ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးသွင်းအများဆုံးစံချိန်တင်ထားသည့် ပီလီ၏ သွင်းဂိုးအရေအတွက်ကို လိုက်မီရန် မက်ဆီ (၁၇)ဂိုးသာလို

ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးသွင်းအများဆုံးစံချိန်တင်ထားသည့် ပီလီ၏ သွင်းဂိုးအရေအတွက်ကို လိုက်မီရန် မက်ဆီ (၁၇)ဂိုးသာလို
Published 25 February 2020

 

ဘာစီလိုနာအသင်း၏ ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီသည် ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုသွင်းအများဆုံးစံချိန်တင်ထားသည့် ပီလီ၏ ဂိုးသွင်းစံချိန်ကို လိုက်မီရန်အတွက် (၁၇)ဂိုးသာလိုအပ်တော့သည်ဟု သိရှိရသည်။

ပီလီသည် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းတွင် ကစားခဲ့စဉ်က စုစုပေါင်း (၁၉)ရာသီအတွင်း ပွဲပေါင်း (၆၅၆)ပွဲကစားခဲ့ကာ ယင်းပွဲစဉ်များအတွင်း သွင်းယူခဲ့သည့် (၆၄၃)ဂိုးသည် ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးစံချိန်လည်းဖြစ်သည်။ 

သူသည် ၁၉၇၉ ခုနှစ်တွင် မေဂျာလိဂ်ကလပ် နယူးယောက်ကော့စ်မော့စ်အသင်းသို့ ပြောင်းရွှေ့သွားကာ ကစားသမားဘဝ နောက်ဆုံးအချိန်များကို ဖြတ်သန်းခဲ့သူဖြစ်ပြီး ဆန်း တို့စ်တွင်သွင်းယူခဲ့သည့် ဂိုးအရေအတွက်ကိုမူ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့်တိုင် ကျော်ဖြတ်နိုင်သူ မရှိခဲ့ချေ။ 

ယခုအခါမက်ဆီသည် (၄၆)နှစ် ကြာမြင့်နေပြီဖြစ်သည့် ပီလီ၏ စံချိန်ကို ချိုးဖျက်ရန်အတွက် သွင်းဂိုး (၁၇)ဂိုးသာ လိုအပ်တော့ခြင်းဖြစ်ပြီး မက်ဆီ၏ လက်ရှိသွင်းဂိုးအရေအတွက် မှာ (၆၂၆)ဂိုးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။ 

ပီလီသည် ဆန်းတို့စ်အသင်းအတွက် နောက်ဆုံးဂိုးသွင်းယူခဲ့ချိန်၌ အသက် (၃၃)နှစ်အရွယ်ရှိပြီဖြစ်ပြီး မက်ဆီကမူ (၃၂)နှစ်ဖြစ်သည်။ 

တစ်ပွဲပျမ်းမျှသွင်းဂိုးအရေအတွက်တွင် ပီလီက တစ်ပွဲပျမ်းမျှ (၀.၉၈) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မက်ဆီကမူ တစ်ပွဲပျမ်းမျှ (၀.၈၇)ဂိုးသွင်းယူနိုင်ခဲ့သည်။ 

သို့ရာတွင် ၎င်းတို့ကစားခဲ့သည့် လိဂ်အဆင့်အတန်းအရမူ စပိန်လာလီဂါပြိုင်ပွဲက ဘရာဇီးလ်လိဂ်ပြိုင်ပွဲထက် အဆင့်မြင့်သည်ဟု မီဒီယာများက သုံးသပ်ကြသည်။ 

 

Most Read

Most Recent