ဥသြသံ

ဥသြသံ
Published 12 February 2020
မောင်ကြည်

“ ဥသြ … ဥသြ … ဥသြ ”

တစ်မနက် ကျွန်တော် လက်ဖက်ရည်ဆိုင်ကနေ လမ်းလျှောက်အပြန် အိမ်နားရောက်ခါနီးမှာ ကြားလိုက်ရသော အသံဖြစ်သည်။ ဥသြငှက်တစ်ကောင် ဘယ်နေရာကနေ အော်မြည်နေပါလိမ့်။ ကျွန်တော် သိချင်သွားသည်။ ဥသြငှက်ကလေး ရှိမည့်နေရာကို ရော်ရမ်းမှန်းဆကာ ရှာဖွေလိုက်မိသည်။ “ဥသြ … ဥသြ … ဥသြ” ဟော ထပ်ကြားရပြန်ပြီ။ သေချာပါသည်။ ဒီနားတစ်ဝိုက်ကနေ အော်နေတာဖြစ်သည်။ ကျွန်တော်သည် လမ်းလျှောက်နေရာမှ ခေတ္တရပ်တန့်ကာ ဘေးဘီဝဲယာကို လိုက်ကြည့်နေမိပါသည်။ အသံသာကြားရပြီး ရုပ်ကိုမမြင်ရချေ။ ဟောဟို ကိုက္ကိုပင်အပေါ်ကလား။ ခပ်လှမ်းလှမ်းရှိ မန်ကျည်းပင်ဆီကလား။ သို့မဟုတ် ပိတောက်ပင်အိုကြီး၏ အကိုင်းအခက်တွေပေါ်ကလား။ ဘယ်အပင်ကမှန်း မသိပေ။ ကျွန်တော် မတ်တတ်ရပ်ကာ နားစွင့်ကြည့်သော်လည်း ထပ်မံမကြားရတော့ပါ။

အိမ်သို့ပြန်လာသည့် လမ်းတစ်လျှောက်လုံး ဥသြငှက်အော်သံသည် ကျွန်တော့် နားထဲမှ မထွက်တော့။ “ဥသြ … ဥသြ … ဥသြ” အော်မြည်သံသည် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည်။ စိတ်ထဲမှာ ထူးဆန်းနေသလိုလို ဘာလိုလိုခံစားနေရသည်။ သူ့အသံကို မကြားရသည်မှာ ကြာလှပြီကော။ လွမ်းစရာပင် ကောင်းသေးတော့သည်။ ထိုနေ့က ကျွန်တော် အိမ်ပြန််ရောက်သည်နှင့် စာရေးစားပွဲမှာ အလုပ်ထိုင်လုပ်သော်လည်း ဥသြဟူသည့် အသံသည် ပျောက်မသွား။ သုံးခွန်းတိတိ သူအော်လိုက်သောအသံသည် ကောင်းကင်သို့ ပဲ့တင်ရိုက်ခတ်ကာ မြေပြင်ပေါ်သက်ဆင်းလာသည့်နှယ်။ “ဥသြ … ဥသြ … ဥသြ” တဲ့။ “ ဥသြ” ဟု အော်လိုက်သောအသံသည် လိုဏ်သံပါနေသည်။ ဝမ်းခေါင်းသံပါနေသည်။ နာကျင်သံပါနေသည်။ လွမ်းသံကြေကွဲသံပါနေသည်။ ထို့ကြောင့်များ အဆိုပါအသံကို ကျွန်တော့် မေ့ဖျောက် မရနိုင်အောင် ဖြစ်နေလေသလားမသိချေ။ ကျွန်တော့်ရင်ထဲမှာ ထိထိခိုက်ခိုက် ကျန်ရစ်ခဲ့တာတော့ သေချာပါသည်။ ဥသြသံသည် ဥသြသံသက်သက် မဟုတ်။ ဝေဒနာ၏ လှုံ့ဆော်မှုကြောင့် ပွတ်တိုက် တိုးထွက်လာသည့် အသံ ဖြစ်နေသည်။

