၂၀၁၆ ခုနှစ်မှစ၍ ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များ အသစ်ထပ်မံချပေးခြင်း၊ သက်တမ်းတိုးပေးထားခြင်း မရှိသဖြင့် ကျောက်စိမ်း၊ ကျောက်မျက်အရိုင်း အလွန်အကျွံထုတ်လုပ်ခြင်းကို ထိန်းချုပ်နိုင်ခဲ့

၂၀၁၆ ခုနှစ်မှစ၍ ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များ အသစ်ထပ်မံချပေးခြင်း၊ သက်တမ်းတိုးပေးထားခြင်း မရှိသဖြင့် ကျောက်စိမ်း၊ ကျောက်မျက်အရိုင်း အလွန်အကျွံထုတ်လုပ်ခြင်းကို ထိန်းချုပ်နိုင်ခဲ့
ကျောက်မျက်လုပ်ကွက်တစ်ခုကို  ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
ကျောက်မျက်လုပ်ကွက်တစ်ခုကို  ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 29 February 2020
ဇေယျာငြိမ်း

၂၀၁၆ ခုနှစ်စတင်၍ ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များအား အသစ်ထပ်မံချပေးခြင်း၊ သက်တမ်းတိုးပေးထားခြင်း မရှိသဖြင့် ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းများ အလွန်အကျွံထုတ်လုပ်ခြင်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များအား အသစ်ထပ်မံချပေးခြင်း၊ သက်တမ်းတိုးပေးခြင်းများ မရှိသဖြင့် ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းများ အလွန်အကျွံထုတ်ယူခြင်းကို တိုင်းတာ ထိန်းချုပ်နိုင်ခဲ့ပါကြောင်း ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက တင်ပြဆွေးနွေးခဲ့သည်။

ရတနာမြေအသီးသီးတွင် လုပ်ကိုင်ခွင့်ရ လုပ်ကွက်ဧရိယာ အကျယ်အဝန်းအလိုက် အသုံးပြုရမည့် စက်ယန္တရား၊ မြေသယ်ယာဉ်အရေအတွက်နှင့် ဝန်ဆောင်မှုတို့ကိုလည်း ကန့်သတ် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် တူဖော်ထုတ်လုပ်ရရှိသော ကျောက်စိမ်း၊ ကျောက်မျက်ရတနာများအား တွင်းဝခွန်ကောက်ခံရာတွင် ကျောက်မျက်ရတနာများ၏ အမျိုးအစား၊ အရည်အသွေးနှင့် လျော်ညီသည့် တန်ဖိုးသတ်မှတ်မှုဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်လျှက်ရှိပြီး ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းများကို တန်ဖိုးဖြတ်ခြင်း၊ ရတနာခွန်ကောက်ခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ ထုတ်ပြန်ထားရှိပြီး သက်ဆိုင်ရာနယ်မြေအလိုက် တူးဖော်ရေးဌာနများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် အကျိုးတူကုမ္ပဏီများမှ ထုတ်လုပ်ရရှိသော ရတနာများကို ရတနာပြပွဲများတွင် တင်ပြရောင်းချပြီး ရောင်းရငွေမှ ရတနာခွန်အဖြစ် (ကျောက်စိမ်းရိုင်း ၁၁ ရာခိုင်နှုန်း၊ ကျောက်မျက်ရိုင်း ကိုးရာခိုင်နှုန်း၊ ကျောက်မျက်အချောထည် ငါးရာခိုင်နှုန်း၊ ဝန်ဆောင်ခအရိုင်း သုံးရာခိုင်နှုန်း၊ အချောထည် တစ်ရာခိုင်နှုန်း) ပေးဆောင်ပြီး ကျန်ငွေအပေါ် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှ ၂၅ ရာခိုင်နှုန်းနှင့် အကျိုးတူကုမ္ပဏီများမှ ၇၅ ရာခိုင်နှုန်း ခွဲဝေခံစားသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အတွက် လိုအပ်ပါက ထုတ်လုပ်ရရှိိသော ကျောက်စိမ်း၊ ကျောက်မျက်များကို ထုတ်လုပ်မှုအပေါ်မှ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ရာခိုင်နှုန်း ၅၀၊ အကျိုးတူကုမ္ပဏီမှ ရာခိုင်နှုန်း ၅၀ In Kind ခွဲဝေခံစားသည့်စနစ်ဖြင့်လည်းကောင်း ခွဲဝေပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ လေးလခွဲအတွင်း ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၉၄၄ ဒသမ ၄၁၉ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၀၂ ဒသမ ၅၀၁ သန်းအထိ ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ နှစ်လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာသန်း  ၄၂၀ ရှိ သည်။ ယခင်နှစ်ကာလတူတွင်မူ အမေရိကန် ဒေါ်လာ တစ်သန်းခန့်သာရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၄၁၉ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent