေကြတုန်းပဲ။ အခု နယ်စပ်ဂိတ်တွေက အထူးသဖြင့် ထိုင်းဘက်တွေက အစုလိုက် အပြုံလိုက် ဝင်နေတုန်းပဲ။ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်တန်နေပါပြီ” ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာစည်သူက သူ၏အမြင်ကို ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများ နေ့စဉ်ထောင်ချီ၍ အစုလိုက် ဝင်ရောက်နေခြင်းသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားရန်အတွက် အခွင့်အလမ်း အလွန်များပြီး အန္တရာယ်ကြီးမားလျက်ရှိသည်။ ထိုကဲ့သို့ အစုလိုက် အပြုံလိုက် ဝင်ရောက်မှုသည် ကမ္ဘာ၌ အလွန်ထူးခြားသော အခြေအနေတစ်ခုဖြစ်နေ၍ ထိုအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသဆိုင်ရာရုံးသို့ ဆက်သွယ်အကြောင်းကြားပြီး လိုအပ်သောအထောက်အပံ့များ ပိုမိုရရှိိရန်ဆောင်ရွက်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။

ထိုင်းနိုင်ငံမှ ပြန်လာသော နေရပ်ပြန်မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်အဆောက်အအုံများတွင် အသွားအလာကန့်သတ်မှုကို လိုလားစွာလက်ခံပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၆ ရက် ညပိုင်းက မေတ္တာရပ်ခံပန်ကြားချက် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ပန်ကြားချက်တွင် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိထားပြီးဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြပြီး ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကြိုဆိုပါကြောင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့စဉ်က COVID-19 ရောဂါပိုး ကူးစက်နိုင်ခြေရှိပြီး အကယ်၍ ရောဂါကူးစက်ခံခဲ့ရပါက မိမိတို့မှတစ်ဆင့် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ရပ်ကွက်ကျေးရွာနေ ပြည်သူများသို့ ရောဂါကူးစက် မပျံ့နှံ့စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသွားအလာကန့် သတ်ခံရပြီး မိမိနေအိမ်တွင်သာ နေထိုင်ရမည့်သူများအတွက် လမ်းညွှန်ချက်များ၊ သတ်မှတ်နေရာ အဆောက်အအုံများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကို သေချာစွာလိုက်နာ ကျင့်သုံးပါက ရောဂါဆက်လက် ပြန့်ပွားမှုကို နိုင်နင်းစွာထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ရေးသားထားသည်။

မိမိတို့အနေဖြင့်လည်း ထိုင်းနိုင်ငံမှ လတ်တလော ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများ၏ နေရပ်လိပ်စာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်၊ မြို့နယ်ဒေသအသီးသီးသို့ အကြောင်းကြားထားပြီး ဖြစ်သည့်အတွက် ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာန သို့မဟုတ် အနီးဆုံး ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ သတ်မှတ်နေရာ အဆောက်အအုံများတွင် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်မှုကို လိုလားစွာ လက်ခံဆောင်ရွက်စေလိုကြောင်းနှင့် အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ပြည်သူလူထုများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ရေးသားထားသည်။

ထိုကဲ့သို့ အသွားအလာ ကန့်သတ်ပြီး နေထိုင်နေစဉ်ကာလအတွင်း မိမိတို့၏ကျန်းမာရေး အခြေအနေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ နေ့စဉ်မပျက်မကွက် သတင်းပေးပို့ခြင်းဖြင့် ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက စောစီးစွာ ကုသမှုပေးနိုင်မည့်အပြင် မိသားစုဝင်များနှင့် အခြားသူများသို့ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ခြင်းကြောင့် အလွန်အကျိုးရှိပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ကိုလည်း ကျေပွန်ရာရောက်မှာ ဖြစ်ကြောင်းလည်း ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက် တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ရောဂါကူးစက်ဖြစ်ပွားနိုင်ခြင်းကြောင့် ပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုကာလအတွင်း လူစုလူဝေး များပြားရာနေရာများနှင့် ပွဲလမ်းသဘင်ရှိရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန်၊ အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန်၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများနှင့် မကူးစက်နိုင်သော ရောဂါဖြစ်ပွားနေသူများသည် မိမိတို့၏ ကျန်းမာရေးအား ဂရုတစိုက်ထိန်းသိမ်းပါရန်၊ ရောဂါဖြစ်ပွားနေသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိလာသော အမှုန်အမွှားများမှတစ်ဆင့် ရောဂါကူးစက်နိုင်သဖြင့် လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောပေးရန်အတွက် ပွဲလမ်းသဘင်များတွင် ဆပ်ပြာနှင့် ရေ သို့မဟုတ် လက်သန့်စင်ဆေးရည်များ စီစဉ်ထားရှိရန် စသည့်အချက်များ လုပ်ဆောင်ရန် နှိုးဆော်ထားသည်။   

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် ယင်းလူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်မှုရှိသူများကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်ကာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

Most Read

Most Recent