ပန်းဆိုးတန်း- ဒလ ချယ်ရီသင်္ဘောပေါ်မှ ကယ်တင်ရှင်များ

ပန်းဆိုးတန်း- ဒလ ချယ်ရီသင်္ဘောပေါ်မှ ကယ်တင်ရှင်များ
ရေထဲနစ်နေသည့် အမျိုးသမီးအား ကယ်ဆယ်ပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံ- မင်းမျိုး (ကို) ၏ ဓာတ်ပုံနှင့် ကယ်ဆယ်သူသုံးဦးအား ဓာတ်ပုံဘောင်ထုတ်၍ ဧရာဝတီ ကျန်းမာရေး၊ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ဦးမြင့်အေးအား ဂုဏ်ပြုပေးအပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရေထဲနစ်နေသည့် အမျိုးသမီးအား ကယ်ဆယ်ပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံ- မင်းမျိုး (ကို) ၏ ဓာတ်ပုံနှင့် ကယ်ဆယ်သူသုံးဦးအား ဓာတ်ပုံဘောင်ထုတ်၍ ဧရာဝတီ ကျန်းမာရေး၊ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ဦးမြင့်အေးအား ဂုဏ်ပြုပေးအပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 23 February 2020
ကြည်နိုင်

 

ရန်ကုန်မြို့နှင့် ဒလမြို့ကို ဆက်သွယ်ပေးမည့် ပန်းဆိုးတန်း- ဒလ ဘက်ခြမ်းဆိပ်ကမ်းတွင် ချယ်ရီအမည်ရှိ သင်္ဘောများ ဆိုက်ကပ်ထားပြီး ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းတွင် မြူနှင်းများကျဆင်းနေကာ ဝန်ထမ်းများ၊ စျေးသည်များနှင့် ကျောင်းသားများ အပါအဝင် ရန်ကုန်တစ်ဖက်ကမ်းသို့ သွားရောက်မည့် ခရီးသည်များစုပုံလျက် ရှိနေကြသည်။

နံနက် ၁၀ နာရီခန့်တွင် မြူနှင်းကွဲသွားပြီး ရန်ကုန်မြစ်အတွင်း ရှင်းရှင်းလင်းလင်း မြင်လာရပြီဖြစ်သည်။ လက်မှတ်ရောင်းကောင်တာမှ ခရီးသည်များလည်း ဒလဆိပ်ကမ်းဘက်ခြမ်းတွင် ရပ်ထားသည့် ချယ်ရီ  (၁)  သင်္ဘောပေါ်၌ ရောက်ရှိနေရာယူပြီးဖြစ်၍ သတ်မှတ်ချိန်တွင် ရန်ကုန်ဘက်ခြမ်းသို့ ထွက်ခွာရန် ချယ်ရီ  (၁) သင်္ဘောသည် ပြင်ဆင်နေပြီဖြစ်သည်။

ထိုအချိန် ချယ်ရီ (၁) သင်္ဘော၏ ကပ္ပတိန်လည်းဖြစ်၊ ရေယာဉ်မှူးလည်းဖြစ်သူ အသက် ၆၀ အရွယ် ဦးမြင့်အေးသည် သုံးထပ်သင်္ဘော၏ အပေါ်ဆုံးထပ် တက်မစင်ပေါ်မှ သူ၏ ဝန်ထမ်းများကို ကွပ်ကဲမှာကြားနေစဉ် ခရီးသည်အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံဘောပေါ်သို့ ပြန်လည်ခုန်အတက် ဟန်ချက်မထိန်းနိုင်ဘဲ ရန်ကုန်မြစ်ထဲ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသဖြင့် ကယ်ဆယ်ရန်ရေပြင်မှ ပေ ၄၀ ခန့်မြင့်သည့် သင်္ဘောအပေါ်ဆုံးမှ ရေထဲသို့ ၎င်းကိုယ်တိုင် ခုန်ဆင်းသွားခဲ့သည်။

