COVID-19 ကြောင့် အထိနာခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ အလုပ်လက်မဲ့ပြဿနာ

COVID-19 ကြောင့် အထိနာခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ အလုပ်လက်မဲ့ပြဿနာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားဝင်ရောက်မှု လျော့နည်းခြင်းကြောင့် အသွားအလာ ရှင်းနေသည်ကို မတ် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားဝင်ရောက်မှု လျော့နည်းခြင်းကြောင့် အသွားအလာ ရှင်းနေသည်ကို မတ် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 22 March 2020
ရွှန်းလဲ့ဝင်း

COVID-19 ကြောင့် သုညရာခိုင်နှုန်းအထိ ထိုးကျတော့မယ့် မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ လက်ရှိအခြေအနေ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ COVID-19 ရဲ့ ရိုက်ခတ်မှုက လက်ရှိအခြေအနေမှာတော့ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၈၆ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး လူပေါင်းတစ်သောင်းကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ရောဂါကူးစက်မှုနှုန်း ရုတ်တရက်မြင့်မားခဲ့တဲ့ ကိုရီးယားနိုင်ငံတွေမှာတော့ ရောဂါဖြစ်ပွားမှု၊ ကူးစက်ပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဆိုပေမဲ့ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဂျာမနီစတဲ့ ဥရောပနိုင်ငံတွေမှာတော့ ရောဂါကူးစက်မှုနှုန်းက ကြောက်မက်ဖွယ်ရာ မြင့်မားလာပြီး သေဆုံးမှုနှုန်းကလည်း ရုတ်တရက်မြင့်တက်လာခြင်းလည်း ဖြစ်ပါတယ်။

မတ် ၂၁ ရက် နံနက်ပိုင်းက သိရတဲ့စာရင်းတွေအရ ကိုဗစ်ကြောင့်သေဆုံးတဲ့ ထိပ်ဆုံးနိုင်ငံတွေစာရင်းမှာ အီတလီနိုင်ငံက ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကို တောင်ကျော်လွန်ပြီး သေဆုံးသူ ၄၀၃၂ ဦးအထိ ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတောင် ကိုဗစ်ကြောင့် သေဆုံးသူဦးရေက ၃၂၅၅ ဦးသာ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ယခင်က နိုင်ငံတကာလေကြောင်းလိုင်း ၃၉ ခု ပျံသန်းနေတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖေဖော်ဝါရီကစပြီး တရုတ်လေကြောင်းလိုင်းတွေကသာ ခရီးစဉ်ပျံသန်းမှု ရပ်နားခဲ့ရာမှ လက်ရှိမှာ အခြားနိုင်ငံတကာ လေကြောင်းလိုင်းတွေပါ ခရီးစဉ်ပျံသန်းမှု ရပ်နားခြင်းတွေ ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကခရီးသွားဝင်ထွက်မှု အများဆုံးဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာဆိုရင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက နိုင်ငံတကာလေကြောင်းလိုင်း ၃၉ လိုင်းက လေကြောင်းခရီးစဉ်တွေ ပျံသန်းခဲ့ပြီး ခရီးသည်ပေါင်း ငါးသိန်းကျော် ဝင်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ COVID-19 ကူးစက်မှုနှုန်းတွေက ဥရောပနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကိုပါ စတင်ပျံ့နှံ့လာတဲ့ ဖေဖော်ဝါရီမှာတော့ တရုတ်လေကြောင်းလိုင်းအများစုက ခရီးစဉ်ပျံသန်းမှုကို ရပ်နားခဲ့တာကြောင့် နိုင်ငံတကာလေကြောင်းလိုင်း ၃၂ လိုင်းက ခရီးစဉ်များပျံသန်းခဲ့ပြီး ခရီးသည် ဝင်ထွက်မှုဟာလည်း သုံးသိန်းကျော်အထိ ကျဆင်းခဲ့ပါတယ်။

“ အခုလိုဥရောပမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေအရမ်းများခင်က တောင်ဥရောပခရီးသည်တွေကို မြန်မာနိုင်ငံကို ဝင်လာတဲ့အခါ ၁၄ ရက် ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်မယ်ဆိုတာကြောင့် ဥရောပနိုင်ငံတွေက ဝင်လာမယ့် ခရီးစဉ်တွေအကုန် cancle ဖြစ်ကုန်ပါတယ်။ အခုလက်ရှိမှာတော့ နိုင်ငံတော်တော်များများကလည်း ဗီဇာ ပိတ်သိမ်းတာတွေ၊ နိုင်ငံတကာ လေကြောင်းလိုင်းတွေက ခရီးစဉ်တွေ ဖျက်သိမ်းတာတွေကြောင့် ဥရောပခရီးသွားတွေက သုည ရာခိုင်နှုန်းထိ ထိုးဆင်းနေပါပြီ” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

COVID-19 ကြောင့် ခရီးသွားဝင်ထွက်မှု လျော့နည်းလာတဲ့ ရန်ကုန်လေဆိပ်နဲ့ ခရီးစဉ်ပျံသန်းမှု စတင်ရပ်နားခဲ့တဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေ

COVID-19 ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းမှု မရှိတော့တာကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း လေကြောင်းလိုင်း ကောင်တာအချို့ ပိတ်သိမ်းထားပြီး လေဆိပ်အတွင်းနဲ့အပြင်မှာ အသွားအလာ သိသိသာသာ လျော့နည်းသွားပါတယ်။

“ နိုင်ငံတကာ လေကြောင်းလိုင်းတွေက သူတို့တွေ ပျံသန်းနေတဲ့ ခရီးစဉ်တွေကို လျှော့ချပျံသန်းဖို့၊ ရပ်နားဖို့ လာရောက်တင်ပြမှုတွေ ရှိနေပါတယ်။ အခုမတ်လမှာတော့ နိုင်ငံတကာလေကြောင်းလိုင်း တော်တော်များများ  ခရီးစဉ်ပျံသန်းမှု ရပ်နားဖို့ လာရောက်တင်ပြထားပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

COVID-19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာလည်း ယခင်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းခဲ့ခြင်းဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းနဲ့ တရုတ်နိုင်ငံမှ လေကြောင်းလိုင်း ၁၀ လိုင်းခန့် ပျံသန်းမှုရပ်နားထားပြီး အခြားနိုင်ငံတကာ လေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းမှုအကြိမ်ရေ လျှော့ချပျံသန်းနေတာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘာလှည့်ဗီဇာဖြင့် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုက ပြီးခဲ့သည့်နှစ်  ဖေဖော်ဝါရီက ၆၃၇၇၅ ဦးရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ၃၅၂၃၁ ဦးသာ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ အဓိကခရီးသွား ဝင်ထွက်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်ကနေတစ်ဆင့် ခရီးသည်ဝင်ရောက်မှုက COVID-19 ရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ စတင်ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။

COVID-19 ကြောင့် Fly Dubai ၊ Qatar Airways ၊ Jetster နှင့် Thai Lion လေကြောင်းလိုင်းတွေ အပါအဝင် နိုင်ငံတကာ လေကြောင်းလိုင်းအချို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ခရီးစဉ်ပျံသန်းမှု ရပ်နားသွားမယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

 

လုပ်ငန်းရှင်တွေအတွက် ဝန်ထမ်းလစာအခက်အခဲနဲ့ ကျွမ်းကျင်လုပ်သားတွေ ရင်ဆိုင်ရလာနိုင်တဲ့ အလုပ်လက်မဲ့ပြဿနာ

ဒီလိုဥရောပနိုင်ငံတွေမှာ ရောဂါကူးစက်မှုနှုန်းတွေ မြင့်တက်နေတာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ အဓိကအားထားနေရတဲ့ ဥရောပခရီးသွား စျေးကွက်ကလည်း သုည ရာခိုင်နှုန်းအထိ ထိုးဆင်းသွားမဲ့ အလားအလာတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့  ဝန်ထမ်းတွေကို လစာပေးဖို့ အခက်အခဲတွေ ရှိနေပြီး ဝန်ထမ်းဦးရေကို ရာခိုင်နှုန်း ၅၀ အထိလျှော့ချဖို့ ပြင်ဆင်နေရတယ်လို့လည်း သိရပါတယ်။

