ဖွဲ့စည်းပုံပြင်ဆင်သည့် မူကြမ်းများသည် တစ်အုပ်လုံးကို အသစ်ရေးဆွဲသလိုဖြစ်နေသည့်အပြင် အရေးကြီးခြင်းနှင့် အရေးမကြီးခြင်းပါ ရောနှောနေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ဟု ဦးစိုးသိန်း ဝေဖန်

ဖွဲ့စည်းပုံပြင်ဆင်သည့် မူကြမ်းများသည် တစ်အုပ်လုံးကို အသစ်ရေးဆွဲသလိုဖြစ်နေသည့်အပြင် အရေးကြီးခြင်းနှင့် အရေးမကြီးခြင်းပါ ရောနှောနေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ဟု ဦးစိုးသိန်း ဝေဖန်
Published 27 February 2020

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် မူကြမ်းများသည် တစ်အုပ်လုံးကို အသစ်ရေးဆွဲသလို ဖြစ်နေသည့်အပြင် အရေးကြီးခြင်းနှင့် အရေးမကြီးခြင်းပါ ရောနှောနေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ် ​ဦးစိုးသိန်းက ​ဝေဖန်​ပြောကြားသည်။

ဖေ​ဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်​ထောင်စုလွှတ်​တော် အစည်းအ​ဝေးတွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပ​ဒေမူကြမ်းပါ ပုဒ်မ၊ မုဒ်မခွဲများအ​ပေါ် ​လွှတ်တော်၌ ​ဆွေး​နွေးရာတွင် ၎င်းက အထက်ပါအတိုင်း ​​ဝေဖန်​​ဆွေး​နွေးခဲ့ခြင်း ဖြစ်သည်။

“တွေ့ရတာက တစ်အုပ်လုံး အသစ်ရေးဆွဲသလို ဖြစ်​နေပါတယ်။ အ​ရေးကြီးတာ​ရော၊ အ​ရေးမကြီးတာရော ​ရောပြွန်​းနေပါတယ်။ ဒီ​တော့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်” ဟု ​ဦးစိုးသိန်းက ပြောကြားသည်။

လက်ရှိ လွှတ်တော်တွင် ဆွေးနွေးနေ သည့် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်ဆင်​ရေး မူကြမ်းများတွင် သမ္မတ၏ ဗီဒိုအာဏာ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ၏ ဗီဒိုအာဏာ၊ ဖက် ဒရယ်အုပ်ချုပ်​ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မြူနီ စပယ်အုပ်ချုပ်ရေး၊ သာသနာ့ဝန်ထမ်းမဲပေး ခွင့် စသည့်အချက်များ ပါဝင်လာခြင်းမရှိ ကြောင်း ၎င်းင်းက ဆိုသည်။

“ယခု ဥပ​ဒေကြမ်းနှစ်ခုမှာ ဘယ်မှာလဲ သမ္မတရဲ့ Veto ၊ ဘယ်မှာလဲ အမတ်အ​ရေအတွက်နည်းတဲ့ အမျိုးသားလွှတ်​​​တော်ဥက္ကဋ္ဌရဲ့ Veto ၊ ဘယ်မှာလဲ ဖက်ဒရယ်အုပ်ချုပ်ရေး၊ ဘယ်မှာလဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဘယ်မှာလဲ မြူနီစီပယ်အုပ်ချုပ်​ရေး၊ ဘယ်မှာလဲ Resource Sharing ၊ ဘယ်မှာလဲ သာသနာ့ဝန်ထမ်း​တွေ မဲ​​ပေးခွင့်၊ ဝန်ထမ်းကို ပါတီနိုင်ငံ​ရေးကို လုပ်ခွင့်ပြုရင် ကြီးမားသောအကျိုးဆက် ​​တွေ့ကြုံရမယ်ဆိုတာ စဉ်းစားသင့်တယ်” ဟု ဦးစိုးသိန်းက ​​​ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို သုံးသပ်ပြင်ဆင်ခြင်းကို လက်ခံပြီး တိုင်းရင်းသားများ ဆန္ဒပြင်းပြနေသည့် ဖက်ဒရယ်ဒီမိုကရေစီအတွက်ဆိုပါက ယင်းနှင့်ပတ်သက်သည့် ပုဒ်မ မည်မျှပါသနည်းဆိုသည်ကို ဆန်းစစ်ကြည့်​ရန်လို​ကြောင်း ၎င်းက ထောက်ပြသည်။