“သူပြုတ်ကျသွားတာကိုလည်း မြင်နေရတယ်။ ပြုတ်ကျသွားတာနဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့၊ ဘောပေါ်မှာရှိတဲ့သူတွေက မဆယ်ဘူးလားဆိုတော့ ဆယ်တယ်။ သူတို့လည်း ဝိုင်းဆယ်ကြတာပဲ။ သို့သော်လည်း အမျိုးသမီးက အောက်မှာ တစ်ခါ မြုပ်ထားပြီးသွားပြီ။ ဝုန်းဆိုပြီး မြုပ်ပြီးမှ ပြန်ပေါ်လာတာကိုး။ မွှန်ထူနေပြီ။ နောက်တစ်ခါပြန်မြုပ်ပြီး နောက်တစ်ခါပြန်ပေါ်ရင် ဒီအမျိုးသမီး သေရတော့မယ်။ အဲဒီတော့ ဆုံးဖြတ်ချက်က ကိုယ်မှ မကယ်ရင် ဒီအမျိုးသမီးသေရတော့မယ်။ ကိုယ့်သင်္ဘောပေါ်မှာ ဖြစ်သွားတဲ့ ခရီးသည်ရဲ့အသက်သည် ကိုယ့်လက်ထဲမှာ ရှိတာကိုး” ဟု ချယ်ရီ  (၁) ရေယာဉ်မှူး ဦးမြင့်အေးက ခရီးသည်အမျိုးသမီးကို ကယ်ဆယ်ရန် ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြောပြသည်။

ရေနစ်နေသည့် ခရီးသည် အမျိုးသမီးကို ကယ်တင်ရန် ရေထဲသို့ ခုန်ဆင်းသွားသူ သုံးဦးရှိပြီး ၎င်းတို့အနက် ရေယာဉ်မှူး ဦးမြင့်အေးသည် ပထမဆုံးခုန်ဆင်းသွားသူနှင့် အသက်အကြီးဆုံးလည်းဖြစ်ပြီး ကျန်သူများမှာ ချယ်ရီ  (၁) သင်္ဘောပေါ်မှ သင်္ဘောသား ဦးမျိုးအောင်နှင့် ချယ်ရီ  (၂) သင်္ဘောပေါ်မှ အကူလုပ်သား ကိုအောင်အောင်တို့ ဖြစ်ကြသည်။

ထို့နောက် ဦးမြင့်အေး၊ ဦးမျိုးအောင်နှင့် ကိုအောင်အောင်တို့သည် ဆိပ်ခံဘောနှင့် ချယ်ရီသင်္ဘောကြား ရန်ကုန်မြစ်ထဲနစ်နေသည့် ခရီးသည်အမျိုးသမီးကို ရေထဲမနစ်စေရန်ကူညီ၍ ဆိပ်ခံဘောဘက်သို့ တွန်းပို့ကာ ဆိပ်ခံဘောပေါ်မှလူများက အပေါ်သို့ ဆွဲတင်ပေးခဲ့ကြပြီး ခရီးသည်အမျိုးသမီး ကယ်ဆယ်နိုင်ခဲ့ကြောင်း ရေယာဉ်မှူး ဦးမြင့်အေးက ထပ်မံပြောကြားသည်။

“ခရီးသည် အသက်နဲ့ ရေယာဉ် အန္တရာယ်ကင်းရှင်းရန် ကိုယ့်ပေါ်မှာ တာဝန်ရှိတယ်။ ငါကယ်မှဖြစ်တော့ မယ်ဆိုတဲ့အသိစိတ်က ချက်ချင်းဝင်လာတယ်။ စက္ကန့်ပိုင်းအတွင်း ရေထဲ ခုန်ချလိုက်တယ်။ ခုန်ချပြီး ခရီးသည်ကို ဘောပေါ်ကို တွန်းတင်ပေးလိုက်တဲ့အချိန်မှာ အပေါ်ကဝိုင်းဆွဲတယ်။  ဒါပေမဲ့ ကိုယ်ဆင်းပြီး ဘယ်လောက်မှ မကြာဘူး။ ကိုယ့်နောက်ကနေ သင်္ဘောသား ကလေးနှစ်ယောက် လိုက်လာတယ်။ သင်္ဘောသားနှစ်ယောက်က ဝိုင်းကူညီပြီးတော့ ဝိုင်းပံ့ပိုးပေးကြတယ်။ အဲဒါနဲ့ ဒီအမျိုးသမီး အသက်ရှင်သွားတယ်” ဟု ရေယာဉ်မှူးက ရှင်းပြသည်။

