လိဂ်ဖလား ဗိုုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလား ဗိုုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 March 2020

အက်စတွန်ဗီလာ - မန်စီးတီး (တနင်္ဂနွေည ၁၁:၀၀ နာရီ)

ဗိုလ်လုပွဲဆိုပေယ့် ဗိုလ်လုပွဲရဲ့ ဂုဏ်အင်္ဂါနဲ့ မညီတဲ့ပွဲပဲ ဖြစ်ဖို့များပါတယ်။ မန်စီးတီးက ဒီရာသီမှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ နှစ်ပွဲကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်က (၉-၁)ပါ။ အက်စတွန်ဗီလာက ခံစစ်ကစားသည်ဖြစ်စေ၊ တိုက်စစ် ပြန်ဆင်ဖို့ ကြိုးစားသည်ဖြစ်စေ အချိန်တန်ရင် ထိန်းမရ၊ ပြုမရ၊ ကစားကွက်ပြိုလဲပြီး မန်စီးတီး စိတ်ကြိုုက်ကစားတဲ့ပွဲတွေအဖြစ် မြင်ခဲ့ရတယ်။ ဒီပွဲလည်း အက်စတွန်ဗီလာ စီစဉ်လာမယ့်ပုံစံက ခံစစ်ကို အလုံပိတ်ပြီး တန်ပြန်တိုက်စစ်တွေ၊ တည်ကန် ဘောတွေနဲ့ ပြန်ခြိမ်းခြောက်ဖို့ ကြိုးစားတာမျိုးပဲ ဖြစ်မှာပါ။ မန်စီးတီးလိုအသင်းမျိုးကို ဒီလိုကစားဖို့ ရွေးချယ်ခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့လည်း ပြောနိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မှန်ကန်တိုင်းလည်း အလုပ်ဖြစ်တာမဟုတ်ဘူး။ တကယ်လုပ်နိုင်ဖို့လိုတယ်။ တကယ်လုပ်နိုင်တိုင်းလည်း အလုပ်မဖြစ်ဘူး။ ခြေအရမ်းကွာရင် တားဆီးဖို့ ခက်ပါတယ်။ အက်စတွန်ဗီလာက ဒီ ရာသီကစားခဲ့တဲ့ နှစ်ပွဲမှာတော့ သူတို့ စီစဉ်ထားတာတွေလည်း အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောရမယ်။ ပိုကောင်းအောင် ကစားနိုင် မှသာ မန်စီးတီးကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်တဲ့ ပွဲမျိုးဖြစ်လိမ့်မယ်။ ဂွါဒီယိုလာက ဗိုလ်လုပွဲမှတ်တမ်း အရမ်းကောင်းတဲ့ နည်းပြမျိုးဖြစ်သလို၊ ဖလားယူရမယ့်ပွဲတွေမှာ အသင်းကို စိတ်ပိုင်း၊ ရုပ်ပိုင်းတည်ငြိမ်အောင်၊ အကောင်းဆုံးထုတ် ကုန်ကို ပြသနိုင်အောင် ကူညီပုံလည်း အရမ်းကောင်းတယ်။ ဗိုလ်လုပွဲတွေဆိုတာလည်း မန်စီးတီးနဲ့ ယဉ်ပါးနေလို့ စိတ်ခံစားချက်က သက်သောင့်သက်သာဖြစ်နေမှာဖြစ်ပြီး ဗီလာအတွက်သာ စိုးရိမ်စိတ်တွေနဲ့ ဖိအားတွေ ရောယှက်နေမယ့်ပွဲလို့လည်း ဆိုရမှာဖြစ်တယ်။ မန်စီးတီး (၃-ဝ)လောက်နဲ့ အနိုင်ရသွားဖို့ ရှိပါတယ်။ 

■ Facts

- အက်စတွန်ဗီလာအသင်းသည် မန်စီးတီးအသင်းနှင့်တွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲတွင် (၇)ပွဲအထိရှုံးနိမ့်ခဲ့ကာ (၁)ပွဲသာ သရေရလဒ်ရရှိ ခဲ့ပြီး (၃)ဂိုးနှင့်အထက်ပေးခဲ့ရသည့်ပွဲမှာလည်း

(၆)ပွဲအထိရှိခဲ့သည်။

- အက်စတွန်ဗီလာအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲတွင် (၅)ပွဲအထိရှုံးနိမ့်ခဲ့သော်လည်း သွင်းဂိုးမရရှိသည့်ပွဲမှာ (၁)ပွဲသာရှိခဲ့သည်။

- မန်စီးတီးအသင်းသည် (ရီးယဲလ်နှင့်ပွဲမတိုင်မီ) ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာ ရှိခဲ့သည်။

 

Most Read

Most Recent