ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၄၀၀၀၀၀ ဝန်းကျင်ရှိလာပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၆၅ ရာခိုင်နှုန်းရှိကာ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ငှားရမ်းခ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၄၀၀၀၀၀ ဝန်းကျင်ရှိလာပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၆၅ ရာခိုင်နှုန်းရှိကာ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ငှားရမ်းခ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း
ရန်ကုန်မြို့ရှိ ရုံးခန်းနေရာများ ငှားရမ်းနေသည့် အဆင့်မြင့် အဆောက်အအုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ရုံးခန်းနေရာများ ငှားရမ်းနေသည့် အဆင့်မြင့် အဆောက်အအုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 15 February 2020
စည်သူအောင်

၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၄၀၀၀၀၀ ဝန်းကျင်ရှိလာပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၆၅ ရာခိုင်နှုန်းရှိကာ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ငှားရမ်းခ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) ၏၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်စျေးကွက် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

၂၀၁၈ ခုနှစ်အတွင်း ရုံးခန်းအဆောက် အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အထိ အခန်းသစ်ထပ်မံ မထွက်ရှိခဲ့ကာ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်တွင် စတုရန်းမီတာ ၂၅၈၀၊ ၂၀၁၉ ခု နှစ် စတုတ္ထသုံးလပတ်တွင် စတုရန်းမီတာ ၄၃၁၅၀ ထွက်ရှိခဲ့ခြင်းဖြစ်သည်။ လာမည့် ၂၀၂၀-၂၀၂၂ ခုနှစ်အတွင်း ရုံးခန်း အဆောက်အအုံသစ် တစ်နှစ်ပျမ်းမျှ ထွက်ရှိမှု စတုရန်းမီတာ  ၃၆၇၄၀ ဝန်းကျင်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၂၂ နှစ်ကုန်တွင် ရုံးခန်းနေရာပေါင်း စတုရန်းမီတာ ၅၀၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။၂၀၁၃ မှ ၂၀၁၉ ခုနှစ်အတွင်း ၂၀၁၅ ခုနှစ်တွင် ရုံးခန်းအဆောက်အအုံသစ် အများဆုံး ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကာ အခန်းသစ်ထွက်ပေါ်မှုများ လျော့ကျခဲ့သည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာ လိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ ရာခိုင်နှုန်း ၇၀ အောက်တွင်သာရှိနေသည်။ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် စျေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံ နေရာများ၏ ၆၅ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ငှားရမ်းခမှာ ၃ ဒသမ ၅ ရာခိုင်နှုန်းနီးပါး ဆက်လက်ကျဆင်းခဲ့သည်။

Colliers International ၏ခန့်မှန်းချက်အရ ရုံးခန်းအငှားစျေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည်ဖြစ်သည်။ ထို့ပြင် အရွယ်အစားကြီးမားပြီး နိုင်ငံတကာ အဆင့်အတန်းမီသော ရုံးခန်းအဆောက်အအုံများသည် သမားရိုးကျ မဟုတ်သော ငှားရမ်းမှုများကို ပိုမိုဝန်ဆောင် ပေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားရုံးခန်း ငှားရမ်းသူများက ပုံမှန်ရုံးခန်း စျေးကွက်ကို ဆက်လက် အားပြုနိုင်မည် ဖြစ်သည်။

လက်ရှိရုံးခန်း အဆောက်အအုံ ငှားရမ်းခများသည် တစ်တုရန်းမီတာလျှင် (တစ်လ) ၂၃ ဒေါ်လာမှ ၄၂ ဒေါ်လာကြားရှိပြီး မြို့တွင်းနေရာများနှင့် အဆင့်မြင့် အဆောက်အအုံများသည် စျေးနှုန်းပိုမိုရရှိသည်။ အဆောက်အအုံ နေရာသစ်များ ထွက်ပေါ်မှု၊ စျေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်ပြီး အရည်အသွေးနိမ့်သည့် ရုံးခန်းအဆောက်အအုံ နေရာများသည် အနာဂတ်ကာလတွင် စျေးနှုန်းရရှိမှု ပိုမိုနည်းပါးလာမည်ဖြစ်သည်။ လက်ရှိစျေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏ ပျမ်းမျှငှားရမ်းခ စျေးနှုန်းသည် ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၃၆ ဒသမ ၇ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် ၂၀၂၀-၂၀၂၂ ခုနှစ်များတွင် ပျမ်းမျှငှားရမ်းခနှုန်း ၃၆ ဒေါ်လာ ဝန်းကျင်သာ ရှိမည်ဟု Colliers က မျှော်မှန်းထားသည်။

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်းအ ဆောက်အအုံနေရာသစ် ထွက်ရှိမှုသည် လာမည့်သုံးနှစ်အတွင်း ဆက်လက် တိုးတက်လာမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စတုရန်းမီတာ ၅၀၀၀၀၀ ကျော်အထိ ရှိမည်ဟု ခန့်မှန်းထားသည်။ အဆင့်မြင့်ရုံးခန်း အဆောက်အအုံများသည် ရန်ကုန်မြို့လယ်တွင် ခြောက်ရာခိုင်နှုန်း၊ ရန်ကုန်မြို့လယ် အနီးပတ်ဝန်းကျင် နေရာတွင် ၇၉ ရာခိုင်နှုန်း၊ ရန်ကုန်မြို့ပြင် နေရာတွင် ၁၅ ရာခိုင်နှုန်း Colliers International ၏ စျေးကွက်သုံး သပ်ချက်များအရ သိရသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုံးခန်း ငှားရမ်းမှုအများဆုံး လုပ်ငန်းများမှာ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းများက ၁၉ ရာခိုင်နှုန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများက ၁၇ ရာခိုင်နှုန်း၊ အကြီးစား စက်မှုထုတ်ကုန် လုပ်ငန်းများက ၁၁ ရာခိုင်နှုန်း၊ သတင်းအချက်အလက် နည်းပညာ လုပ်ငန်းများက ၁၁ ရာခိုင်နှုန်း၊ စားသုံးသူရေးရာ ဝန်ဆောင်မှုလုပ်ငန်းများက ခုနစ်ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများက ခုနစ်ရာခိုင်နှုန်း၊ မီဒီယာနှင့် ဖျော်ဖြေရေး လုပ်ငန်းများက ခုနစ်ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

Most Read

Most Recent