ချယ်ရီ (၁) သင်္ဘောပေါ်မှ သင်္ဘောသား ဦးမျိုးအောင်ကလည်း ရေနစ်နေသည့် ခရီးသည်အမျိုးသမီးကို ကယ်တင်ရန်အတွက် သင်္ဘောကုန်းပတ်ပေါ်မှ ရေထဲခုန်ဆင်းခဲ့သည်။

ရေထဲပြုတ်ကျသွားသူကို ဆိပ်ခံဘောပေါ်၌ ရှိနေသူအချို့က လှမ်းကိုင်စရာရရှိစေရန် ခြေထောက် တစ်ဖက်လှမ်းပေးသူများရှိပြီး ရေနစ်နေသူကိုယ်တိုင်လည်း လှမ်းဆွဲနိုင်ရန် ကြိုးစားနေကြောင်း၊ ရေထဲဆင်းကယ်သူများ ရှိလာသောအခါ အကူအညီများ ပေးနိုင်ခဲ့ပြီး ခရီးသည် ပြုတ်ကျသွားပြီဆိုသည့် အသံကြောင့်သာ သွားရောက်ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရေထဲဆင်းကယ်ရာ၌ ပါဝင်သည့် ချယ်ရီ  (၂ ) သင်္ဘောအကူ ကိုအောင်အောင်က ယခုလိုပြောပြသည်။

“ ဖြစ်တဲ့အချိန်မှာ ကျွန်တော့်သင်္ဘောမှာ သံချေးခေါက်နေတာ။ ခရီးသည်ပြုတ်ကျသွားပြီ၊ ခရီးသည် ပြုတ်ကျသွားပြီဆိုပြီး ကြားရာကနေ သွားကြည့်ရင်း ခုန်ချပြီး ဆင်းကယ်လိုက်တာ။ သူ့ကိုမြင်လိုက်တဲ့အချိန်မှာ ခရီးသည်အမျိုးသမီးက ပြူးပြူးပြဲပြဲဖြစ်နေပြီ။ ဆံပင်တွေလည်း ဖရိုဖရဲဖြစ်နေပြီ။ ကျွန်တော်တို့လည်း သူ့အသက်ကိုကယ်ချင်တာနဲ့ အသက်တစ်ချောင်းရပါစေဆိုပြီး ရအောင်ကယ်ခဲ့ပါတယ်။ ဒီအစ်မကြီး အသက်ရှင်သွားတဲ့အတွက် အရမ်းပျော်တယ်” ဟု ကိုအောင်အောင်က ပြောကြားသည်။

ကယ်ဆယ်ခံရပြီးနောက် အသက် ၃၄ အရွယ် ခရီးသည်အမျိုးသမီးသည် ကြောက်လန့် ရင်တုန်လျက်ရှိသော်လည်း သတိလစ်မေ့မြောသွားခြင်း မရှိခဲ့ကြောင်း၊ သူမနှင့်အတူ ပါလာသူ အမျိုးသမီးမှာလည်း ဝမ်းသာလွန်း၍ မျက်ရည်များ ကျခဲ့ကြောင်း၊ ရေစိုလျက်နှင့်ပင် ဆေးခန်းအထိ လိုက်ပို့ပေးခဲ့ကြောင်း အသက် ၃၀ အရွယ် ကိုအောင်အောင်က ဆက်လက်ပြောကြားသည်။

ဦးမြင့်အေးနှင့် ကိုအောင်အောင်တို့ဘဝတွင် ရေနစ်သူကို ကယ်ဆယ်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ် မဟုတ်ပါ။

ရေယာဉ်မှူး ဦးမြင့်အေးက “ကျွန်တော်အရင်က ကြုံခဲ့ဖူးတယ်။ ဟိုဘက်ကမ်း (ပန်းဆိုးတန်း) မှာ ဒီသင်္ဘောတွေ ဂျပန်က မရောက်ခင်တုန်းက ထီးလှိုင်ရှင် မောင်းဖူးတယ်။ အဲဒီလိုပဲ ခရီးသည်တစ်ယောက် ပန်းဆိုးတန်းဘက်ကမ်းမှာ ကျဖူးတယ်။ အခုလိုပဲ ကျွန်တော်ရေထဲ ခုန်ဆင်းသွားပြီး ကယ်ခဲ့ရတယ်။ ရှစ်နှစ်နီးပါးလောက်တော့ ရှိသွားပြီ” ဟု ရန်ကုန်မြစ်ရေပြင်ကို ကြည့်ရင်း ပြောကြားသည်။

