ပြည်ထောင်စုကို ကိုယ်စားပြုသော သမိုင်းထဲက ပင်လုံ

ပြည်ထောင်စုကို ကိုယ်စားပြုသော သမိုင်းထဲက ပင်လုံ
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် (ဓာတ်ပုံ- စည်သာဟိန်း)
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် (ဓာတ်ပုံ- စည်သာဟိန်း)
Published 23 February 2020
စည်သာ (တောင်ကြီး)

 

ပင်လုံလို့ဆိုလိုက်တာနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံး မသိသူမရှိသလောက် အားလုံးရင်းနှီးပြီးသား မြို့ကလေးတစ်မြို့ ဖြစ်ပါတယ်။ ပင်လုံဟာ အရမ်းအေးတဲ့ တောင်ပေါ်မြို့ကလေးတစ်မြို့ ဖြစ်ပြီးတော့ သူ့မှာ ထူးခြားဆန်းပြားတဲ့ ၀ိသေသလက္ခဏာရပ်တွေနဲ့ ပြည့်နှက်နေတာပါ။ ပင်လုံစိတ်ဓာတ်။ ပင်လုံ စိတ်ဓာတ်ဆိုတာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖော်ကျူးတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

ပင်လုံမြို့ဟာ မြန်မာ့သမိုင်း အလှည့်အပြောင်းမှာ လွတ်လပ်ရေး ရရှိအောင် တောင်တန်းနဲ့ ပြည်မ ပူးပေါင်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တာကြောင့်၊ ပင်လုံစာချုပ်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းမှာ မရှိမဖြစ်အရေးကြီးတာကြောင့်၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့တာ ခုဆိုရင် ၇၃ နှစ်တိုင်ခဲ့ပါပြီ။

 

မြို့ပင်လုံ

ပင်လုံသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၄၄၀ ကျော်မြင့်ပြီး ရပ်ကွက်လေးခုရှိကာ လူဦးရေ သုံးသောင်းကျော် နေထိုင်ပါတယ်။ ပင်လုံသည်  ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်အောက်တွင် ရှိသော မြို့နယ်ခွဲတစ်ခုဖြစ်ပြီး လွိုင်လင်မှ ခြောက်မိုင်အကွာမှာ တည်ရှိပါတယ်။ တောင်ကြီးမြို့မှ မိုင်ပေါင်း ၆၄ မိုင် ကွာဝေးပြီး ကားဖြင့် မိနစ်ပေါင်း ၁၈၀ ခန့် ကြာမြင့်နိုင်ပါတယ်။

ပင်လုံကျောက်တိုင်ကို နေ့စဉ် လူအများအပြား လာရောက်လေ့လာ လည်ပတ်လေ့ရှိပြီး မိုင်းဖုန်း ဆရာတော် တည်ထားသော စေတီတော်၊ ပင်လုံတက္ကသိုလ်၊ ပင်လုံ ကွန်ပျူတာတက္ကသိုလ်တို့ တည်ရှိပါတယ်။

 

ဗိုလ်ချုပ်နေသွားတဲ့ ယာယီတဲအိမ်ကလေး

ပင်လုံကျောက်တိုင်ရဲ့ အနောက်တောင်ဘက်ယွန်းယွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံကို ရောက်ရှိနေစဉ် ယာယီတည်းခိုသွားတဲ့ တဲအိမ်နေရာလေး ရှိပါတယ်။

အဲဒီနေရာလေးဟာ တောအစပ်မှာဖြစ်တဲ့အတွက် အလွယ်တကူ ထွက်ပြေးနိုင်တဲ့ အခြေအနေနဲ့ အနေအထားရှိတာကြောင့် ဖြစ်နိုင်တယ်လို့လည်း ဦးစိုင်းက ပြောပါတယ်။

ဦးစိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်း လာရောက်စဉ်က အသက် ၁၀ နှစ်သားပဲရှိသေးတဲ့အတွက် သိပ်မသိသေးဘူးလို့ ပြောတယ်။ သူဟာ ပင်လုံသားတစ်ယောက်ဖြစ်ပြီး ပင်လုံကျောက်တိုင်အနီးမှာ နေထိုင်တာဖြစ်တဲ့အတွက် ပင်လုံကျောက်တိုင်ရဲ့ သမိုင်းကြောင်းတွေကို အစမှ အဆုံး သိရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

