ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း  (၁) သည် လေးလမ်းသွား မိုးပျံအမြန်လမ်းဖြစ်သည့်အတွက် လက်ရှိလမ်းမများ၏ အလယ်တွင် များသောအားဖြင့် တည်ဆောက်မည်ဖြစ်ပြီး တံတားရှည်ကြီးတစ်စင်းသဖွယ် ဖြစ်နေမည်ဟု သိရ

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း  (၁) သည် လေးလမ်းသွား မိုးပျံအမြန်လမ်းဖြစ်သည့်အတွက် လက်ရှိလမ်းမများ၏ အလယ်တွင် များသောအားဖြင့် တည်ဆောက်မည်ဖြစ်ပြီး တံတားရှည်ကြီးတစ်စင်းသဖွယ် ဖြစ်နေမည်ဟု သိရ
Published 10 March 2020

အရှည် ၂၇ ဒသမ ၅ ကီလိုမီတာအရှည်ရှိသော လေးလမ်းသွား မိုးပျံအမြန်လမ်း (ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း (၁))သည်  လက်ရှိလမ်းမများ၏အလယ်တွင် များသောအားဖြင့် တည်ဆောက်မည်ဖြစ်ပြီး တံတားရှည်ကြီးတစ်စင်းသဖွယ် ဖြစ်နေမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း(၁)သည်  အထက်ပုစွန်တောင်လမ်း၊ ဝေဇယန္တာလမ်း၊သုဓမ္မာလမ်းနှင့် မြောက်ဘက်တွင် ခရေ ပင်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းဆုံအထိတို့ကို ဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းအူကြောင်းဖြတ်သွားသည့် မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ဖြစ်သည်။

မိုးပျံအမြန်လမ်းဖြစ်သည့်အတွက် အဆိုပါစီမံကိန်းကို လက်ရှိလမ်းမများ၏ အလယ်တွင် များသောအားဖြင့် တည်ဆောက်မည်ဖြစ်ပြီး တံတားရှည်ကြီးတစ်စင်းသဖွယ် ဖြစ်နေမည်ဟု သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းတွင် အရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိသည့် အတွင်းပတ်လမ်း Inner Ring Road ၏ အရှေ့ဘက်ခြမ်းနှင့် အရှေ့အနောက်ခြမ်း ၂၇ ဒသမ ၅ ကီလိုမီတာကို စီမံကိန်းအပိုင်း (၁) လေးလမ်း သွားအမြန်လမ်းအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (Yangon Elevated Expressway Project) ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မိုးပျံအမြန်လမ်းစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး၏ ထိပ်သီးဦးစားပေးစီမံကိန်းများအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် JICA ၏ ထောက်ပံ့မှုဖြင့် ရန်ကုန်မြို့၏ ပြည့်စုံသော မြို့ပြသယ်ယူပို့ဆောင်ရေးအစီအစဉ်များကို ရေးဆွဲခဲ့ကြောင်း သိရသည်။

YUTRA & YUTRA လေ့လာဆန်းစစ်ချက်များအရ ရန်ကုန်မြို့၏ လမ်းပန်းဆက်သွယ်မှု ပင်မအစီအစဉ် လိုအပ်လျက်ရှိပြီး ၎င်းတွင် Urban Transport Network, Expressway Network, Public Transport Network, များပါဝင်ကြောင်း၊ Expressway Network အဖြစ် Inner Ring, Outer Ring နှင့် Radial Road Network များ တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ မိုးပျံအမြန်လမ်းစီမံကိန်းမှာ Inner Ring Road – IRR အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအပိုင်း(၁)၏ အရှေ့ဘက်ခြမ်းအဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါပုံတံတားအဆင်းမှစတင်ကာ အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်းတို့တစ်လျှောက် အမှတ်(၃)လမ်း မကြီး(ခရေပင်လမ်းဆုံ)အထိ အရှည် ၁၉ ကီလိုမီတာခန့်၊ အရှေ့အနောက်ခြမ်းအဖြစ်၊ အမှတ်(၃)လမ်းမကြီး (ခရေပင်လမ်းဆုံ)မှ ခရေပင်လမ်းတစ်လျှောက် တညင်းကုန်းလမ်းဆုံအထိ အရှည် ၅ ဒသမ ၅ ကီလိုမီတာနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်းအဖြစ် အသံလွှင့်ရုံလမ်းတစ်လျှောက် အရှည် ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်းလမ်းအရှည် ၂၇ ကီလိုမီတာခန့်နှင့် လမ်းနယ်မှာ မီတာ ၃၀ ခန့်ဖြစ်သည်။ လမ်း၏အလယ်မျဉ်းမှ တစ်ဖက်လျှင် ၁၅ မီတာခန့်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းသည်  နိုင်ငံတကာမှရင်းနှီးမြှုပ်နှံသူများအနေဖြင့် စံနမူနာစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်မိုးပျံ စီမံကိန်းအပိုင်း (၂) တွင် စိတ်ဝင်စားမှုအဆိုပြုလွှာ Request for Expression of Interest REOI ကို ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်း၌ ခေါ်ယူနိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

 

Most Read

Most Recent