ထို့ပြင် အညာဒေသဘက်တွင် ဝန်ထမ်းတစ်ဦး ယမကာသောက်ထားပြီး ရုတ်တရက် ရေထဲခုန်ချမှုကိုလည်း လိုက်လံကယ်ဆယ်ခဲ့ဖူးကြောင်း ဦးမြင့်အေးက ထပ်မံပြောကြားသည်။

ကိုအောင်အောင်ကလည်း ပန်းဆိုးတန်းတစ်ဖက်ခြမ်းတွင် ရေထဲပြုတ်ကျသွားသူကို ကယ်ဆယ်ဖူးပြီး အသက်ရွယ်ကြီးရင့်ပြီး ဆေးရုံမှဆင်းလာခါစ အဘွားအိုတစ်ဦးသည် ဆိပ်ခံဘော၌နားနေစဉ် မြစ်ထဲပြုတ်ကျသွားသဖြင့် လိုက်လံကယ်ဆယ်သူများတွင် ပါဝင်ခဲ့ကာ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ သို့သော် အဘွားအိုမှ ဆေးရုံသို့အရောက်တွင် ကွယ်လွန်သွားခဲ့သည်ဟု သူ၏အတွေ့အကြုံကို ရှင်းပြခဲ့သည်။

ကိုအောင်အောင်က ဆက်လက်ပြီး “ဒီတစ်ယောက်မှမဟုတ်ဘူး။ ဘယ်သူမဆို ရေထဲပြုတ်ကျသွားရင်၊ ကိုယ့်မျက်စိရှေ့မှာ တွေ့နေရရင် အဆင်သင့်ကယ်ဖို့ရှိပြီးသား။ ဒီအခါမှမဟုတ်ဘူး။ နောက်ဘယ်အချိန်ဖြစ်ဖြစ် အချိန်မရွေး ကယ်ပြီးသား” ဟု ပြောကြားသည်။

ကိုအောင်အောင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးသည်နှင့် သားသမီးနှစ်ယောက်တို့နှင့်အတူ ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်၌ နေထိုင်လျက်ရှိသည်။    

ရေထဲခုန်ဆင်း၍ ခရီးသည်အမျိုးသမီးအား ကယ်ဆယ်ခဲ့သူ သုံးဦးအနက် ရေယာဉ်မှူး ဦးမြင့်အေးနှင့် သင်္ဘောအကူ ကိုအောင်အောင်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)                     

ပန်းဆိုးတန်း-ဒလ ကူးတို့ပြေးဆွဲပေးနေသည့် ချယ်ရီ(၁)၊ (၂)၊ (၃) သင်္ဘောသုံးစင်းသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လက်ဆောင်ပေးထားခြင်းဖြစ်ပြီး နေ့စဉ် ရန်ကုန်ဘက်ခြမ်းနှင့် ဒလဘက်ခြမ်းကို အသွား၊ အပြန် ၄၆ ခေါက်ပြေးဆွဲပေးနေကာ ခရီးသည်ဦးရေ ၃၀၀၀၀ ခန့် နေ့စဉ်လိုက်ပါ စီးနင်းလျက်ရှိသည်။

ထို့ပြင် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့နယ်အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်အချို့သည် ရန်ကုန်မြို့သို့ အသွားအပြန်ပြုလုပ်ရာတွင် ပန်းဆိုးတန်း- ဒလဆိပ်ကမ်းကို အဓိကထား အသုံးပြုနေကြရသည်။