ဒါကြောင့်မို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်တွေက လုပ်ငန်းဆက်လက် ရပ်တည်နိုင်ဖို့ နိုင်ငံတော်ကနေ  အတိုးမဲ့ချေးငွေများ ခွင့်ပြုပေးရန်၊ အခွန်ဆောင်ရမည့် အချိန်ကာလကို နောက်ဆုတ်ပေးရန် အပါအဝင် အချက်သုံးချက်ကို နိုင်ငံတော်သို့ တင်ပြထားတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး တရုတ်ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့တာဖြစ်ပေမဲ့ ငွေကြေးအရ  သိသိသာသာ ထိခိုက်ခြင်းမရှိခဲ့ပေမဲ့  မတ်လဆန်းပိုင်းကစပြီး ဥရောပနိုင်ငံတွေမှာ COVID-19 ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားခဲ့တာကြောင့် ဥရောပခရီးသွားဦးရေ လျော့နည်းလာဟာ ခရီးသွားကုမ္ပဏီတွေအတွက် သိသာတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေနဲ့လည်း COVID-19 ကြောင့် အသင်းဝင် ဟိုတယ်တွေအနေနဲ့ လတ်တလောရင်ဆိုင်နေရတဲ့ မိမိတို့ဝန်ထမ်းများ လစာပေးနိုင်ရန်ကိစ္စနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ ကျွမ်းကျင်ဟိုတယ်ဝန်ထမ်းများအား လျှော့ချရခြင်း၊ လစာမပေးနိုင်ခြင်းကိစ္စများ မဖြစ်ပေါ်စေရန် အသင်းဝင်ဟိုတယ်များ၏ ဝန်ထမ်းလစာများအတွက် အတိုးမဲ့ချေးငွေများကို နိုင်ငံတော်ဘဏ်များမှ ထုတ်ချေးနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ချေးငွေရယူလိုသော ဟိုတယ်များစာရင်းကို မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်သို့ ပေးပို့ရန် အသင်းဝင်လုပ်ငန်းရှင်များသို့ အကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်အရ နိုင်ငံတော်မှ အတိုးမဲ့ချေးငွေချေးယူရန် တင်ပြလာတဲ့ ဟိုတယ်လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်ရှိတဲ့အကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးမင်းကျော်ဦးက ဆိုပါတယ်။

 “ လက်ရှိမှာ COVID-19 ရောဂါကြောင့် ကျွန်တော်တို့ အသင်းဝင်ဟိုတယ် လုပ်ငန်းရှင်တွေအနေနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ လျော့မသွားစေလိုတဲ့အတွက် နိုင်ငံတော်ကနေ အတိုးမဲ့ချေးငွေ ချေးယူဖို့ တင်ပြလာတဲ့ ကုမ္ပဏီပေါင်း ၆၀ ကျော် ရှိပါတယ်။ ဒါတောင် ချေးငွေရယူလိုတဲ့ ကုမ္ပဏီအချို့ တင်ပြဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းက အခြားလုပ်ငန်းနယ်ပယ်တွေနဲ့မတူဘဲ ဝန်ထမ်းတွေကို ချက်ချင်းခန့်လို့မရဘဲ ကျွမ်းကျင်ဝန်ထမ်းတွေကို လျော့နည်းမသွားစေလိုတဲ့ အခုလို လစာရှင်းပေးနိုင်ဖို့ ချေးငွေရယူနိုင်ဖို့ စီစဉ်ရတာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကျော်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

COVID-19 ကာကွယ်ထိန်းချုပ်ရေးက ပြည်သူသာအဓိကဖြစ်ပြီး စီးပွားရေးထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် CMP ၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ချေးငွေနှင့် အခွန်ကင်း လွတ်ခွင့်ရရှိရေး စီမံသွားမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံံပုဂ္ဂိုလ်၏ မတ် ၁၆ ရက် ညပိုင်းက COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားခဲ့သည့် ခုနစ်မိနစ်ကြာ မိန့်ခွန်းတွင် ပြောကြားထားပါတယ်။

 

COVID-19 ကာကွယ်မှုနဲ့ ပြည်တွင်းခရီးသွား အခြေအနေ

COVID-19 ကြောင့် ပြည်ပက ဝင်ရောက်လာမယ့် နိုင်ငံခြားသားခရီးသွားတွေကို မျှော်လင့်လို့မရနိုင်တဲ့ အခြေအနေမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းခရီးသွားတွေကို မျှော်လင့်လို့ ရနိုင်မလားဆိုပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာလည်း COVID-19 ကာကွယ်ဖို့အတွက် အထင်ကရ ဘုရားပွဲတော်တွေဖြစ်တဲ့ ရွှေစက်တော်ဘုရားပွဲအပါအဝင် ဘုရားပွဲတော်တွေ ပိတ်သိမ်းတာမျိုး၊ လုစုလူဝေးနဲ့ ကျင်းပရမယ့် အစည်းအဝေးများ၊ အခမ်းအနားများနဲ့ ပွဲလမ်းသဘင်တွေကျင်းပခြင်းကို ဧပြီ ၃၀ ရက်အထိ မပြုလုပ်ဖို့ ထုတ်ပြန်ထားတာကြောင့် ပြည်တွင်းခရီးသွားကိုလည်း ထင်သလောက် မျှော်လင့်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

