COVID-19 ကြောင့် ကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိနေသဖြင့် စီးပွားရေးထိခိုက်မှု ရှိ မရှိ လေ့လာသုံးသပ်ကြရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကြောင့် ကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိနေသဖြင့် စီးပွားရေးထိခိုက်မှု ရှိ မရှိ လေ့လာသုံးသပ်ကြရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 4 March 2020
နီလာ

COVID-19 ကြောင့် ကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိနေသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီးပွားရေးထိခိုက်မှုဖြစ်ပေါ်မှု ရှိ မရှိ လေ့လာသုံးသပ်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး မိမိဒေသအတွင်းရှိ ထုတ်ကုန်များ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ သီးနှံဇုန်များ စနစ်တကျ ဖွဲ့စည်းထူထောင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဦးစီးမှူးများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားသည့် အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စားသုံးသူပြည်သူများအား အသိပညာပေးခြင်း၊ စျေးကွက်အတွင်း လေ့လာစုံစမ်းစိစစ်ခြင်း၊ စားသုံးသူ ထိခိုက်နစ်နာမှုများအပေါ် ဥပဒေနှင့်အညီ စနစ်တကျဖြေရှင်းပေးခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  မည်သည့်လုပ်ငန်းရပ်များကိုမဆို လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပိတ်ရက်များနဲ့ ဆက်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှု ထိခိုက်ခဲ့ပါတယ်။ နှစ်သစ်ကူးပိတ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၂၃ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက်အထိ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ဒေါ်လာ ၁၅၂ သန်းနဲ့ သွင်းကုန်ဒေါ်လာ ၅၇ သန်း ကုန်သွယ်မှုပမာဏဒေါ်လာ ၂၀၉ သန်း လျော့နည်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံကို အဓိကတင်ပို့နေရတဲ့ ဖရဲ၊ သခွား ပုပ်သိုးလွယ်တဲ့ကုန်များ၊ ရေထွက်ပစ္စည်း တင်ပို့မှုများ ထိခိုက်ခဲ့ရပါတယ်” ဟု ဒေါက်တာသန်းမြင့်က ဆိုသည်။

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့်  မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ကာ အဆိုပါဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည်မှ ရက်ပေါင်း ၂၀ ကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားတင်ပို့မှုမှာ ဒေါ်လာသန်း ၅၀ ခန့်ဆုံးရှုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က တညင်းကုန်းစျေးရှိ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ဖရဲတန်ချိန် ရှစ်သိန်းကျော်တင်ပို့ပြီး သခွားမွှေးတန်ချိန် တစ်သိန်းခွဲခန့် တင်ပို့လေ့ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖရဲတန်ချိန် သုံးသိန်းကျော်တင်ပို့ထားပြီး သခွားတန်ချိန် ၄၀၀၀၀ ကျော်သာတင်ပို့ရသေးသဖြင့် များစွာကျန်ရှိနေသေးကြောင်း သိရသည်။

 

Most Read

Most Recent