COVID-19 နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ

COVID-19 နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ
မတ် ၁၉ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မတ် ၁၉ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 22 March 2020
အလင်းဒီ

ပုံမှန်အတိုင်းဆိုလျှင် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိသည်။ သို့ရာတွင် လတ်တလော ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဂယက်က ရွေးကောက်ပွဲအပေါ် မည်မျှသက်ရောက်မှုရှိမည်ကို မမှန်းဆနိုင်သေး။

သို့သော် မတ် ၁၉ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဦး ပြောကြားချက်အရ ရွေးကောက်ပွဲပြုလုပ်မည့် အလားအလာ ရှိသည်။

“ ရွေးကောက်ပွဲ ကျင်းပဖြစ်လိမ့်မယ်။ ဘာမှမရိုတ်ခတ်နိုင်ဘူးလို့ ယူဆထားပါတယ်” ဟု COVID-19 ဂယက်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သဘောထားကို ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ဗိုင်းရပ်စ်ကြောင့် ရွေးကောက်ပွဲအပေါ် မထိခိုက်စေရေး စီမံချက်များ ချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း ဆိုသော်လည်း ချမှတ်ထားသည့်အစီအစဉ် အသေးစိတ်ကိုမူ ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်းမရှိပေ။

“ ကိုယ် လုပ်သင့်လုပ်ထိုက်တာ လုပ်မယ်။ ဒီရောဂါဝေဒနာလည်း အတတ်နိုင်ဆုံး ဒီမှာမရောက်အောင် တစ်ဖက်တစ်လမ်းက ကာကွယ်လို့ရရင် ကာကွယ်မယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။

ငါးနှစ်တစ်ကြိမ် ကျင်းပရသည့် အထွေထွေရွေးကောက်ပွဲကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည်ဟု ကော်မရှင်က တရားဝင်ပြောကြားထားသည်။

ယခင် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အတွေ့အကြုံနှင့် ကော်မရှင်၏ နှစ်ကုန်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ပြောဆိုချက်များကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် နိုဝင်ဘာလတွင်ပင် ကျင်းပဖြစ်လိမ့်မည်ဟု နိုင်ငံရေးပါတီအများစုက ခန့်မှန်းသည်။

ထို့အတွက် လတ်တလောကာလသည် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်သည့်ကာလဟု ဆိုနိုင်သည်။

သို့သော် ပကတိအခြေအနေက ထိုသို့မဟုတ်ဘဲ ကပ်ရောဂါအသွင်ဖြစ်ပွားလျက်ရှိသည့် COVID-19 မြန်မာနိုင်ငံအပေါ် မသက်ရောက်ရေး တစ်ဖက်တစ်လမ်းမှ မည်သို့ဝိုင်းဝန်း ဟန့်တားနိုင်မည်နည်းဆိုသည်ကို နိုင်ငံရေးပါတီများ အာရုံစိုက်နေရသည်။

“ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာအခြေအနေနဲ့ လက်ရှိပြည်သူတွေ ခံစားနေရတဲ့ ပြည်တွင်းက အနေအထားအရ လက်တလော ရွေးကောက်ပွဲအခြေအနေကို မစဉ်းစားအားဘူး။ မစဉ်းစားနိုင်သေးဘူးပေါ့နော်”  ဟု ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောကြားသည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၁ ရက်တွင် ကြေညာထားသည့် COVID-19 ရောဂါကို ကာကွယ်ရေးအတွက် အခမ်းအနားနှင့် ပွဲလမ်းသဘင်များ ကျင်းပခွင့်ကို မြန်မာအစိုးရက ဧပြီလကုန်အထိ ပိတ်ပင်ထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများသည်လည်း ပုံမှန်လုပ်ငန်းဆောင်တာများမှလွဲ၍ ကြိုတင်စီစဉ်ထားသည့် လူဦးရေ အများအပြားပါဝင်သည့် တွေ့ဆုံပွဲအခမ်းအနားနှင့် စည်းရုံးရေးခရီးစဉ်များကို ရွှေ့ဆိုင်းခဲ့ကြသည်။

ထိုသို့သောအခြေအနေတွင် ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပရေးသာ စိတ်အားထက်သန်လျက်ရှိပြီး ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ထည့်သွင်းစဉ်းစားမှု အားနည်းသည်ဟု ဝေဖန်မှုများရှိနေသည်။

