စာချုပ်စည်းမျဉ်းအရ WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရသူ ၀ိုင်လ်ဒါအနေဖြင့် မကျေပွဲထပ်မံထိုးသတ်ရန် ရက်(၃၀)အတွင်း စိန်ခေါ်ခွင့်ရှိ

စာချုပ်စည်းမျဉ်းအရ WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရသူ ၀ိုင်လ်ဒါအနေဖြင့် မကျေပွဲထပ်မံထိုးသတ်ရန် ရက်(၃၀)အတွင်း စိန်ခေါ်ခွင့်ရှိ
Published 25 February 2020

WBC ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရသူ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝိုင်လ်ဒါအနေဖြင့် စာချုပ်စည်းမျဉ်းအရ မကျေပွဲထပ်မံထိုးသတ်ရန် ရက်ပေါင်း(၃၀)အတွင်း စိန်ခေါ်ခွင့်ရှိကြောင်း သိရသည်။

မြန်မာစံတော်ချိန် ဖေဖော်ဝါရီ(၂၃)ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်မြို့ရှိ MGM Grand Garden Arena ၌ ကျင်းပသည့် WBC ချန်ပီယံစိန်ခေါ်ပွဲတွင် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက လက်ရှိချန်ပီယံ ၀ိုင်လ်ဒါကို (၇)ချီမြောက်တွင် အလဲထိုးအနိုင်ရပြီး ချန်ပီယံ ခါးပတ်လွှဲပြောင်းရယူနိုင်ခဲ့သည်။ 

၎င်းတို့နှစ်ဦးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၁)ရက်တွင် ပထမအကြိမ် ထိုးသတ်ခဲ့ဖူးပြီး အငြင်းပွားဖွယ် သရေရလဒ်ထွက်ပေါ်ခဲ့သောကြောင့် မကျေပွဲပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။

 

ဒုတိယအကြိမ်ထိုးသတ်ရာတွင် ဝိုင်လ်ဒါ အနေဖြင့် ပုံစံကောင်းမပြနိုင်ဘဲ ပွဲစကတည်းက ဖျူရီ၏ဖိအားပေးခြင်းခံခဲ့ရပြီး တတိယအချီနှင့် ပဉ္စမအချီတွင် နှစ်ကြိမ်တိုင် ကြမ်းပြင်ပေါ်သို့လဲကျခဲ့ရသည်။ 

ထို့ပြင် ဖျူရီ၏လက်သီးချက်ကြောင့် နားနှင့်ပါးစပ်မှ သွေးများကျဆင်းလာပြီး သတ္တမအချီ (၁)မိနစ်၊ (၃၉)စက္ကန့်တွင် ကြိုးဝိုင်းထောင့်၌ ပိတ်၍ အထိုးခံနေရစဉ် ၀ိုင်လ်ဒါ၏နည်းပြအဖွဲ့က ပဝါအဖြူပစ်သွင်း၍ အရှုံးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

၀ိုင်လ်ဒါသည် ကစားသမားဘဝ (၄၄)ပွဲမြောက်ထိုးသတ်ရာတွင် (၄၂)ပွဲနိုင်၊ (၁)ပွဲသရေကျထားသော်လည်း ပထမဆုံးရှုံးပွဲရင်ဆိုင်ခဲ့ရပြီး ၂၀၁၅ ခုနှစ် ဇန် နဝါရီကတည်းကပိုင်ဆိုင်ထားသည့် WBC ချန်ပီယံ ခါးပတ်ကို လက်လွှတ်ခဲ့ရသည်။ 

သို့သော် စာချုပ်စည်းမျဉ်းအရ ၎င်းင်းအနေဖြင့် တတိယမြောက် မကျေ ပွဲထိုးသတ်ရန်ဆန္ဒရှိ၊မရှိကို ရက်ပေါင်း(၃၀)အတွင်း အဖြေပေးရမည်ဖြစ်ကြောင်း သိရသည်။ 

၀ိုင်လ်ဒါသည် ယင်းပွဲတွင်ရရှိခဲ့သည့်ဒဏ်ရာကြောင့် ဆေးရုံသို့သွားရောက်ပြသခဲ့ရသဖြင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့သည်။

ချန်ပီယံသစ်ဖြစ်လာသူ တိုင်ဆန်ဖျူရီကလည်း မကျေပွဲထိုးသတ်ရန် ၀ိုင်လ်ဒါက စိန်ခေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းပွဲကို ပရိသတ် (၇၀,၀၀၀) ဝင်ဆံ့သည့် Raiders အားကစားကွင်း၌ ထိုးသတ် လိုကြောင်း တုံ့ပြန်ပြောကြားသည်။ 

''သူ့အနေနဲ့ မကျေပွဲပြန်ထိုးဖို့ ဆန္ဒရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဂရိတ်ပွဲတွေက (၃)ပွဲတော့ဖြစ်သင့်တယ်။ ဒီမှာပဲ ထိုးချင်ပါတယ်။ ရုံထဲကနေထွက်ပြီးတော့ Raiders  ကွင်းရဲ့ ပရိသတ် ၇၀,၀၀၀ ရှေ့မှာ ထိုးချင်တာပါ''ဟု ဖျူရီက ဆိုသည်။ 

WBA(Super)၊ IBF၊ WBO နှင့် IBO ချန်ပီယံဟောင်း ဖြစ်သူ တိုင်ဆန်ဖျူရီအနေဖြင့် (၃၁)ပွဲမြောက်ထိုးသတ်ရာတွင် ရှုံးပွဲလုံးဝမရှိသေးဘဲ ပွဲ(၃၀)မြောက် နိုင်ပွဲ (အလဲထိုးပွဲ ၂၁ ပွဲ) ရရှိကာ (၁)ပွဲသာသရေကျထားပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို တစ်ကျော့ပြန်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် WBA(Super)၊ IBF၊ WBO နှင့် IBO ခါးပတ်များ၏ လက်ရှိချန်ပီယံဖြစ်သူ အန်သိုနီဂျိုရှူအာ၏ ပွဲစီစဉ်သူ အက်ဒီဟန်းကလည်း ချန်ပီယံခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် စီစဉ်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။ 

''ဗြိတိန်လက်ဝှေ့သမားနှစ်ဦး ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ပေါင်းစည်းပွဲထိုးသတ်ဖို့ ဘယ်တုန်းကမှ အခွင့်အရေးမရဖူးပါဘူး။ ဒီပွဲဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတာ ကတိပေးပါတယ်''ဟု ၎င်းက ဆိုသည်။