ကျွန်တော်သည် ညအိပ်ရာဝင်သည်အထိ ညနေက ဥသြငှက်၏အသံကို ကြားယောင်မိနေဆဲ။ သတိရမိနေဆဲ။ ထိုငှက်ကလေး ဘာပြောချင်တာပါလိမ့်။ သူတစ်ခုခုကို ဖွင့်ဟပြောပြချင်နေတာလား။ သူ့ခံစားမှုကို ဖွင့်ထုတ်ချင်နေတာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ သို့သော် ကျွန်တော့်မှာ ပြန်ပြောပြရခက်နေသည်။ အဓိပ္ပာယ် ဖွင့်ဆိုရခက်နေသည်။ ငှက်ကလေးရယ် မင်းဘာပြောချင်နေတာလဲကွယ်။ မင်းရဲ့ ဥသြ ဥသြ အသံက ဝမ်းနည်းစရာ ကောင်းလိုက်တာ။ ကြေကွဲဆို့နင့်စရာ ကောင်းလိုက်တာ။ ငါ့မှာ ခံစားလိုက်ရပြီး ပြောမပြတတ်အောင် ဖြစ်နေပါရဲ့။ မင်းလည်း ပြောမပြတတ်တဲ့ ခံစားချက်တွေ ပြည့်သိပ်နေလို့ များလားကွယ်။ ကျွန်တော်သည် ထိုညက အိပ်ရာထက်ဝယ် ဘယ်လူးညာလှိမ့်ရင်း ဥသြငှက်ကလေးကို စိတ်ထဲမှ စကားဆိုနေမိပါသည်။ သြော် “ ဥသြ … ဥသြ … ဥသြ ” တဲ့လားကွယ်။

နောက်တစ်နေ့မနက် ကျွန်တော်အလုပ်သွားတော့ အမှတ် ၆၄ ကားစီးကာခါတိုင်း ဆင်းနေကျ မှတ်တိုင်မှာဆင်းပြီး အလုပ်တိုက်ရှိရာဆီ လမ်းလျှောက်သွားပါသည်။ အလုပ် မရောက်ခင်ကြားမှာ စျေးတစ်ခုကို ဖြတ်သွားရပါသည်။ အဆိုပါစျေးကို “ ရာပြည့်စျေး” ဟု ခေါ်ပါသည်။ ကျွန်တော် အလုပ်တိုက်သွားတိုင်း ဖြတ်သွားနေကျ စျေးလည်းဖြစ်ပါသည်။ ယနေ့ ထိုစျေးရှေ့မှ ဖြတ်လျှောက်လာတော့ ထုံးစံအတိုင်း စျေးရုံအတွင်းထဲမှာ လုံးထွေးနေသည့် ဆူညံသံတွေက လမ်းမပေါ် လျှံထွက်ကျလာပါသည်။ သားငါးတန်းကို ဖြတ်လာစဉ် ငါးညှီနံ့ကိုရှူရှိုက်ရင်း ခုတ်သံ ထစ်သံတို့ကို နားဆင်ရပါသည်။ ထိုသားငါးတန်းကို ကျော်လာစဉ်မှာ မထင်မှတ်သည့် အသံတစ်သံက ကျွန်တော့်နားထဲသို့ တိုးဝင်လာပါသည်။ “ ဥသြ … ဥသြ … ဥသြ” တဲ့။ အလိုကြားရပြန်ပါပြီ။ ဥသြ … ဥသြ … ဥသြ ဆိုပါလား။ ကျွန်တော်သည် ရှေ့မှာမြင်နေရသည့် ဆိုက်ကားဂိတ်ဘေးမှ သစ်ပင်ကြီးတစ်ပင်ကို မော့ကြည့်လိုက်မိသည်။ ထိုအပင်ပေါ်မှ ကြားလိုက်ရခြင်းဖြစ်သည်။ လျှောက်ရင်းလျှောက်ရင်း ထိုအပင်အောက်ကို ရောက်လာသည်။ နားကို စွင့်ထားလိုက်မိသည်။ နောက်ထပ်မကြားရချေ။ နောက်တစ်ကြိမ် အော်ဖို့ သူအားယူနေလေသလားဟု ကျွန်တော် တွေးလိုက်မိသည်။ ဒီတစ်ကြိမ် အသံကြားလို့ကတော့ မတွေ့တွေ့အောင် ရှာမည်ဟု အားခဲထားလိုက်သည်။ သို့သော် နောက်တစ်ကြိမ် မကြားရတော့။ သူသည် ကျွန်တော် မရောက်ခင်ကတည်းက အကြိမ်ကြိမ် အော်နေပုံရပါသည်။ အခုတော့ အော်ရလွန်းသောကြောင့် မောပန်းနွမ်းနယ်သွားရှာပြီ ထင်ပါရဲ့။

ကျွန်တော်သည် သူရှိသည့် အပင်ပေါ် မော့ကြည့်ကာ သူ့ကိုရှာပါသည်။ အကိုင်းအခတ် အရွက်အလတ်များ ကြားထဲမှာ သူပုန်းခိုနေပုံရသည်။ ရှာမတွေ့ချေ။ ကျွန်တော်ဆက်လျှောက်လာခဲ့သည်။ လောလောဆယ် သူအော်လိုက်သည့် အသံက အကြားအာရုံထဲမှ ပျောက်မသွားသေး။ ဥသြဟူသော မြည်သံသည် ဘာမျှတော့ မထူးဆန်းလှပါ။ တကယ်ထူးဆန်းနေသည်က သူအော်ပုံအော်နည်းသာ ဖြစ်သည်။ သူထိုကဲ့သို့ အော်လိုက်တိုင်း ကြားရသူနားထဲမှာ တစ်မျိုးဖြစ်ဖြစ်သွားသည်။ ထို့နောက်မှာတော့ ရင်ထဲမှာလှိုက်လှိုက် လှိုက်လှိုက်နှင့် ဆို့နင့်နင့် ကျန်ရစ်ခဲ့ရသည်ချည်း။ ပြောမပြတတ်သည့် ဝေဒနာ။ အဓိပ္ပာယ်ဖွင့်မရသည့် ခံစားမှု။ အခုလည်း လမ်းဆက်လျှောက်လာသည့် ကျွန်တော့်ကိုအနေခက်အောင် သူလုပ်သွားပြန်ပါပြီ။ သူလုပ်ရက်ခဲ့ပြန်ပြီ။ သူမအော်တော့ပါဘဲလျက် ကျွန်တော့်နားထဲမှာ “ ဥသြ … ဥသြ … ဥသြ ” ဟူသည့် အသံတွေ ဆက်တိုက်မြည်နေလေသည်။ အလုပ်တိုက်ရှိရာဆီ သွားနေစဉ် တစ်လျှောက်လုံး ထိုအသံတွေ မြည်မဆုံးတော့ချေ။

ကျွန်တော့် ပတ်ပတ်လည်မှာ ကားတွေ တဝီဝီသွားနေကြသည်။ ဆိုက်ကားတွေလည်း ဘဲလ်တတင်တင်တီးကာ နင်းသွားကြသည်။ လမ်းသွားလမ်းလာတွေ စျေးသည်တွေ၏ အသံပေါင်းစုံလည်း ဆူညံနေကြပါသည်။ သို့သော် အဆိုပါအသံတွေကို “ ဥသြ … ဥသြ … ဥသြ”  အသံက လွှမ်းမိုးအနိုင်ယူသွားသည်မှာ အံ့သြစရာကောင်းလှသည်။ သူသည် တစ်စုံတစ်ခုကိုပြောချင်သောကြောင့် ထိုကဲ့သို့ ဆိုမြည်တမ်းတနေ ရှာသလော။ သူ့အသံကို နားထောင်ရသည်မှာ တစ်ခွန်းအော်ပြီးတိုင်း တစ်ခါ မောပန်းကျန်ရစ်ခဲ့သလို ခံစားရသည်။ သူတင်မက နားထောင်ရသူပါ မောပြီးတလှပ်လှပ် ကျန်ရစ်ခဲ့ရသည်။ သူ့အသံကို ကြားရသောအခါ ဖတ်ဖူးသည့် ကဗျာတစ်စ အတွေးထဲရောက်လာတော့သည်။