ထိုသို့ ဆိပ်ကမ်းကို အဓိက အသုံးပြုသူမြင့်မားသဖြင့် ခရီးသည်များ လုံခြုံရေးအတွက် သတိပေးခြင်း၊  တံခါးအဖွင့်အပိတ်များ စနစ်တကျ ဆောင်ရွက်ထားပြီး စည်းကမ်းတကျ စီးနင်းလိုက်ပါသူများရှိသလို တစ်ခါတစ်ရံတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အကြောင်းတစ်ခုခုကြောင့် သင်္ဘောများပေါ်သို့ အတင်းခုန်တက်သူများ၊ အတင်းခုန်ဆင်းသူများလည်းရှိ၍ တားမြစ်ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  ချယ်ရီ (၁) သင်္ဘောသည် ဒလဆိပ်ကမ်းမှ ထွက်ခွာနေစဉ် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ရေးမြို့နယ်တွင် နေထိုင်သူ အသက် ၃၄ နှစ် အရွယ် အမျိုးသမီးသည် ၎င်းနှင့်အတူလိုက် ပါလာသော အစ်မဖြစ်သူ ဒေါ်... မှာ ရေယာဉ်ပေါ်တွင် ပါရှိမလာကြောင်းသိရှိ၍ ပိတ်ထားသော ရေယာဉ်၏ ယာရှေ့ပေါက်မှတံခါးကို ၎င်းင်းကိုယ်တိုင်ဖွင့်၍ ဆိပ်ခံဘောသို့ ပြန်လည်ခုန်တက်ရာမှ ဟန်ချက်ပျက်ပြီး ရေထဲသို့ပြုတ်ကျသွားခဲ့ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ထုတ်ပြန်မှုအရ သိရသည်။

“ဒီလိုမျိုး နောက်ထပ်မဖြစ်အောင်လို့ ဖြစ်စေချင်တာက ရေယာဉ်ထွက်ခွာတာနဲ့ တံခါးကိုပိတ်ရမယ်။ နောက်ခရီးသည် လိုက်ခွင့်မရှိတော့ဘူး။ မလိုက်ပါနဲ့တော့။ ၁၅ မိနစ်တစ်ခေါက်သွားတဲ့ နောက်သင်္ဘောရှိတယ်။ နောက်သင်္ဘော လာနေပါပြီပေါ့။ ထိုနည်းတူစွာပဲ ရေယာဉ်ဝန်ထမ်းတွေ တားဆီးပိတ်ပင်တာက ခရီးသည်ကို မလိုက်စေချင်လို့မဟုတ်ပါဘူး။ သူ့တို့အသက် အန္တရာယ်ကို ကင်းရှင်းစေချင်လို့။ အဲဒီအတွက် တားတာကို ခရီးသည်တွေက လိုက်နာပြီးတော့ ဆောင်ရွက်ပေးစေချင်တယ်။ ဒါဆို လုံးဝ လုံခြုံမယ်” ဟု ရေယာဉ်မှူး ဦးမြင့်အေးက ပြောကြားသည်။

ဦးမြင့်အေးအနေဖြင့် အသက် ၆၀ ထဲသို့  ချင်းနင်းဝင်ရောက်နေပြီ ဖြစ်သော်လည်း ကျန်းမာဖျတ်လတ်လျက်ရှိပြီး သွားရာလာရာတွင် ပေါ့ပါးကာ ခါးမကိုင်း၊ ဒူးမညွှတ်ဘဲ လှုပ်ရှားလျက်ရှိသည်ကိုတွေ့ရပြီး ရေကူးခြင်းကိုလည်း အသက် ၁၄ နှစ်အရွယ်ကတည်းက ရန်ကုန်မြစ်ထဲကူးရာမှ ကျွမ်းကျင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဦးမြင့်အေးခုန်ချခဲ့သည့် ချယ်ရီသင်္ဘောအပေါ်ဆုံးထပ် တက်မ စင်ပေါ်နေရာမှ အခြားမည်သူမျှ အလွယ်တကူ မခုန်ချနိုင်ကြောင်း လုပ်ဖော်ကိုင်ဖက် ရေကြောင်းပို့ဆောင်ရေး ဝန်ထမ်တစ်ဦးက ပြောပြခဲ့သည်။

ကျန်းမာရေးအတွက် ထွေထွေထူးထူး မလုပ်သော်လည်း အလုပ်သွားအလုပ်ပြန် စက်ဘီးစီးလာသည်မှာ ရှစ်နှစ်ခန့်ရှိပြီး ဆေးလိပ်၊ ကွမ်း၊ အရက်ဘီယာလည်း ကင်းရှင်းကြောင်း ဦးမြင့်အေးက ယခုလို ဖွင့်ဟသည်။