“ကျွန်​တော် ယခင်အစိုးရအဖွဲ့ရဲ့ ပြုပြင်​ပြောင်းလဲ​ရေး ဦး​ဆောင်​ကော်မတီဝင်တစ်ဦးပါ။ ဒီ​ခြေဥနဲ့ပဲ ပြုပြင်​ပြောင်းလဲဖို့ လုပ်ခဲ့ပါတယ်။ နိုင်ငံ​ရေးပြုပြင်​ပြောင်းလဲမှု၊ လူမှုစီးပွား ပြုပြင်​ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင်​ပြောင်း လဲမှု၊ ပုဂ္ဂလိကကဏ္ဍ ပြုပြင်​ပြောင်းလဲမှု​တွေကို အတိုင်းအတာတစ်ခုအထိ အ​ကောင်အထည် ​ဖော်နိုင်ခဲ့ပါတယ်။ ဒီ​ခြေဥ​အောက်မှာပဲ ၂၀၁၁-၂၀၁၆ ပထမသက်တမ်းကာလ နိုင်ငံတော်အ​ခြေအ​နေကို ​လေ့လာနိုင်ပါတယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံအ​ခြေခံဥ​ပ​ဒေအောက်တွင် ဒုတိယသက်တမ်း၌ အထိုက်အ​လျောက် တိုးတက်နေသည်ကိုတွေ့ရပြီး နိုင်ငံ​​တော် အကြီးအကဲများအဖြစ် တာဝန်​ပေးအပ်ရာတွင် ကိုးကွယ်သည့်ဘာသာ ကန့်သတ်ချက်ထားခြင်းမရှိသည်ကို မြင်နိုင်​ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တပ်မ​တော်နှင့် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသည့် ဥပ​ဒေကြမ်းငါးခုသည် ရှင်း​သော်လည်း ဦးထွန်းထွန်းဟိန် တင်သွင်းသည့် ဥပ​ဒေကြမ်းနှစ်ခုကို သုံးသပ်ပါက Package များဖြစ်​နေ​ကြောင်း၊ အချက်​ပေါင်း ၃၇၆၅ ချက်တွင် ၁၁၄ ချက်ကို မည်သို့ ​ရွေးချယ်ဆုံးဖြတ်ခဲ့သည်နှင့် တိုင်းရင်းသားများ၏ ဆန္ဒ ​ပါ မပါဆိုသည်ကို  ​ဦးစိုးသိန်းက ​မေးခွန်းထုတ်ခဲ့သည်။

ထိုသို့ ဦးစိုးသိန်း၏​​ ဆွေး​နွေးချက်များနှင့်ပတ်သက်၍ NLD ပါတီ၏ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးမျိုး​ဇော်ဦးက မတ် တပ်ရပ်၍ ကန့်ကွက်ခဲ့သဖြင့်  ပြည်​ထောင်စု လွှတ်​တော်နာယက ဦးတီခွန်မြတ်က လုံး ကောက်ပြန်စိစစ်ပြီး ဆောင်ရွက်ပေးမည်ဟု ပြောကြားသည်။

ပြည်​ထောင်စု လွှတ်​တော်နာယက၏ ​ပြောကြားမှုအပြီးတွင်း ​ဦးစိုးသိန်းက ​ဖြေရှင်းချက်​ပေးရန် ကြိုးစားခဲ့​သော်လည်း နာယက က မိုက်​ပေးခဲ့ခြင်းမရှိ​ပေ။