၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက် ရနိုင်မည်ဟု ယုံကြည်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြဿနာ ဖြစ်ပွားနေသည့် ကယားပြည်နယ်၌လည်း အနိုင်ရမည်ဟု ပြောရဲကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက် ရနိုင်မည်ဟု ယုံကြည်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြဿနာ ဖြစ်ပွားနေသည့် ကယားပြည်နယ်၌လည်း အနိုင်ရမည်ဟု ပြောရဲကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ပြောကြား
Published 19 February 2020
မျိုးထွန်း

၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်လောက်သည့် မဲဆန္ဒအရေအတွက်ရနိုင်မည်ဟု ယုံကြည်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားနေသည့် ကယားပြည်နယ်တွင်လည်း အနိုင်ရမည်ဟု ပြောရဲကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄၆) လမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးခန်းမ၌ ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သည့် ငြိမ်းချမ်းရေးခြေရာ စာအုပ်မိတ်ဆက်ပွဲနှင့် နိုင်ငံရေး စကားဝိုင်း ဆွေးနွေးပွဲတွင် မီဒီယာများ၏မေးမြန်းမှုအပေါ် မုံရွာအောင်ရှင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း နိုင်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၅ လိုပဲ အစိုးရဖွဲ့နိုင်လောက်တဲ့ မဲဆန္ဒအရေအတွက် ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကယားပြည်နယ်မှာလည်း နိုင်မှာပါပဲ။ ကျွန်တော် အဲဒါပြောရဲတယ်။ ကယားပြည်နယ် နိုင်မှာပါ။ ရှုံးရင်တောင်မှ နှစ်နေရာ သုံးနေရာ အနည်းဆုံး အဲဒီလောက်ပဲ ရှုံးမယ်။ အများစု အနိုင်ရမှာပါ။ ဘာကိုအကြောင်းရင်းခံ ကြည့်လဲဆိုတော့ ကယားပြည်နယ်မှာ ပြဿနာဖြစ်နေတဲ့ ကြေးရုပ်ကိစ္စပေါ့။ ဒါကအကြောင်းအရာ တစ်ခုပဲရှိတယ်။ တခြားအကြောင်းအရာ မရှိဘူး။ အဲဒီကိစ္စကလည်း ဒေါ်အောင်ဆန်းစုကြည် သွားတုန်းက ဒါကိုဖြေရှင်းမယ်ဆိုပြီး ပြောထားတာရှိတယ်။ ခုထိရှင်းတာ၊ မရှင်းတာတော့ မသိသေးဘူး။ ရှင်းမယ်လို့ ပြောထားပြီးသား ဖြစ်တယ်” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အနိုင်ရမှုသည် တိုင်းဒေသကြီးက ပို၍အားကောင်းမည်ဖြစ်ကာ အချို့ပြည်နယ်များတွင် များစွာကြိုးစားပြီး အနိုင်ရအောင် လုပ်ရမည်ဖြစ်ကြောင်း၊ ယခင် ရွေးကောက်ပွဲများက ရှုံးခဲ့သော ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် အနိုင်ရအောင် ကြိုးစားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြည်နယ်မှာရှိတဲ့ ပြည်နယ်နိုင်ငံရေး ပါတီများက အရင်လိုမဟုတ်တော့ဘူး။ စုစုစည်းစည်းနဲ့ ပြန်ပြီးတော့ ဖွဲ့ထားကြတာရှိတယ်။ အဲဒီအတွက် သတိထားရမယ့် အချက်တော့ မှန်တယ်။ သို့သော်လည်းပဲ ဒါအတွက် စိုးရိမ်မှုတော့ သိပ်မရှိပါဘူး။ ဒီမိုကရေစီအရ တိုင်းရင်းသားပါတီတွေကတော့ များလာမှာပဲ။ တိုင်းရင်းသား တင်မကပါဘူး။ တိုင်းဒေသကြီးမှာရှိတဲ့ ဗမာပါတီတွေများလည်း သိပ်စိုးရိမ်စရာတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြည်သူလူထုကို ယုံကြည်တယ်။ ပြည်သူလူထုက NLD အတွက် အဆင်သင့်ဖြစ်တယ်လို့ ယုံကြည်ပြီးသား” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

ထို့ပြင် NLD ပါတီသည် ရခိုင်ပြည်နယ်တွင်လည်း ပြိုင်မည်ဖြစ်ပြီး ပြိုင်ခွင့်ရသည့် နေရာမှန်သမျှ ဝင်ပြိုင်မည်ဖြစ်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ် မြောက်ပိုင်းကဲ့သို့ နေရာမျိုးတွင် လုံခြုံရေး အခြေအနေအရ မဲဆန္ဒနယ် ပျက်သွားခြင်းများ ရှိသောကြောင့် ဒေသခံပြည်သူလူထု၏ အခွင့်အရေးများ ဆုံးရှုံးသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ရွေးကောက်ပွဲတွင် မဟာမိတ်မထား၊ ရွေးကောက်ပွဲ မဲဆန္ဒနယ် ခွဲတမ်းသဘောမျိုး တွဲ၍လုပ်မည်မဟုတ်ဘဲ ပါတီချင်းအရ ညီနောင်ပါတီ ဆက်ဆံရေးကဲ့သို့ ဆက်ဆံရေးသာရှိကြောင်း မုံရွာအောင်ရှင်က ပြောကြားသည်။

Most Read

Most Recent