အဲဒီ ဗိုလ်ချုပ် ယာယီ နေထိုင်သွားတယ်ဆိုတဲ့ ယာယီတဲအိမ်လေးကို ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ပါခဲ့တဲ့ အင်္ဂလန်နိုင်ငံသားတစ်ဦး၊ ပင်လုံသား ရှမ်းတိုင်းရင်းသား ခွန်ထီး (ပင်လုံစာချုပ်တွင်ပါခဲ့သူ) များက ကိုယ်တိုင်လိုက်ပြခဲ့တဲ့အတွက် သူလည်း သိရှိထားခြင်းဖြစ်ကြောင်း ပြောပါတယ်။ ၁၉၇၀ ပြည့်နှစ်လောက်မှာ အဲဒီနေရာကို လာရောက်ကြည့်ရှုသွားပြီး မှတ်တမ်းတင်ခဲ့တယ်လို့ဆိုတယ်။ အဲဒီနေရာက ပင်လုံကျောက်တိုင်ရဲ့ အနောက်တောင်ဘက် ကိုက် ၅၀၀ ခန့်အကွာမှာ တည်ရှိပါတယ်။ အဲဒီနေရာမှာ ခုချိန်မှာတော့ ဘာမှမရှိတော့ပါဘူး။ နောက်ထပ် မလှမ်းမကမ်းမှာလည်း ဗိုလ်ချုပ်ရေချိုးခဲ့တဲ့ ရေတွင်းနေရာလည်း တည်ရှိပါတယ်။ ခုချိန်မှာတော့ ရေတွင်းကို ရေမထွက်တော့လို့ မြေဖို့လိုက်ပြီလို့လည်း သိရပါတယ်။

 

ဘုရားပေါ်လာပုံ

၂၀၀၂ ခုနှစ်မှာတော့ ပင်လုံကျောက်တိုင် ရှေ့တည့်တည့်မှာ မဟာရဋ္ဌဘိသာမဂီ (ရွှေတိဂုံ ပုံတူ) စေတီတစ်ဆူ တည်လိုက်ပါတယ်။ အဲဒီစေတီတော်နေရာသည် ယခင်က နမ့်ကွတ်ဘုန်းကြီးကျောင်း အပိုင် မြေနေရာဖြစ်ပြီး သိမ်တော်တစ်ခုကိုလည်း မလွတ်ကင်းလို့ ဖျက်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒီလယ်ကွင်းထဲမှာ နေထိုင်တဲ့ အိမ်တွေကိုလည်း ဖယ်ရှားလိုက်ပြီးတော့ မြို့အဝင် ဓာတ်ဆီဆိုင်အနားမှာ အစားထိုး မြေနေရာ ပြန်ပေးတယ်လို့ သိရပါတယ်။

မဟာရဋ္ဌဘိသာမဂီ (ရွှေတိဂုံ ပုံတူ) စေတီသည် တိုင်းရင်းသား လူမျိုး ၁၃၅ ဦးကို ကိုယ်စားပြုပြီးတော့ အမြင့်ပေ ဉာဏ်တော် ၁၃၅ ပေ မြင့်တယ်လို့ ဆိုပါတယ်။