“ ရွှေစက်တော်ဘုရားပွဲဆို ပြည်တွင်းခရီးသွား သိန်းနဲ့ချီသွားရောက်ကြတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ အခုရောဂါကာကွယ်နိုင်ဖို့ ဘုရားပွဲတော်ကျင်းပတာကို ပိတ်သိမ်းထားရပါတယ်။ ခရီးသွားလုပ်ငန်းမှာ Direct မှီခိုနေရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဟိုတယ်တွေ၊ ခရီးသွားကုမ္ပဏီတွေနဲ့ လေကြောင်းလိုင်းတွေ အပေါ်မှီခိုနေရတဲ့ လူဦးရေ ရှစ်သိန်းလောက်ရှိပြီး Indirect မှီခိုနေရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထမင်းဆိုင်စားသောက်ဆိုင်တွေ၊ လက်မှု ပစ္စည်းအရောင်းဆိုင်တွေစတဲ့ လုပ်ငန်းတွေကို မှီခိုနေရတဲ့လူဦးရေက ၁ ဒသမ ၅ မီလျံလောက် ရှိပါတယ်။ အခုလက်ရှိ မြန်မာ့ခရီးသွား လုပ်ငန်းမှာတော့ ပြည်ပခရီးသွားရော၊ ပြည်တွင်းခရီးသွားရော မျှော်လင့်လို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

 

COVID-19 ကာကွယ်ဖို့အတွက် ရပ်ဆိုင်းခဲ့တဲ့ ဗီဇာခွင့်ပြုမှုတွေနဲ့ ခရီးသွားကန့်သတ်မှု နိုင်ငံတွေ ထပ်တိုးထုတ်ပြန်မှု

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ လက်ရှိအချိန်အထိ တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိသေးပေမဲ့ ရောဂါကာကွယ်ရေးအတွက် ဆိုက်ရောက်ဗီဇာ (VOA) နှင့် အီလက်ထရွန်နစ်ဗီဇာ (e-visa) ထုတ်ပေးခြင်းများကို ဧပြီ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းမှာဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်မယ့် ခရီးသွားများအတွက် ခရီးသွားကန့်သတ်မှု နိုင်ငံတွေကိုလည်း ယခင်ခုနစ်နိုင်ငံအပြင် နောက်ထပ် ကိုးနိုင်ငံကို ထပ်တိုးကန့်သတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၀ ရက်က ထုတ်ပြန်လိုက်ပါတယ်။ 

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ဖို့အတွက် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း အလွန်များပြားလျက်ရှိတဲ့ နိုင်ငံများမှ လာရောက်သော ခရီးသွားများမှတစ်ဆင့် မြန်မာပြည်သူများအပေါ် ကျရောက်နိုင်တဲ့ ရောဂါအန္တရာယ်ကို ထိန်းချုပ်ကန့်သတ်ရန် ပြည်ထောင်စုသမ္မတနိုင်ငံ အစိုးရအနေဖြင့် ကြိုတင်ကာကွယ်ရေးအစီအမံများ ချမှတ်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ သြစတြီးယားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း နေထိုင်ခဲ့သူများနှင့် သွားရောက်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားအားလုံးကို မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ ၁၄ ရက် သီးသန့်သတ်မှတ်ထားသည့် နေရာများမှာ ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ ၎င်းတို့၏ နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွားကြရန်နှင့် ၎င်းတို့အားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝသည့် လက္ခဏာများမရှိကြောင်း ဖော်ပြပါရှိသည့် သက်ဆိုင်ရာ နိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေးအဖွဲ့အစည်းများက ထုတ်ပေးသည့် ဆေးထောက်ခံစာ ပြသရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

ဒါကြောင့်မို့ မြန်မာနိုင်ငံအနေနဲ့ COVID-19 ရောဂါ ကာကွယ်ဖို့ ခရီးသွား ကန့်သတ်ထားတဲ့ နိုင်ငံများအနေဖြင့် နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ ရှိလာပြီ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ် ၁၅ ရက်က ပြင်သစ်၊ အီတလီ၊ အီရန်၊ စပိန်နှင့် ဂျာမနီနိုင်ငံတို့မှ (Transit) အပါအဝင် ခရီးသွားများကို သီးသန့်သတ်မှတ်နေရာများတွင် ၁၄ ရက် အသွားအလာကန့်သတ်ခြင်း (Quarantine) လုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်မှာ ရောဂါဖြစ်ပွားပျံ့နှံ့မှုရှိနေတဲ့ COVID-19 ကပ်ရောဂါဆိုးကြောင့် ခရီးသွားလုပ်ငန်းဟာ ကမ္ဘာအနှံ့ကျဆင်းနေတာဖြစ်လို့ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းရှင်တွေ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ လေကြောင်းလိုင်းတွေအနေနဲ့ အချိန်ကာလတစ်ခုအထိ တောင့်ခံနိုင်ဖို့ လိုအပ်မှာဖြစ်ပြီး အဲဒီအချိန်ကာလက ဘယ်လောက်အထိ ကြာမြင့်နိုင်မှာလဲ ဆိုတာကတော့ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Most Read

Most Recent