ဝေးနယ်ရပ်ကွာ၊ ကျွန်တို့ရွာမူ

ခုခါကာလ၊ တပေါင်းကျက

မြမြမိုမို၊ အုန်းညိုညိုမှာ

ကြည်ချိုသာမော၊ ရွှေဥသြလည်း

တစ်တောလုံးစင်၊ ထပ်ပဲ့တင်နှင့်

လွင်လွင်အေးအေး၊ ရင့်ရူကျွေးလိမ့်။

ကဗျာဆရာက သူ့အသံ၏ ရိုက်ခတ်မှုကို “ တစ်တောလုံးစင်၊ ထပ်ပဲ့တင်” ဟု သုံးနှုန်းသွားသည်။ ယခုလည်း သူ့အသံကို ကြားလိုက်ရသည့် ကျွန်တော့်အဖို့မှာ “ ရင်တစ်ခုလုံးပင်၊ ထပ်ပဲ့တင်” ဟု သုံးနှုန်းရလေမည်လား မသိပေ။ ထိုကဲ့သို့ သူ့အကြောင်းစဉ်းစားရင်း ကျွန်တော် လျှောက်လာခဲ့ရာ အလုပ်တိုက်ရှိရာသို့ပင် ရောက်လာခဲ့ပါသည်။

တိုက်ထဲသို့ဝင်ရန် ခြေလှမ်းပြင်လိုက်စဉ် တစ်စုံတစ်ခုက ကျွန်တော့်ကို တုံ့ခနဲ ဖမ်းဆွဲလိုက်လေသည်။ “ ဥသြ … ဥသြ … ဥသြ”  အို … ကြားရပြန်ပါပြီ။ ဘယ်အရပ်ကပါလိမ့်။ ကျွန်တော်သည် တိုက်ရှေ့ရှိ ဘုန်းကြီးကျောင်းဝင်းထဲသို့ လှမ်းကြည့်လိုက်ပါသည်။ ထိုဘုန်းကြီးကျောင်းဝင်းထဲမှာ သစ်ပင်သုံးလေးပင် ရှိနေပါသည်။ ထိုနေရာတစ်ဝိုက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘယ်အပင်မှာ သူနားခိုနေလေသနည်း။ ကျွန်တော် သိချင်စမ်းပါဘိ။ “ ထပ်ပြီးအော်လိုက်ပါဦး ရွှေဥသြလေးရယ်” ဟု စိတ်ထဲမှ တောင်းပန်လိုက်မိသည်။ ကျွန်တော်သည် ထိုကဲ့သို့ တောင်းပန်ပြီးမှ အားနာသွားမိပြန်သည်။ သူသာ ကျွန်တော့်စကားကို ကြားနိုင်စွမ်းရှိပါက “ ခင်ဗျားတောင်းဆိုတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ အော်ရတဲ့ ကျုပ်မှာတော့ မသက်သာပါဘူး ဗျာ” ဟု ပြန်ပြောကောင်း ပြောလိမ့်မည်ထင်သည်။ ဟုတ်ပါသည်။ သူ့အနေနှင့် ထိုကဲ့သို့ ပြန်ပြောသင့်ပါသည်။ သူ့အဖို့ရာ “ ဥသြ” ဟူသည့် အသံတစ်သံကို သက်သောင့်သက်သာ မြည်ကြွေးလိုက်ရသည် မဟုတ်ချေ။ သူ့ရင်တစ်ခုလုံးကို အရင်းအနှီးပြုကာ အားထုတ်လိုက်ရခြင်း မဟုတ်ပါလား။ သူ့နှလုံးသားတစ်ခုလုံးကို ဖွင့်ထုတ်လိုက်ရခြင်း မဟုတ်ပါလား။ သူ့အသွေးအသားတစ်ခုလုံးကို ချပြလိုက်ရခြင်း မဟုတ်ပါလား။

အလိုနားထောင်စမ်း။ “ ဥသြ … ဥသြ …ဥသြ” တဲ့။ နောက်တစ်ကြီမ် သူအော်လိုက်ပြန်ပြီ။ “ အို ရွှေဥသြလေးရယ် ကျေးဇူးပြုပြီး မအော်ပါနဲ့တော့လား။ မင်းအော်သံလေးကို ငါမကြားရက်လို့ပါကွယ်” ကျွန်တော်သည် သူမကြားနိုင်မှန်းသိပါလျက် ထိုကဲ့သို့ တိုးတိုးဖွဖွ တောင်းပန်လိုက်မိပါသည်။

ကိုးကား - ဆရာမင်းသုဝဏ်၏ “ ခါနွေဆန်းတော့ လွမ်းမိတယ်” ကဗျာ

 

Most Read

Most Recent