ဘုရားနှင့် ကျောက်တိုင်သည် အရှေ့အနောက် သွယ်တန်းနေပြီး မြေခြောက်ဧက ကျယ်ဝန်းပါတယ်။

နမ့်ကွတ် ဘုန်းကြီးကျောင်းအနီးက ၀ါးရုံတောဟာ ရှေးယခင်က တည်ရှိလာတဲ့ ၀ါးရုံဖြစ်ပြီးတော့ ကျောက်တိုင်အနောက်ဘက်မှာ ရှိတဲ့ ၀ါးရုံကတော့ နောက်တော့မှ ထပ်စိုက်ပျိုးထားတဲ့ ၀ါးရုံတောတွေလို့ သိရတယ်။ ကျောက်တိုင်အနောက်မှာ ပင်လုံစာချုပ် ချုပ်ဆိုရာမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင် ၂၃ ဦးရဲ့ အထိမ်းအမှတ် ဓာတ်ပုံတိုင်တွေ စိုက်ထူထားပါတယ်။ အစိမ်းရောင်အထိမ်းအမှတ် တိုင်တွေရဲ့ အနောက်ဘက်မှာတော့ ကလေးကစားကွင်း တည်ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရေချိုးခဲ့တဲ့ ရေတွင်းလို့ ရေးထားပြီး ပေပေါင်း ၁၅ ပေနက်တယ်လို့ ရေးထားတယ်။ တကယ်တော့ အဲဒီနေရာမှာနေတဲ့ သူတွေပြောလို့သာ ရေးထားရခြင်းဖြစ်ပြီး ဗိုလ်ချုပ်ရေချိုးခဲ့တဲ့ နေရာ မဟုတ်ဘူးလို့ ရှေးမီနောက်မီတချို့ကလည်း ပြောပါတယ်။ အောင်မြေလို့လည်း သတ်မှတ်ကာ ထင်ရှားသူများ  လာရောက်အောင် မြေနင်းလေ့ရှိတယ်လို့ ပြောကြပြန်တယ်။ ကစားကွင်းနားမှာရှိတဲ့ သစ်ပင်အထိသာ ယခင်က မြေနေရာရှိပြီး အနောက်ဘက်ကို မြေကြီးတွေဖို့ထားခြင်းဖြစ်ကြောင်း သိရတယ်။

ပင်လုံကျောက်တိုင်ကို ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားသော နိုင်ငံခေါင်းဆောင်ကြီးများ မလာမဖြစ်လာကြရပါတယ်။ ဝန်ကြီးချုပ် ဦးနု လာရောက်စဉ်အခါက သီရိလင်္ကာမှ ချစ်ကြည်ရေးရရှိထားသော ညောင်ပင်နှစ်ပင်ကို ကျောက်တိုင်နှင့် မလှမ်းမကမ်းမှာ စိုက်ပျိုးခဲ့ပြီး နောက်တစ်ပင်ကိုတော့ မွေတော်ကျောင်းအတွင်း စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ ယခုအခါမှာ မွေတော်ကျောင်းမှာရှိတဲ့ ညောင်ပင်က ခုတ်လိုက်ပြီလို့ ဆိုပါတယ်။

 

ကျောက်တိုင်နှင့် မြို့မနောင်ကွတ်ကျောင်း

စာချုပ်ကျောက်တိုင်နှင့် မြို့မ နောင်ကွတ်ကျောင်း၊ မြို့မ နောင်ကွတ်ကျောင်းနှင့် စာချုပ်ကျောက်တိုင်တို့ဟာ ပဋ္ဌာန်းဆက် ရှိခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

ကျောက်တိုင်နဲ့ ဘုရားဝတ္တက မြေတို့ဟာ အညမညဖြစ်နေတဲ့အတွက် နယ်နိမိတ်ခွဲခြားခြင်းမရှိဘဲ အသုံးပြုကြဖို့လည်း ဆရာတော်က တိုက်တွန်း မိန့်ကြားပါသေးတယ်။

မြို့မနောင်ကွတ် ဘုန်းတော်ကြီးကျောင်းသည် ရှေးယခင် နှစ်ပေါင်းများစွာကပင် ရှိလာခဲ့သော ဦးစွာ မြို့တည်ကျောင်းဖြစ်ပြီး ကျောင်းဝင်းအတွင်းရှိ စေတီတော်မှ ထွက်ရှိလာသော ဌာပနာရုပ်ပွားတော်မှာ ရေးသားထားသော ခုနှစ် သက္ကရာဇ်အရ ရှေးနှစ်ပေါင်း ၁၃၅ နှစ်မှ ၁၄၀ နှစ်အထိ ကြာမြင့်နေပြီလို့ သိရပါတယ်။