“ ဖြစ်ချင်တဲ့ ဆန္ဒက ပိုပြီးကြီးစိုးတယ်လို့ ကျွန်တော်မြင်တယ်။ ပစ္စက္ခအခြေအနေကို ထည့်တွက်တာထက် လုပ်ချင်တဲ့ဟာကိုပိုပြီး ဦးစားပေးတဲ့ သဘောမျိုးတွေ့တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

အထွေထွေရွေးကောက်ပွဲကျင်းပမည့် အချိန်ကို နိုင်ငံရေးပါတီအများစုခန့်မှန်းသည့်  နိုဝင်ဘာလဖြင့် တွက်ချက်မည်ဆိုလျှင် ရွေးကောက်ပွဲကျင်းပရန် အချိန်ရှစ်လဝန်းကျင် လိုနေသေးသည်။ ထိုသို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်သေးချိန်တွင် ရွေးကောက်ပွဲကို ပုံမှန်အတိုင်းကျင်းပမည်၊ မကျင်းပမည်ကို အလျင်စလို မဆုံးဖြတ်သင့်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

“ ဒီအချိန်မှာ ရွေးကောက်ပွဲထက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်က ပိုအရေးကြီးတယ်။ ဖြစ်လာခဲ့ရင် ထိခိုက်လာနိုင်တဲ့ စီးပွားပျက်ကပ်ကို ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အစီအမံတွေက ပိုအရေးကြီးတယ်။ ရွေးကောက်ပွဲထက် အဲဒါက ပိုအရေးကြီးတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကျင်းပရေးသည် နိုင်ငံအတွင်း ဗိုင်းရပ်စ်ဖြစ်ပွားမှု ရှိ မရှိနှင့် ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် လူထု၏ စိုးရိမ်ပူပန်မှုများကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်မှု၊ စီမံနိုင်မှုတို့အပေါ် များစွာ မူတည်ဖွယ်ရှိသည်။

အထွေထွေရွေးကောက်ပွဲသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပရမည်ဖြစ်သောကြောင့် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံး ဟောပြောရခြင်း၊ မဲလာပေးသည့်အခါတွင် ဖြစ်ပေါ်လာနိုင်သည့် လူစုလူဝေး အနေအထားတို့က ကူးစက်မြန် ရောဂါတစ်ခုဖြစ်သည့် COVID-19 ကာကွယ်ရေးတွင် အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု ပါတီတာဝန်ရှိသူအချို့က ရှုမြင်သည်။

“ မဲထည့်တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထည့်ရမှာလေ။ အဲဒီအခါကျရင် မဲရလဒ်ကိုပဲ အဓိကထားမလား။ လူထုတစ်ရပ်လုံးရဲ့ ကျန်းမာရေးကိုပဲ အဓိကထားရမလား” ဟု ဦးစိုင်းလိတ်က မေးခွန်းထုတ်သည်။

အဆိုပါအခြေအနေကြောင့် ပုံမှန်အတိုင်း ရွေးကောက်ပွဲကျင်းပခြင်း ရှိ၊ မရှိကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စဉ်းစားချက်အပေါ် အခြေခံခြင်းထက် နိုင်ငံတော်ကိုကိုယ်စားပြုသော အစိုးရက စဉ်းစားသင့်သည်ဟု ၎င်းက အကြံပြုသည်။

လက်ရှိကျင်းပနေသည့် ဒုတိယအကြိမ်လွှတ်တော်များအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်တွင်  သက်တမ်းကုန်မည်ဖြစ်ရာ တတိယအကြိမ်လွှတ်တော်နှင့် အစိုးရသစ် ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်တို့အတွက် ယခုနှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။

သို့သော် COVID-19 ဗိုင်းရပ်စ်နှင့် ပက်သက်၍ ကောင်းမွန်သည့် လက္ခဏာ တစ်စုံတစ်ရာမပြလျှင် ရွေးကောက်ပွဲ ကျင်းပရေးသည် အချိန်အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုကြသည်။

“ လက်ရှိအခြေအနေအရ ပုံမှန်ကျင်းပရမယ့်ရက်တို့ အချိန်တို့က အရွှေ့အပြောင်း ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

ဗိုင်းရပ်စ်သည် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် သုံးလအကြာတွင် ထိန်းချုပ်နိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှိသောကြောင့် ဗိုင်းရပ်စ် ခြိမ်းခြောက်ခံ အချို့သော နိုင်ငံများတွင်လည်း သုံးလဝန်းကျင်အကြာတွင် ဗိုင်းရပ်စ်ပြဿနာကို အတော်အသင့် ဖြေရှင်းနိုင်မည်ဆိုသည့် မျှော်လင့်ချက်များလည်း အာဏာရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများတွင် ရှိနေသည်။

“ ရွေးကောက်ပွဲက ပုံမှန်အတိုင်းဆိုရင်တော့ နိုဝင်ဘာလဆန်းလောက် လုပ်ကြတာပေါ့လေ။ လုပ်တဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ အချိန်က အတော်အသင့်တော့ ရနေပါသေးတယ်။ ဒီ COVID ရဲ့ အခြေအနေကိုလည်း စောင့်တော့ကြည့်ရမှာပါပဲ။ ပြောချင်တာတော့ ရွေးကောက်ပွဲကော်မရှင် အပေါ်မှာပဲ မူတည်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုသည်။

သတ်မှတ်ကာလအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်လျှင် ဥပဒေပြုရေးကဏ္ဍမှ တာဝန်ရှိသူများ လစ်ဟာနိုင်သော်လည်း အုပ်ချုပ်ရေးကဏ္ဍမှ ခေါင်းဆောင်အချို့သည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်ဆောင်ရွက်ခွင့်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတို့တွင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မဆောင်ရွက်နိုင်လျှင်၊ နိုင်ငံတော်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေပေါ်ပေါက်လျှှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြင့် ညှိနှိုင်းကာ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် တပ်မတော်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို လွှဲအပ်ရမည့် အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စကို ပုဒ်မ ၄၁၇ တွင် နိုင်ငံတော်၏ အချုပ်အချာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်နှင့် အဓမ္မနည်းများဖြင့် ရယူဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးမည့် အရေးပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းတွေ့ရှိလျှင်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအခြေအနေများသည် တပ်မတော်ကို အာဏာသုံးရပ် လွှဲအပ်ရမည့် အနေအထားနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဟု ဥပဒေပညာရှင်နှင့် နိုင်ငံရေးလေ့လာသူအချို့က မှတ်ချက်ပြုသည်။

“ အဲဒါတွေတော့ မဆိုင်ဘူး။ အရေးပေါ်ကာလဆိုတာ ဒီလိုအရေးပေါ်ကာလမျိုးက တိုင်းပြည်အတွက် လုံခြုံရေးထိခိုက်တဲ့ အရေးပေါ် မဟုတ်ဘူးလေ။ ဒီဟာကိုအရေးပေါ်ထဲ သွားထည့်လို့ မရဘူး” ဟု တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် COVID-19 ဗိုင်းရပ်စ် သက်ရောက်မှု ရှိလာမည်ဆိုလျှင် ရောဂါတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ရာ တပ်မတော်သည်လည်း ဖြစ်ပေါ်လာသည့် အမျိုးသားရေးတာဝန်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ဆိုသည်။

“ ရောဂါကပ်ဘေးကြုံတဲ့အချိန်မှာ တပ်မတော်က အာဏာသိမ်းလိုက်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးမျိုး ကျွန်တော့်ခေါင်းထဲမှာ လုံးဝမရှိဘူး” ဟု ၎င်းက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ချိန်တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီမှုဖြင့် ခန့်အပ်သောအဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့များ၏ တာဝန်များသည် ရပ်စဲသွားမည်ဖြစ်သည်။

“ ဒါကတစ်မျိုးသားလုံးအရေး ဖြစ်နေတယ်လေ။ ဒီ COVID အပေါ်မှာ အခွင့်အရေးယူတဲ့ အနေအထားမျိုး၊ နိုင်ငံရေးအရ အသုံးချတာမျိုးကတော့ ဘယ်အဖွဲ့အစည်းကမှ လုပ်ရက်လိမ့်မယ်၊ လုပ်ရဲလိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။                                                 

Most Read

Most Recent