ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် နှစ်စမှ လက်ရှိအချိန်အထိ စက်ရုံ ၁၂ ရုံ ပိတ်သည့်အနက် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်သောစက်ရုံ နှစ်ရုံသာရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် နှစ်စမှ လက်ရှိအချိန်အထိ စက်ရုံ ၁၂ ရုံ ပိတ်သည့်အနက် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်သောစက်ရုံ နှစ်ရုံသာရှိ
Published 5 March 2020
ရှိုင်းလင်းအောင်

၂၀၂၀ ပြည့်နှစ် နှစ်စမှ မတ် ၃ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်ရုံ ၁၂ ခု ပိတ်သိမ်းခဲ့သည့်အနက် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်သောစက်ရုံ နှစ်ရုံသာရှိကြောင်း မတ် ၅ ရက်က အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ကုန်ကြမ်းပြတ်လပ်ခြင်း၊ အခြားအကြောင်းအရာ အမျိုးမျိုးဖြင့် စက်ရုံပိတ်သိမ်းသည့် စက်ရုံများမှာ အထည်ချုပ်စက်ရုံ၊ အိတ်စက်ရုံနှင့် သစ်ပါးလွှာ စက်ရုံတို့ဖြစ်ကြောင်း သိရသည်။

“ကုန်ကြမ်းကြောင့် ပိတ်တာလို့ ပြောနိုင်တာတော့ လောလောဆယ် ၁၀ ရုံ၊ ၁၅ ရုံလောက်မှာ နှစ်ရုံလောက်ပဲ ပြောပါသေးတယ်။ နှစ်ရုံက ကုန်ကြမ်းရဖို့ အခက်အခဲ ရှိတဲ့အတွက် ပိတ်ပါတယ်လို့ အကြောင်းကြားပါတယ်။ ကျန်တာကတော့ အော်ဒါမရလို့၊ အရှုံးပေါ်လို့၊ ချုပ်တဲ့အလုပ်သမားတွေ စံချိန်မမီတဲ့အတွက် Reject ထိတာတို့၊ ဒါတွေကြောင့် ပိတ်တယ်လို့ ပြောပါတယ်” ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောကြားသည်။

စက်ရုံပိတ်ရာတွင် အလုပ်သမားများအား ဥပဒေပါအတိုင်း အလုပ်ထုတ်နစ်နာကြေး၊ လုပ်သက်နှစ်ကြေးများပေး၍ စက်ရုံပိတ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စက်ရုံ ၁၂ ခုပိတ်သိမ်းသဖြင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမား ၅၂၀၀ ကျော်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ အခြေစိုက်နိုင်ငံ ကုန်သည်ကြီးများအသင်း စီးပွားရေး လုပ်ငန်းရှင်များမှ COVID-19 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသော စက်ရုံများသည် တရုတ်ပြည်မှလာသော ကုန်ကြမ်းများအား အဓိက မှီခိုအားထား၍ စက်ရုံလည်ပတ်ခြင်းဖြစ်ပြီး COVID-19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်တော့မည့် စိုးရိမ်ဖွယ်ရာ အခြေအနေများ ရင်ဆိုင်နေရကြောင်း၊ ကုန်ကြမ်းပြတ်လပ်ချိန် ကြာမြင့်ပါက လုပ်သားများ လျော့ချခြင်း၊ စက်ရုံလည်ပတ်မှု ယာယီရပ်နား၊ အဆိုးဆုံး အခြေအနေတွင် လုပ်ငန်းပိတ်သိမ်းခြင်းအထိ ကြိုတင်မျှော်မှန်းထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဖြစ်ပေါ်လာမည့် လူမှုစီးပွားရေး ပြဿနာများအား ကြိုတင်အဖြေရှာထားရန် အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အရေးပေါ် အစည်းအဝေး ခေါ်ယူရန် လိုအပ်ကြောင်း၊ လုပ်ငန်းကဏ္ဍအသီးသီးရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား အပြုသဘောဆောင်၍ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကာ အဖြေရှာရန်လို အပ်ကြောင်း အလုပ်သမား အဖွဲ့အစည်း ၁၀ ခုက တောင်းဆိုထားသည်။

 

Most Read

Most Recent