မွန်ပြည်နယ်အတွင်း ကျပ်သန်း ၆၆၀၀ ရင်းနှီးမြှုပ်နှံပြီး စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် ခနောက်စိမ်း သတ္တုသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်

မွန်ပြည်နယ်အတွင်း ကျပ်သန်း ၆၆၀၀ ရင်းနှီးမြှုပ်နှံပြီး စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် ခနောက်စိမ်း သတ္တုသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်
ရေစကြိုမြို့နယ် ငတရော်ကျေးရွာတွင် တည်ဆောက်ထားသည့် ဆိုလာဓာတ်အားပေးစက်ရုံကို  တွေ့ရစဉ် (ဓာတ်ပုံ- သက်ထိန်ဝင်း)
ရေစကြိုမြို့နယ် ငတရော်ကျေးရွာတွင် တည်ဆောက်ထားသည့် ဆိုလာဓာတ်အားပေးစက်ရုံကို  တွေ့ရစဉ် (ဓာတ်ပုံ- သက်ထိန်ဝင်း)
Published 22 February 2020
နီလာ

မွန်ပြည်နယ်အတွင်း ကျပ်သန်း ၆၆၀၀ ရင်းနှီးမြှုပ်နှံပြီး စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် ခနောက်စိမ်းသတ္တု သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/ ၂၀၂၀) ကြိမ်မြောက်အစည်းအဝေး၌ အတည်ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်များ စာရင်းအရ မွန်ပြည်နယ်၊ ရေးမြို့နယ် ကော့လှိုင်ကျေးရွာအုပ်စု၌ Thiwa Company Co.,Ltd က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၅၈၀၀ ဖြင့် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း ၅၅ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၌ Myanmar Shing Shing Metal Co.,Ltd က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၈၀၀ ဖြင့် ခနောက်စိမ်းသတ္တု သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်း ၇၂ ခု ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/ ၂၀၂၀) ကြိမ်မြောက်အစည်းအဝေး၌ အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်များ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သန်း ၆၆၀၀ ဖြစ်ပြီး အလုပ်အကိုင် ၁၂၇ နေရာကို ဖန်တီပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လေးလခွဲအတွင်း MIC ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၅၄ သန်းကျော်အပါအဝင် ကျပ် ၈၄၆ ဘီလျံကျော်အထိ မြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း သုံးခု၊ အတည်ပြုလုပ်ငန်း ၁၁ ခု ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း သုံးခုနှင့် အတည်ပြုလုပ်ငန်း လေးခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခု၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း နှစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း သုံးခု ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၈ ဒသမ ၆၈၂ သန်း အပါအဝင် ကျပ် ၉၅၅၀၄ ဒသမ ၆၀၂ သန်း ဖြစ်ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၈၉၄ ဦးကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ခွင့်ပြု၊ အတည်ပြုလုပ်ငန်း ၁၄ ခုမှာ စက်မှုကဏ္ဍမှငါးခု၊ ဟိုတယ်ကဏ္ဍမှ သုံးခု၊ လျှပ်စစ်ကဏ္ဍမှတစ်ခု၊ သတ္တုကဏ္ဍမှတစ်ခုနှင့် အခြားကဏ္ဍမှ လေးခုဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု၊ အတည်ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၃ ခု၊ ဒေါ်လာ ၁၃၂ ဒသမ ၂၂၇ သန်းအပါအဝင် ကျပ် ၇၄၃၁၉၄ ဒသမ ၅၂၉ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၅၄ ဒသမ ၃၇၉ သန်းအပါအဝင် ကျပ် ၈၄၆၁၈၁ ဒသမ ၉၂၂ သန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent