ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများတွင် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ရပ်တည်ချက် ခိုင်ခိုင်မာမာဖြင့် ပြည်သူတစ်ရပ်လုံးအတွက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများတွင် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ရပ်တည်ချက် ခိုင်ခိုင်မာမာဖြင့် ပြည်သူတစ်ရပ်လုံးအတွက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 20 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများတွင် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ရပ်တည်ချက် ခိုင်ခိုင်မာမာဖြင့် ပြည်သူတစ်ရပ်လုံးအတွက် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

မတ် ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆန္ဒမဲလက်မှတ် (၂) နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်အပြီး၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို  ဗိုလ်မှူးချုပ်မောင်မောင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ကတော့ ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသား ပြည်သူတစ်ရပ်လုံးအတွက် ယုံကြည်ချက်၊ ရပ်တည်ချက်၊ မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေမှာ ရပ်တည်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ လွှတ်တော်မှာ မဲခွဲခြင်းတွေ ပြုလုပ်ရာမှာလည်း မိမိတို့ အနိုင်ရလို့ တစ်ဖက်သားကို မထီမဲ့မြင်ပြုတာတွေ၊ ပြက်ရယ် ပြုတာတွေ စတဲ့နိမ့်ကျတဲ့ လုပ်ဆောင်ချက်တွေ လုံးဝလုပ်ဆောင်ခြင်း မရှိဘဲနဲ့ လူကြီးလူကောင်းဆန်ဆန် ပြုမူဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရင် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေကအစ၊ ပြည်သူလူထု တစ်ရပ်လုံး သိပါတယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း ဆောင်ရွက်ရာတွင် မဲရလဒ်များကို ကြည့်ပါက ထောက်ခံဆန္ဒမဲသည် ပျမ်းမျှအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ အပြည့်အဝ ထောက်ခံမှုကို ရရှိခဲ့ခြင်း မရှိဘဲ ၆၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုကိုသာ ရရှိထားကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Mother Law ကို ပြင်တာ၊ ပြင်ဆင်ဆောင်ရွက်တာဖြစ်လို့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်လို့ရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ သာမန်ဥပဒေတွေလို ထက်ဝက်ကျော် မဲအသာနဲ့ ပြင်လို့ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၃၆(က)၊ (ခ)မှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံပြင်နိုင်ဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှုတွေ တည်ဆောက်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုလုပ်ဆောင် လာတာဟာဆိုရင် မဲအသာနဲ့ ရနိုင်တယ်လို့ ရနိုင်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို အားလုံးပါဝင်ပြီးတော့မှ အဖြေရှာပြီးတော့မှ ဘယ်လိုပြင်ကြမလဲ ဆိုတာကို ဆောင်ရွက်မှသာလျှင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းတွေက အကျိုးရလဒ် ထွက်လာမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း အနိုင်ရပါတီအနေဖြင့် ၎င်းတို့ပြင်ချင်သည့် ဥပဒေများ၊ ဖျက်ချင်သည့် ဥပဒေများ၊ ပြဋ္ဌာန်းချင်သည့် ဥပဒေများကို ထက်ဝက်ကျော် မဲအသာဖြင့် လိုသလို လုပ်ခဲ့ကြသည်ကို အားလုံးအသိ ဖြစ်ကြောင်းနှင့် အဆိုများကိုလည်း လိုသလို ထောက်ခံအတည်ပြု သွားကြသည်ကိုလည်း အားလုံးအသိဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

“ယခု ကျွန်တော်တို့ လုပ်နေတာက ကိုယ့်နိုင်ငံရဲ့ Mother Law ဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သေသေချာချာနဲ့ အားလုံးပါဝင်ပြီးတော့မှ စနစ်တကျ အဖြေရှာပြီးမှသာ ဆောင်ရွက်မှရမယ့်ကိစ္စ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတင်ဆောင်ရွက်သည့်နေ့ လွှတ်တော်အစည်းအဝေးအပြီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် အဆောင်သို့ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ စသည့်မြို့များမှ အမျိုးသားရေးသမားများ လာရောက်တွေ့ဆုံ အားပေးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြမှုများရှိသည့် တပ်မတော်သားများက အိုးစည်၊ ဗုံမောင်းများနှင့် ကြိုဆိုနေသော ပုံများသည် မုံရွာမြို့ ခမရ(၁၆)မှ ရှေ့တန်းပြန် စစ်သည်များကို ၂၀၁၉ ခုနှစ် ဧပြီက ကြိုဆိုနေသော ပုံများဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ဗိုလ်မှူးချုပ်မောင်မောင်က “အဲဒီပုံကို ယုတ်မာအောက်တန်းကျစွာနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မဲခွဲတာ အနိုင်ရလို့ အိုးစည်ဒိုးပတ်ဝိုင်းတွေနဲ့ အောင်ပွဲခံနေတယ် ဆိုပြီးတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖွတာတွေ ဖြစ်ပါတယ်။ ဒီပုံတွေမှာ လက်မောင်းတံဆိပ်ကလည်း မတူပါဘူး။ အဲဒီနမခတံဆိပ်တွေ ဖြစ်ပါတယ်။ ဒီလို မဟုတ်မမှန် လုပ်ကြံထားတဲ့ ပုံတွေနဲ့အတူ အမျိုးမျိုး ဝေဖန်ကြ၊ မှတ်ချက်တွေပြုကြနဲ့ နောက်ဆုံး စာရေးဆရာ အမည်ခံ လော်ဘီတွေကနေပြီးတော့ ဝေဖန်သုံးသပ်ချက်တွေ ရေးလာတာထိအောင် နိုင်ငံရေး အောက်လုံးထိုးလာတာတွေ တွေ့နေရပါတယ်။ စာရေးဆရာ ဆိုလို့ရှိရင်တော့ ဒီဟာဟာ မှန်သလား မမှန်သလားဆိုတာ စဉ်းစားဖို့၊ သုံးသပ်ဖို့၊ စိစစ်ဖို့လိုပါတယ်။ ဒီလိုမစိမစစ်နဲ့ တပ်မတော်ကပဲ နိုင်ငံရေးပါး မဝတာလားတို့ ဘာတို့ စကားလုံးတွေနဲ့ တပ်မတော်ကို နိုင်ငံရေး အောက်လုံးထိုးတာတွေ တွေ့ရပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent