၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုခဲ့မှု စုစုပေါင်း ကျပ် ၃၀၆ ဘီလျံကျော်ရှိပြီး MIC ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများသို့ ကင်းလွတ်ခွင့်ပြုမှုမှာ ကျပ်ဘီလျံ ၂၀၀ ကျော်ဖြင့် အများဆုံးဖြစ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုခဲ့မှု စုစုပေါင်း ကျပ် ၃၀၆ ဘီလျံကျော်ရှိပြီး MIC ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများသို့ ကင်းလွတ်ခွင့်ပြုမှုမှာ ကျပ်ဘီလျံ ၂၀၀ ကျော်ဖြင့် အများဆုံးဖြစ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 23 February 2020
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန် ကင်းလွတ်သက်သာခွင့်ပြုမှု စုစုပေါင်း ကျပ် ၃၀၆ ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများသို့ ကင်းလွတ်ခွင့်ပြုခဲ့မှုမှာ ကျပ်ဘီလျံ ၂၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခဲ့သည့် အခြေအနေကို လေ့လာကြည့်ပါက MIC ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများသို့ ကင်းလွတ်ခွင့်ပြုမှု ၃၇၆၉ မှုရှိပြီး အကောက်ခွန် ၇၇ ဒသမ ၅၆၈ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ၁၂၃ ဒသမ ၀၈၂ ဘီလျံဖြင့် စုစုပေါင်း ကျပ် ၂၀၀ ဒသမ ၆၅၀ ဘီလျံဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ ကင်းလွတ်ခွင့်ပြုခြင်းတွင် အရေအတွက် ၆၂၂ ခုသို့ အကောက်ခွန် ၂၀ ဒသမ ၀၈၈ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ၂၅ ဒသမ ၃၀၇ ဘီလျံ၊ အထူးကုန်စည်ခွန် သုည ဒသမ ၀၉၈ ဘီလျံဖြင့် စုစုပေါင်း ၄၅ ဒသမ ၆၅၀ ဘီလျံဖြစ်ကြောင်း သိရသည်။

မြန်မာအထူး စီးပွားရေးဇုန် (သီလဝါ) သို့ ကင်းလွတ်ခွင့်ပြုခြင်းတွင် အကောက်ခွန် ကျပ် ၁၃ ဒသမ ၂၅၁ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ၁၉ ဒသမ ၉၉၃ ဘီလျံဖြင့် စုစုပေါင်း  ၃၃ ဒသမ ၂၄၄ ဘီလျံ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များသို့ ကင်းလွတ်ခွင့်ပြုခြင်းတွင် အကောက်ခွန် ကျပ် သုည ဒသမ ၃၂၁ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် သုည ဒသမ ၅၀၉ ဘီလျံဖြင့် စုစုပေါင်း သုည ဒသမ ၈၃၀ ဘီလျံ၊ NGO၊ INGO၊ အသင်းအဖွဲ့များသို့ လှူဒါန်းသဖြင့် ကင်းလွတ်ခွင့်ပြုခြင်းတွင် အကောက်ခွန် ကျပ် သုည ဒသမ ၁၈၈ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် သုည ဒသမ ၁၅၃ ဘီလျံ၊ တံဆိပ်ခေါင်းခွန်ကျပ် ၂၂ ဒသမ ၉၅၉ ဘီလျံဖြင့် စုစုပေါင်း၂၃ ဒသမ ၃၀၀ ဘီလျံ၊  ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ အခွန်ကင်းလွတ်ခွင့် သက်သေခံလက်မှတ် ထုတ်ပေးခြင်းတွင် ကုန်သွယ်လုပ်ငန်းခွန် ၂ ဒသမ ၁၉၂ ဘီလျံ၊ ဝင်ငွေခွန်ကျပ် သုည ဒသမ ၄၉၇ ဘီလျံဖြင့် စုစုပေါင်း ၂ ဒသမ  ၆၈၉ ဘီလျံ စသည်ဖြင့် စုစုပေါင်း ၃၀၆ ဒသမ ၃၆၃ ဘီလျံရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေ စာရင်းများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၂/၂၀၂၀) တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သည် အစိုးရက ခန့်အပ်တာဝန်ပေးသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို အတည်ပြုရန်နှင့် အဓိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အမိန့်ကြော်ငြာစာများကို ထုတ်ဝေရန် တာဝန်ရှိသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အခန်းကဏ္ဍတွင် ပြောင်းလဲမှုများ ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် အနည်းငယ် အတွက်သာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ရယူရန် လိုအပ်ကြောင်း သိရသည်။

အဆိုပြုလွှာများကို လျင်မြန်စွာ စိစစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အတည်ပြုသည့် အတည်ပြုမိန့်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လျှောက်ထားနိုင်ကြောင်း၊ အတည်ပြုမိန့်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လျှောက်ထားနိုင်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အစိုးရဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ သင့်လျော်သော ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များ အဖြစ်ပါ ဝင်စေလျက် ဖွဲ့စည်းထားကြောင်း သိရသည်။

MIC အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအား ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် အကာအကွယ်ပေးရန်၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုများအား အလေးအနက်ထားရန်၊ နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် စစ်ဆေးမှု အလေ့အကျင့်များ ဖြစ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်စေရန်၊ လက်ရှိ အလုပ်သမား ဥပဒေများအား လိုက်နာဆောင်ရွက်စေရန်၊ လူမှုအကျိုးစီးပွား တာဝန်ယူမှုများ (CSR) ကို ထောက်ပံ့ပေးရန်နှင့် နည်းပညာများ လွှဲပြောင်းယူရန် ရည်ရွယ်ကြောင်း သိရသည်။

 

Most Read

Most Recent