“ဟိုစက်ဘီး (သူစီးလာသည့် စက်ဘီးကို ညွှန်ပြလျက်) ကို ဓာတ်ပုံရိုက်ထားရင် ကောင်းမယ်ထင်တယ်။ အဲဒီစက်ဘီးကို အမြဲတမ်းစီးတယ်။ အဲဒီစက်ဘီးနဲ့ပဲ လျှောက်သွားတယ်။ ဘယ်သွားသွား အဲဒီစက်ဘီးနဲ့ သွားတယ်။ ဆိုင်ကယ်တွေ အိမ်မှာရှိတယ်။ ဘယ်သွားသွား ဆိုင်ကယ်စီးလည်း ၅၀၀ ပဲရှိတယ်။ ဒါပေမဲ့ မစီးဘူး။ အန္တရာယ်လည်း များတယ်။ဘယ်လောက်ပဲ အေးအေးချမ်းချမ်း စက်ဘီးစီးလိုက်ရင် ချွေးလေးစို့သွားတယ်။ ကိုယ့်ကျန်းမာရေးအတွက်။ အလုပ်သွား အလုပ်ပြန် စီးတယ်။ စက်ဘီးစီးလာတာ ရှစ်နှစ်လောက် ရှိပြီ။ အရက်သေစာဆိုတာ အဝေးကြီးမှာ။ တော်တော်ကြီးကိုဝေးတယ်။ ဘာလို့လဲဆို ဘုရားမှာကတည်းက အာမဘန္တေခံထားပြီးသား။ အသက်နဲ့ခန္ဓာ တည်မြဲနေသရွေ့ ဘယ်တော့မှ မသောက်စားပါဆိုပြီး” ဟု ရေယာဉ်မှူး ဦးမြင့်အေးက ဆိုသည်။

၁၉၇၈ ခုနှစ်ကတည်းက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုန်ပို့ဆောင်ရေး၊ ကားကူးဇက်များမောင်းနှင်ရေး၊ ခရီးသည် သယ်ယူပို့ဆောင်ရေးတို့တွင် ရာထူးအဆင့်ဆင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်လာခဲ့သူ ဦးမြင့်အေးသည် ချယ်ရီ (၁)သင်္ဘောသို့ ရေယာဉ်မှူး (ရေယာဉ်အုပ်-၃) ရာထူးဖြင့် ပြောင်းရွှေ့လာခဲ့သည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။

လာမည့် ၁၁ လပိုင်း လုပ်သက် ၄၂ နှစ်အကြာတွင် ရေယာဉ်မှူး ဦးမြင့်အေးသည် ပင်စင်ယူတော့မည် ဖြစ်သည်။

ဦးမြင့်အေးသည် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်တွင် ဇနီး၊ သားသမီးများနှင့်အတူ နေထိုင်လျက်ရှိပြီး ၎င်း၌ သားသုံးယောက်၊ သမီးတစ်ယောက်နှင့် စုစုပေါင်း လေးယောက်ရှိသည်။

“သင်္ဘောပေါ်ကနေ ခုန်ချတုန်းက ဘာတွေးလဲဆိုရင် သူအသက်ရှင်ဖို့က ကိုယ့်အသက်လဲချင် လဲရပါစေ။ ကိုယ်ရေယာဉ်မှူးတစ်ယောက်လေ။ လဲပစ်လိုက်မှာပဲ။ ဘာလို့လဲဆိုကိုယ်က အသက်ကကြီးနေပြီ။ သေလို့လည်း ဘာမှမဖြစ်တော့ဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးရဲ့ အသက်တစ်ချောင်းက ကယ်ကောင်းတယ်။ ကိုယ့်မျက်စိရှေ့မှာ ဖြစ်နေတဲ့အတွက် လဲသင့်လဲလိုက်ရတော့မှာပဲ မထူးတော့ဘူး” ဟု ရေယာဉ်မှူး ဦးမြင့်အေးက ရန်ကုန်မြစ်ထဲ ခုတ်မောင်းလျက်ရှိသည့် ချယ်ရီသင်္ဘောတစ်စင်းကိုကြည့်ရင်း ပြောလိုက်သည်။                                    

 

 

 

Most Read

Most Recent