ဘုန်းကြီးကျောင်းနှင့် ကျောင်းဝင်းအတွင်းရှိ စေတီတော်တို့သည် မည်သည့်အရာ အရင်ဆုံး တည်ရှိခဲ့သည်ကို မှတ်တမ်းမှတ်ရာ မရှိသဖြင့် အတိအကျ မသိရသေးဟု ဆိုပါတယ်။

မြို့မနောင်ကွတ်ကျောင်း၏ ကျောင်းပိုင် ဝတ္တကမြေနေရာများကို ပင်လုံကျောက်တိုင် နိုင်ငံတော်အား မြေစွန့်လွှတ်ပေးခဲ့သည်မှာ (၁) ၁၉၄၆- ၁၉၄၇ ခုနှစ်တွင် ပြည်ထောင်စု စာချုပ်ကျောက်တိုင်မြေအဖြစ် တစ်ကြိမ်၊ (၂) ၁၉၆၁ ခုနှစ်တွင် တစ်ကြိမ်၊ (၃) ၁၉၇၇-၁၉၇၈ ခုနှစ် ဒုတိယကြိမ် ပြည်သူ့ကောင်စီ သက်တမ်း ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးသန်းဌေး လက်ထက်တွင် တစ်ကြိမ်၊ (၄) ၁၉၉၂-၁၉၉၃ ခုနှစ် ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥက္ကဋ္ဌနှင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးဥက္ကဋ္ဌတို့ လက်ထက်တွင် တစ်ကြိမ်၊ (၅) (၁၂-၄-၂၀၀၃) တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး  ပင်လုံဒေသခရီးစဉ်၏ လမ်းညွှန်ချက်ဖြင့် ကျောက်တိုင် ဧရိယာ ဖြောင့်ဖြူးစေရန်နှင့် စေတီ ကျောက်တိုင်ပကတ်လမ်း ရရှိရန်အတွက် တစ်ကြိမ်၊ စုစုပေါင်း ငါးကြိမ်တိုင် မြေစွန့်လွှတ်ပေးခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါတယ်။

ထိုသို့ ပြန်ပြောင်းပြောပြရခြင်းဟာ ပြန်လည်ရယူလိုခြင်းကြောင့် မဟုတ်ဘဲ သမိုင်းအမှန်ကို မှတ်တမ်း တင်စေနိုင်ရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တင်ပြလိုက်ပါကြောင်း မြို့မနောင်ကွတ်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာဗလက မိန့်တော်မူပါတယ်။

မြို့မနောင်ကွတ်ကျောင်းတွင် အဆက်ဆက် သီတင်းသုံးတော်မူခဲ့သော ကျောင်းထိုင်ဆရာတော်ကြီးများမှာ ၁၉၄၆ ခုနှစ်တွင် ဆရာတော် ဦးဂုန၊ (၂) ဦးပါလက၊ (၃) ဦးဉာဏဓဇ ၊ (၄) ယခု လက်ရှိ ဆရာတော်ဖြစ်သော ကျောင်းထိုင်ဆရာတော် ဘဒ္ဒန ္တပညာဗလ၊ ၁၃၆၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၅) ရက် စနေနေ့တွင် စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်တော်မူပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင်ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ- စည်သာ)

 

 သနပ်ဖက်တို့၏ ဗဟိုဌာန

တော်လှန်ရေး ကောင်စီခေတ် (၁၅-၂-၁၉၆၅) ၊ ၁၃၂၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ထုတ်ဝေသော ရှေ့သို့ စာစောင်တွင် ရေးသားထားသော အချက်အလက်များသည် ထိုခေတ်ထိုအခါက ပင်လုံမြို့အကြောင်း တစေ့တစောင်းဖြစ်စဉ်နှင့် မြင်ကွင်းများကို ဖော်ပြထားပါတယ်။

ထိုစာစောင်၌ ပင်လုံမြို့သည် သနပ်ဖက်ရောင်းဝယ်ရေးလုပ်ငန်း၏ ဗဟိုဌာနအဖြစ် ထင်ရှားကျော်ကြားသော မြို့ဖြစ်ပြီး ပင်လုံတစ်မြို့တည်းမှာပင် သနပ်ဖက်ရောင်းရငွေ တစ်နှစ်လျှင် နှစ်သိန်းကျော် သုံးသိန်းနီးပါး ရောင်းချရကြောင်း ဖော်ပြထားပါတယ်။ ယခုအခါမှာတော့ ပအိုဝ်းဒေသများ ဖြစ်သော ဟိုပုံး၊ ပင်လောင်းနဲ့ ဆီဆိုင် စသည့် မြို့နယ်များတွင် သနပ်ဖက် အများဆုံး စိုက်ပျိုးကြလေ့ရှိပြီး ပအိုဝ်းတိုင်းရင်းသားတို့၏ မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြခြင်းဖြစ်ကာ၊ ဓနုတိုင်းရင်းသားများလည်း လုပ်ကိုင်ကြပါတယ်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံရောက်ရှိစဉ် မြို့မနောင်ကွတ်ကျောင်းနှင့် မလှမ်းမကမ်း တောစပ်တွင် တဲထိုးပြီး နေထိုင်ခဲ့ပါတယ်။ ပင်လုံညီလာခံသို့ တက်ရောက်လာသည့် ပြည်သူတို့သည် နောင်ကွတ် ဘုန်းတော်ကြီးကျောင်းအတွင်း၌ တည်းခိုခဲ့ကြသည်လို့ ရှေ့သို့ စာစောင်မှာ ဖော်ပြထားပါတယ်။

မြို့မနောင်ကွတ်ကျောင်းတွင်း ပေါက်ရောက်နေသော ၀ါးရုံတောများအကြားတွင် လုံခြုံရေးတပ်သား ရဲဘော်များ နားနေကြရတယ်လို့လည်း ဆိုကြပါတယ်။

ပင်လုံညီလာခံလုပ်စဉ်က ဟောပြောခဲ့သည့် ငှက်ပျောပင် ပေါက်ရာနေရာမှာ တရားဟော မဏ္ဍပ်ဆောက်ပါတယ်။ ဤမဏ္ဍပ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းက ရှမ်း၊ ပအိုဝ်း၊ လီရှော၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသော တိုင်းရင်းသားများအား တရားဟောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်းကချင်၊ ကရင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကိုင်မှသာ အကျိုးရှိနိုင်လိမ့်မယ်” လို့ ပင်လုံရောက် ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူတို့အား တရားဟောခဲ့ပါတယ်။

 

စီးပွားရေး မြို့ကျဉ်းကလေး

ပင်လုံဟာ မြို့ကလေးက ငယ်ပေမဲ့ ကုန်သွယ်ရေးလမ်းဆုံမှာ ဖြစ်လို့ စီးပွားရေးအချက်အချာကျပါတယ်။ တရုတ်၊ ယိုးဒယားဘက်က ကုန်စည်တွေ ပင်လုံမှာ တစ်ဆင့်ဝင်လာပြီး ပြန်လည်ဖြန့်ဖြူးတာဖြစ်ပြီး ဒေသထွက်ကုန်တော့ နည်းပါတယ်။

ပင်လုံ ဝက်အူချောင်း၊ ပင်လုံ ရှမ်းခေါက်ဆွဲ၊ ပဲပုပ်၊ ဆီတို့ဖူး၊ တရုတ်ပဲကြော်နဲ့ ရှမ်းရိုးရာ အစားအစာတွေ နာမည်ကြီးပါတယ်။ ပင်လုံ အစားအစာတွေကို ကျန်တဲ့မြို့တွေမှာ ရှိတဲ့အစားအစာတွေနဲ့ လက်ရာချင်းတော့ မတူပါဘူး။ ဝက်အူချောင်းမှာလည်း ရှမ်းတွေလုပ်တဲ့ အချို၊ အစပ်နဲ့ အဆိမ့်ရှိပါတယ်။ အစပ်က မွှေးမွှေးလေးနဲ့ စပ်ရှိန်းရှိန်းလေး။ စားရတာ တစ်မျိုးကောင်းပါတယ်။

 

ပင်လုံ

ပင်လုံဆိုတာ ရှမ်းစကား ပန်လုံ (Pang Long) ဖြစ်ကာ ကျယ်ဝန်းပြန့်ပြူးသော လွင်ပြင်ကျယ်ကြီး၊ ကွင်းပြင်ကျယ်ကြီးဟု အဓိပ္ပာယ် ရပါတယ်။

ယခင်ကတော့ ဖေဖော်ဝါရီ  ၅ ရက်မှ စတင်ပြီးတော့ ၁၃ ရက်အထိ ရှမ်းပြည်နယ်နေ့ (ရှမ်းအမျိုးသားနေ့) မှ စတင်ပြီး ပြည်ထောင်စုနေ့အထိ ပွဲလမ်းသဘင်များကို ကျင်းပခဲ့ကြောင်း သိရပါတယ်။ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန် ဆိုသော သုံးမြို့နယ်မှာ လွတ်လပ်ရေးနေ့ပွဲကို လွိုင်လင်တွင် ခြိမ့်ခြိမ့်သဲကျင်းပကြောင်း၊ ပြည်ထောင်စုနေ့ကို ဖေဖော်ဝါရီ ၅ -၁၃ ရက်အထိ ကျင်းပကြောင်း၊ တောင်သူလယ်သမားနေ့ကို မိုင်းပွန်တွင် တစ်ခါကျင်းပကြောင်း သိရပါတယ်။

ပင်လုံသည် ယခင်က လဲချားစော်ဘွား လက်အောက်ခံ မြို့တစ်မြို့ဖြစ်ပြီးတော့ လဲချားစော်ဘွား အုပ်ချုပ်ပါတယ်။ ယခုအချိန်မှာတော့ လွိုင်လင်ခရိုင်အောက်တွင် ပါဝင်ပါတယ်။

 

ပင်လုံ ကျောက်တိုင်

အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို သုံးကြိမ်တိုင် နယ်ချဲ့စစ်ပြုပြီး ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ချိန်မှာ တောင်တန်းနဲ့ ပြည်မကို နည်းမျိုးစုံနဲ့ သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ အခုချိန်အထိလည်း အဲဒီဒဏ်တွေကို ခံနေရဆဲဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တိုင်းရင်းသား တပ်ပေါင်းစုကြီးက မြန်မာ့လွတ်လပ်ရေး တပ်မတော်အဖြစ် ဖွဲ့စည်းပြီး ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ သွေးစည်းညီညွတ်စွာ တော်လှန်တိုက်ခိုက်ခဲ့ပြီး လွတ်လပ်ရေး တောင်းဆိုကြပါတယ်။ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရတော့မယ်ဆိုတော့ မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ ကြံပါတယ်။

ဗြိတိသျှတို့ရဲ့ အကြံအစည်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ရိပ်မိသိရှိတဲ့အတွက် တစည်းတလုံးတည်း လွတ်လပ်ရေးရယူနိုင်ရန် ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ကြပါတယ်။ ၁၉၄၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်အထိပြုလုပ်တဲ့ ပထမပင်လုံအစည်းအဝေးတွင် အမြင်များ နှီးနှောဖလှယ်ကြပြီး တိုင်းရင်းသားအားလုံး လွတ်လပ်ရေးအရယူရန် လမ်းစပွင့်လာခဲ့ပါတယ်။ သမိုင်းဝင် ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံကြီးကို ၁၉၄၇ ဖေဖော်ဝါရီ ၃ ရက်မှ ၁၃ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၏ အနောက်တောင်ဘက် (စနေထောင့်) ၌ ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဘုရင်ခံအမှုဆောင်ဝန်ကြီးများ၊ နယ်ခြားဒေသ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများ၊ မြန်မာပြည် နိုင်ငံရေးအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်တော်များ၊ သတင်းစာဆရာများ၊ နိုင်ငံခြားကိုယ်စားလှယ် သံကောင်စစ်ဝန်များ၊ မြန်မာပြည်တွင် ထင်ရှားကျော်ကြားခဲ့သော တစ်သီး ပုဂ္ဂလများ၊ ရှမ်းစော်ဘွား ကိုယ်စားလှယ်များနှင့် လူထုကိုယ်စားလှယ်များ၊ ကချင်တိုင်းရင်းသားနှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ကရင်နီကိုယ်စားလှယ်များနှင့် ကေအင်ယူအဖွဲ့ ကိုယ်စားလှယ်များကတော့ လေ့လာသူအဖြစ် တက်ရောက်ကြပါတယ်။

