ဒေါ်လာစျေး အတက်အကျ ဂယက်ကြောင့် ပြည်ပသို့ ဆန်တင်ပို့သူ Exporter များက အဝယ်ရပ်ထားသဖြင့် ပြည်တွင်းဆန်စျေး တစ်အိတ်လျှင် ကျပ် ၁၅၀၀ ခန့်ကျဆင်းနေ

ဒေါ်လာစျေး အတက်အကျ ဂယက်ကြောင့် ပြည်ပသို့ ဆန်တင်ပို့သူ Exporter များက အဝယ်ရပ်ထားသဖြင့် ပြည်တွင်းဆန်စျေး တစ်အိတ်လျှင် ကျပ် ၁၅၀၀ ခန့်ကျဆင်းနေ
 ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 13 March 2020
ဇေယျာငြိမ်း

 ဒေါ်လာစျေး အတက်အကျဂယက်ကြောင့် ပြည်ပသို့ ဆန်တင်ပို့သူများ အဝယ်ရပ်ထားသဖြင့် ပြည်တွင်းဆန်စျေး တစ်အိတ်လျှင် ၁၅၀၀ ကျပ်ခန့်ကျဆင်းနေပြီး သင်္ကြန်ပြီးမှသာ ပြန်လည်ဝယ်ယူနိုင်ဖွယ်ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“ဆန်က ဒီရက်ပိုင်း ငွေစျေးတွေတအားကျတယ်ဆိုပြီးတော့ Exporter တွေက သူတို့ ရှုံးတော့ အရောင်းအဝယ် ရပ်လိုက်တာပေါ့။ အဝယ်ရပ်လိုက်တော့ ဆန်စျေးက တစ်အိတ်ကို ၁၀၀၀၊ ၁၅၀၀ လောက် ကျသွားတယ်။ ဆန်ကွဲစျေးကလည်း တစ်ထောင်လောက်ကျသွားတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နွေစပါးမပေါ်သေးသည့်အပြင် မိုးစပါးလက်ကျန်နည်းနေသောကြောင့် ပြည်ပသို့ ဆန်တင်ပို့သူ Exporter များက သင်္ကြန်အပြီးကာလများမှသာ ပြည်ပသို့ တင်ပို့မည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ရွှေ့ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ် နွေစပါးက မပေါ်သေးဘူး။ မိုးစပါးက လက်ကျန်နည်းနေတော့ သူတို့သင်္ဘောတင်တွေကို သင်္ကြန်အပြီးကို ရွှေ့လိုက်တော့ အချိန်တစ်လလောက်ရသွားတယ်” ဟု ဦးသန်းဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဆန်ဝယ်ယူမှုရပ်ဆိုင်းထားခြင်းကြောင့် ဆန်စျေးနှုန်းကျဆင်းခဲ့သော်လည်း နယ်ကုန်သည်များအနေဖြင့် ယင်းစျေးနှုန်းအတိုင်း ရောင်းချခြင်းမရှိသောကြောင့်  ကုန်စည်ဒိုင်များသို့ ဆန်ဝင်ရောက်မှုအနည်းငယ်သာရှိကြောင်း သိရသည်။

“ရပ်ထားတယ်ဆိုတာ သူတို့ဟာသူတို့ ညှိပြီးတော့ ဆန်စျေးကျအောင်လုပ်တာပေါ့နော်။ ဘယ်သူမှမဝယ်နဲ့ ဆန်စျေးတွေများ တယ်ပေါ့နော် ညှိပြီးဝယ်လိုက်တော့ အဝယ်မရှိတော့ စျေးကွက်အေးသွားတယ်။ စျေးကျသွားတယ်။ ဒါပေမဲ့ နယ်ကုန်သည်ကတော့ ကျတဲ့စျေးကို လိုက်ရောင်းတာမျိုး၊ တွန်းပြီးတော့ရောင်းတာမျိုး၊ ကြောက်လို့ရောင်းတာမျိုးမရှိဘူး” ဟု ဦးသန်းဦးက ပြောကြားသည်။

မတ်လ ၁၂ ရက်တွင် ပြည်တွင်းဆန်စျေးနှုန်းများမှာ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၁၉၀၀၀ ကျပ်ဝန်းကျင်၊ ငါးမှတ်ဆန်တစ်အိတ်လျှင် ၂၂၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ကွဲစျေးနှုန်းမှာ ၁၄၈၀၀ ကျပ်မှ ၁၆၈၀၀ ကျပ်ကြားရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မတ် ၁၀ ရက်တွင် နိုင်ငံခြားငွေစျေးပြိုင် လေလံနှစ်ကြိမ်ဖြင့် ဒေါ်လာကိုးသန်းဝယ်ယူခဲ့ကာ စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့သော ဒေါ်လာစျေးသည် တစ်ဒေါ်လာ ကျပ် ၁၃၈၀ အထိ ပြန်လည်ခုန်တက်ခဲ့သည်။ မတ် ၁၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း အတက်အကျများဖြစ်ပေါ်ခဲ့ပြီး ကျပ် ၁၃၆၀ ဖြင့်ဖွင့်ခဲ့သော ဒေါ်လာစျေးသည် ကျပ် ၁၄၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ မတ် ၁၁ ရက်တွင်လည်း ကျပ် ၁၃၉၀ ဖြင့် စျေးဖွင့်ခဲ့သော ဒေါ်လာစျေးသည် မွန်းလွဲပိုင်းတွင် ကျပ် ၁၄၂၀ အထိ ဆက်တက်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၄၂ သန်း အထိတင်ပို့ထားပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၆၃၇ သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၈၀၀၀ ခန့်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄၄ သန်းကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၁၃ ရာခိုင်နှုန်းကျော်ရှိသည်။

ပင်လယ်ရေကြောင်းတင်ပို့မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန်တစ်သန်းကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၃၁၀ ကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၆ ရာခိုင်နှုန်းကျော်ရှိသည်။

 

 

Most Read

Most Recent