ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုသည် ငွေကုန်၊ အချိန်ကုန်ခံပြီး လူများ ပင်ပန်းခဲ့သော်လည်း မည်သို့မျှမထူးခြားဟု သတ်မှတ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုသည် ငွေကုန်၊ အချိန်ကုန်ခံပြီး လူများ ပင်ပန်းခဲ့သော်လည်း မည်သို့မျှမထူးခြားဟု သတ်မှတ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 21 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ရန်ကြိုးစားမှုသည် ငွေကုန်၊ အချိန် ကုန်ခံပြီး လူများပင်ပန်းခဲ့သော်လည်း မည်သို့မျှ မထူးခြားဟု သတ်မှတ်ကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က ပြောကြားသည်။

မတ်၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနောက်ဆုံးနေ့အဖြစ် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း အစီအစဉ် အပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှုကို ဦးဝေစိန်အောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လေးခုပြင်တယ်လို့ပဲ အဖြေထွက်ပေမဲ့ ဘာမှလည်း မထူးလာဘူး။ နောက်ဆုံးပြောရရင်တော့ ၄၃၆ (က) က နှစ်ခုပြင်တာလည်း ပြည်လုံးကျွတ်ဆန္ဒခံယူရမယ်ဆိုတဲ့ဟာလည်း ခေါ်ဖို့လည်း မလွယ်ဘူး။ ဒီအတိုင်း ပြန်ထားရ မယ်လို့ပဲ မြင်တယ်။ အဲဒါကြောင့် ဒီနှစ်က ငွေကုန်ခံပြီး အချိန်ကုန်ခံပြီး လူအပန်းခံပြီး လုပ်တာ ဘာမှမထူးဘူးလို့ ဦးလေးကတော့ အဲဒီလိုသတ်မှတ်တယ်” ဟု ဦးဝေစိန်အောင်က ပြောကြားသည်။

လက်ရှိသက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ထူးလာစရာ မရှိတော့ဘဲ တတိယလွှတ်တော် သက်တမ်းတွင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက တပ်မတော်နှင့် ညှိနှိုင်းရန် လိုအပ်ကြောင်း ဦးဝေစိန်အောင်က အကြံပြုခဲ့သည်။

ဦးဝေစိန်အောင်က “ဒီငါးနှစ်အတွင်းမှာတော့ ထူးလာစရာ မရှိတော့ဘူး။ နောက် တတိယလွှတ်တော် သက်တမ်းမှာတော့ တပ်မတော်နဲ့ ညှိရမယ်၊ အဓိကကတော့ တပ်မတော်ကလည်း လိုလိုချင်ချင်ဖြစ်လာအောင် အဲဒီလိုညှိရမယ်။ ပြီးတော့ ပြည်သူတွေကလည်း သိသွားပါပြီ။ တစ်ပါတီတည်းကို မဲပုံထည့်ပြီးတော့ အဝန်းတက်သွားရင် သူလုပ်ချင်ရာလုပ်တယ်။ ညှိလို့မရဘူးဆိုတာ သိသွားပြီ။ အဲဒီတော့ နောက်လွှတ်တော်သက်တမ်းမှာ ဟိုပါတီကလည်း မျှမျှတတရ၊ ဒီပါတီကလည်း မျှမျှတတရ အဲဒီလိုဖြစ်သွားမယ်ဆိုရင်တော့ တပ်မတော်နဲ့ ညှိလို့ရတဲ့အချိန်မှာ အဲဒီဟာ ပြင်နိုင်မယ်လို့ ဆရာ သုံးသပ်တယ်” ဟု ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်အတွက် ခက်ခဲသည့် အမျိုးစားတွင် ပါဝင်ပြီး ပြင်ဆင်ရန် ကြိုးစားသည့်အချိန်ကတည်း က ရလဒ်ကောင်း ထွက် မထွက်ဆိုသည်ကို သိရှိထားပြီး အားလုံးသည် မူလအတိုင်း ပြန် ဖြစ်သွားခြင်းက သိပ်ထူးဆန်းသော ကိစ္စ မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအအဖွဲ့ချုပ်(SNLD) ပါတီဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး က ပြောကြားသည်။

“အားလုံးက မူလလအတိုင်း ပြန်ဖြစ် သွားတာကတော့ သိပ်ပြီးမှ ဘယ်လိုပြောမလဲ ဆိုတော့ သိပ်ပြီးမှ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုက ပြင်ဆင်လို့မရမှန်းကြို သိနေလို့” ဟု ဦးစိုင်းထွန်းအေးက ပြောကြား သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားသည့် လုပ်ငန်းစဉ်အောင်မြင်မှုရရှိခဲ့ ခြင်းမရှိသောကြောင့် တိုင်းရင်းသားအနေဖြင့် စိတ်ပျက်မည်ဖြစ်ပြီး ကြွေးကြော်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်အဖြစ်  ထူထောင်ရန်သည် လက်တွေ့တွင် အာဏာ ခွဲဝေမှုအပိုင်းများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပိုင်းများသည် တိုးမြှင့်ပေးလာမည့် အနေအထား မရှိသည့်အတွက် စိတ်ဓာတ်ကျမည် ဖြစ်ကြောင်း ဦးစိုင်းထွန်းအေးက ပြောကြားသည်။

ဦးစိုင်းထွန်းအေးက “ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီအတိုင်းပဲသွားမယ်ဆိုရင် တိုင်းပြည်ကလည်း ခေတ်နောက်ကျနေမယ်။ ကျွန်တော်တို့ အနာဂတ်တွေလည်း ပျောက်နေ မယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ ဖြစ်ချင် တဲ့ဆန္ဒ၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှု တွေလည်း စိတ်သုဉ်းနေမယ်ဆိုရင် သူတို့အ နေနဲ့တော့ စိတ်ပျက်နေမှာပေါ့” ဟု ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒ ပြည့်ဝစွာနှင့် တိုင်းပြည်၏ကောင်းကျိုး၊ နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုမှသာ ပြင်ဆင်၍ ရနိုင် ပြီး တစ်ဖက်နှင့်တစ်ဖက် နိုင်ငံရေးအပေးယူ မရှိခြင်းများ၊ နားလည်မှု၊ အရပ်ဘက်စစ်ဖက် ဆက်ဆံရေးများ အားနည်းနေမှုများသည် အခက်အခဲဖြစ်သည့် အနေအထားများဖြစ် ခြင်းကြောင့် ပြင်ဆင်ရန်အတွက် နိုင်ငံသူ နိုင်ငံသားများ၏ မျက်နှာကို ကြည့်ရန်လိုအပ် ကြောင်း ဦးစိုင်းထွန်းအေးက ပြောကြားသည်။

 

 

Most Read

Most Recent