ချယ်လ်ဆီးကို ဘိုင်ယန် ဂိုးပြတ်နိုင်ခဲ့ပြီး နာပိုလီကွင်းမှာ သရေကျခဲ့တဲ့ ဘာစီလိုနာ

ချယ်လ်ဆီးကို ဘိုင်ယန် ဂိုးပြတ်နိုင်ခဲ့ပြီး နာပိုလီကွင်းမှာ သရေကျခဲ့တဲ့ ဘာစီလိုနာ
Photos: Getty Images, AP, EPA & Reuters
Photos: Getty Images, AP, EPA & Reuters
Published 26 February 2020

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယပတ် ပထမအကျော့ပွဲစဉ်တွေမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပြီး နာပိုလီနဲ့ ဘာစီလိုနာပွဲကတော့ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။ 

■ ချယ်လ်ဆီး ၀-၃ ဘိုင်ယန်မြူးနစ်

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်ပွဲမှာတော့ အဝေးကွင်းမှာ လာရောက်ကစားတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် (၃-၀)ဂိုးနဲ့ အနိုင်ရပြီး ကွာတားတက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ 

ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ စပါးကို အနိုင်ရတဲ့ လူစာရင်းကိုပဲ အသုံးပြုခဲ့ပြီး ဘိုင်ယန်မြူးနစ်ကတော့ လီဝန်ဒေါစကီးကို အထောင်ထားကာ ကိုးမန်း၊ မူလာ၊ နာဘရီ၊ နော်ယာတို့နဲ့ လူစုံခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစကတည်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သလို၊ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ 

ပထမပိုင်းမှာ လီဝန်ဒေါစကီး အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ ချယ်လ်ဆီးဂိုးသမား ကာဘယ်လာရိုလည်း လက်စွမ်းပြနိုင်ခဲ့လို့ ချယ်လ်ဆီးတို့ သက်သာခဲ့တာပါ။  ချယ်လ်ဆီးဘက်ကလည်း အခွင့်အရေးအနည်းငယ်ရခဲ့ပြီး အလွန်ဆိုရဲ့ ကန်ချက်ကို နော်ယာ ကာကွယ်ခဲ့ရပါတယ်။ 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဘိုင်ယန်မြူးနစ်တို့ပဲ ဆက်လက်ဖိကစားပြီး ပွဲချိန် (၅၁)မိနစ်မှာ အဖွင့်ဂိုး ရခဲ့ပါတယ်။ နာဘရီ၊ လီဝန်ဒေါစကီးတို့ရဲ့ တွဲလုံးကနေ လီဝန်ဒေါစကီး ချပေးတာကို နာဘရီက သွင်းယူခဲ့တာပါ။ 

အဲဒီနောက် (၃)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၅၄)မိနစ်မှာပဲ နာဘရီက ဘိုင်ယန်မြူးနစ်အတွက် ဒုတိယဂိုးသွင်းပေးခဲ့ပြန်ပါတယ်။ ဒီဂိုးဟာ နာဘရီအတွက် ဒီရာသီချန်ပီယံလိဂ် အင်္ဂလန်အသင်းတွေကို သွင်းယူခဲ့တဲ့ (၆)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။ 

(၂)ဂိုးပေးလိုက်ရပြီးနောက်မှာ ချယ်လ်ဆီးအသင်းဟာ ဝီလီယံ၊ အေဘရာဟမ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက်မှာ ချယ်လ်ဆီးတိုက်စစ် အလုပ်ဖြစ်လာခဲ့ပေမယ့် ဘိုင်ယန်နောက်တန်းနဲ့ ဂိုးသမားကို မကျော်နိုင်ခဲ့ပါဘူး။

ဒါ့ပြင် ပွဲချိန် (၇၆)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဒေးဗီးစ်ရဲ့ ဖန်တီးပေးမှုကနေ လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အတွက် တတိယအနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ 

ကျန်ပွဲချိန်တွေမှာ ချယ်လ်ဆီးတို့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့သလို၊ ပွဲချိန် (၈၃)မိနစ်မှာ အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ပိုဆိုးသွားခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ (၃-၀)ဂိုးနဲ့ အနိုင်ရပြီး ကွာတားတက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ 

 



■ နာပိုလီ ၁-၁ ဘာစီလိုနာ

နာပိုလီနဲ့ ဘာစီလိုနာတို့ပွဲမှာတော့ အိမ်ရှင် နာပိုလီအသင်းဟာ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် အနိုင်ရလဒ်ကို မထိန်းနိုင်တာကြောင့် ဘာစီလိုနာအသင်းကို ချေပဂိုးပြန်ပေးရကာ (၁-၁)ဂိုးနဲ့  သရေကျခဲ့ပါတယ်။ 

နာပိုလီအသင်းမှာ ဒဏ်ရာရနေတဲ့ ကူလီဘာလီ ပါဝင်နိုင်ခြင်းမရှိပေမယ့် မာတင်စ်၊ အင်ဆစ်ဂ်နီ၊ ဇီလင်စကီးတို့နဲ့ လူစုံခဲ့သလို ဘာစီလိုနာအသင်းမှာလည်း မက်ဆီ၊ ဂရီးဇ်မန်း၊ ဘူးစကွက်စ်၊ ပီကေးတို့နဲ့ လူစုံပါဝင်ကစားခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပေမယ့် နာပိုလီအသင်းရဲ့ စနစ်ကျလှတဲ့ ခံစစ်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ဒါကြောင့် မက်ဆီဟာ ကွင်းလယ်အထိ ဆင်းပြီး ဘောလုံးယူခဲ့ရသလို၊ နာပိုလီအသင်းရဲ့ မာမာထန်ထန်ကစားခဲ့တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။ 

ဒါ့ပြင် ပွဲချိန် မိနစ် (၃၀)မှာ တန်ပြန်တိုက်စစ်ကနေ နာပိုလီအသင်းကို အဖွင့်ပေးလိုက်ရပါတယ်။ ဇီလင်စကီးရဲ့ ပေးပို့မှုကနေ မာတင်စ်က ဧရိယာအပြင်ကနေ လှလှပပကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ပထမပိုင်းမှာ နာပိုလီက (၁-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်း ချေပဂိုးရဖို့ တင်ကစားလာခဲ့ပါတယ်။ ဘာစီလိုနာအတွက် ချေပဂိုးကို ပွဲချိန် (၅၇)မိနစ်မှာ ဆယ်မီဒိုရဲ့ ပေးပို့မှုကနေ ဂရီးဇ်မန်းက ပိတ်သွင်းယူခဲ့တာပါ။ 

အဲဒီနောက်ပိုင်းမှာလည်း ဘာစီလိုနာတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် နာပိုလီခံစစ်ကို ကျော်ဖြတ်ရ ခက်ခဲနေခဲ့သလို၊ နာပိုလီအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း ဘာစီလိုနာအသင်းကို အခက်တွေ့ခဲ့ပါတယ်။ နှစ်သင်းစလုံး ဂိုးရဖို့ ကြိုးစားပေမယ့် ခံစစ်တွေကို ကျော်ဖြတ်နိုင်ခြင်း မရှိတာကြောင့် ပွဲအပြီးမှာတော့ (၁-၁)ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာပါ။ 

 

Most Read

Most Recent