ပင်လုံညီလာခံကြီးဟာ ဗြိတိသျှတို့ ကြိုတင်တွက်ကိန်းချထားသလို ဖြစ်မလာဘဲ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်နေပြီဖြစ်ကြောင်း၊ တောင်တန်းတို့သည် မြန်မာပြည်မနှင့် ပေါင်းစည်းပြီး လွတ်လပ်ရေးကိုအရယူမည်ဟု သက်သေပြသည့် ရာဇဝင်တင်မည့် တောင်တန်း-ပြည်မ ပူးပေါင်းရေးစာချုပ် ပင်လုံစာချုပ်ကြီးကို (၁၂-၂-၁၉၄၇) ခုနှစ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်မှာ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးက အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှာ ပင်လုံစာချုပ် ချုပ်ဆိုအပြီး တိုင်းရင်းသား ၂၃ ဦး ပါဝင်ပြီး လက်မှတ်ရေးထိုးပြီးချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးဆောင်ပြီး ၁၂ ပေမြင့်တဲ့ သပြေတိုင်တစ်ခုကို အထိမ်းအမှတ်အဖြစ် စိုက်ထူပြီးတော့ အောက်ခြေမှာလည်း တောင်တန်း- ပြည်မ ပူးပေါင်းရေးစာချုပ် ကျောက်တိုင်လို့ ကမ္ပည်းစာ ရေးထိုးခဲ့ပါတယ်။ ပင်လုံစာချုပ်ကြောင့် ဗြိတိသျှလက်အောက်မှ လွတ်မြောက်လာခဲ့ပြီး သူ့ကျွန်ဘဝမှ လွတ်မြောက်လာကာ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဟာ ပင်လုံကျေးဇူးတရားတွေ ဖြစ်ပါတယ်။

ခုချိန်အထိ ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေဟာ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်တွေကို အလေးထား တန်ဖိုးထားကြတာပဲ ဖြစ်ပါတယ်။ တကယ်လို့ လွတ်လပ်ရေးအတူမယူဘဲ ဒိုမီနီယံအုပ်ချုပ်ရေးနဲ့သာ နေမယ်ဆိုရင် ပိုပြီးတော့ တိုးတက်မယ်လို့လည်း ယူဆကြတာရှိတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပင်လုံကတိကဝတ်နဲ့ ပင်လုံသဘောတူညီချက်တွေကို မေ့ပျောက်ခံရပြီလို့လည်း တိုင်းရင်းသားတွေ ကယူဆပြီး အခုချိန်အထိ တသသ ပြောဆိုနေကြဆဲဖြစ်ပါတယ်။ ယခင်က ရှမ်းပြည်ဟာ သတ်သတ်ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ မတူပါဘူး။ ရှမ်းပြည်သည် သီးခြားပြည်နယ် တစ်ခုလည်း ဖြစ်တယ်။ တိုင်းနဲ့ ပြည်နယ် မခွဲခြားခင်တုန်းက ပြည်နယ် ခုနစ်ခု ရှိပါတယ်။ ရှမ်းပြည်ဟာလည်း ဒီလိုသီးခြားရပ်တည်ခဲ့တဲ့ တောင်တန်းဒေသ ပြည်နယ်တစ်ခုလည်း ဖြစ်ခဲ့တယ်လို့ သိရတယ်။

၂၀ ရာစုပင်လုံ ငြိမ်းချမ်းရေးမှသည် ၂၁ ရာစု (ပင်လုံ) တွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိပြီး မြန်မာပြည်ကြီး သာယာအေးချမ်းကာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်များကို ခံစားနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်။

 

Most Read

Most Recent