တိုင်းရင်းသားများ၏ အမှတ်အသားသရုပ်သည် မိမိကိုယ်စားပြုသော ဒေသနယ်မြေ၌ လွတ်လပ်စွာ ရှင်သန်ရပ်တည်ရေးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများနှင့် ရုန်းကန်ရေးမဟုတ်ဟု ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့  ကြေညာချက်အဖြစ် NLD ပါတီ ထုတ်ပြန်

တိုင်းရင်းသားများ၏ အမှတ်အသားသရုပ်သည် မိမိကိုယ်စားပြုသော ဒေသနယ်မြေ၌ လွတ်လပ်စွာ ရှင်သန်ရပ်တည်ရေးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများနှင့် ရုန်းကန်ရေးမဟုတ်ဟု ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့  ကြေညာချက်အဖြစ် NLD ပါတီ ထုတ်ပြန်
၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား NLD ပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပစဉ် (ဓာတ်ပုံ-ဉာဏ်လင်းထွန်း)
၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား NLD ပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပစဉ် (ဓာတ်ပုံ-ဉာဏ်လင်းထွန်း)
Published 12 February 2020

တိုင်းရင်းသားအားလုံး၏ အမှတ်အသားသရုပ်သည် မိမိကိုယ်စားပြုသော ဒေသနယ်မြေ၌ လွတ်လပ်စွာ ရှင်သန်ရပ်တည်ရေးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများနှင့် ရုန်းကန်ရေးမဟုတ်ဟု ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အတွက် NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် ကျင်းပခဲ့ပြီး ပါတီ၏ကြေညာချက်ကို ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားခဲ့သည်။

“ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု ပြဿနာများကို ဖြေရှင်းရန် စဉ်းစားကြသည့်အခါတွင် နှစ်ပေါင်း ၇၀ ကျော် စွဲကပ်လာခဲ့သော ဆန္ဒစွဲ၊ လူမျိုးစွဲများ၊ သမိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေသော အမျိုးသားရေးပြဿနာများကို ပေါင်းစပ်၊ ခြုံငုံသုံးသပ်လျက် ဓမ္မဓိဋ္ဌာန်ကျကျ အဖြေရှာနိုင်ရန် ကြိုးစားကြရပါမည်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

စုံလင်ကွဲပြားမှုကို တန်ဖိုးအဖြစ် ရှုမြင်ရန် လိုအပ်ပြီး သို့မှသာ ခွဲခြားဆက်ဆံမှုများ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ သမိုင်းဝင်ကဏ္ဍများကို အသိအမှတ်ပြုလျက် ထိုက်တန်သော တန်ဖိုးများကို ဖန်တီးပုံဖော်ရန် အချိန်အခါကောင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းလည်း ပါတီကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူ မျိုးနွယ်စုအသီးသီး၏ အကျိုးစီးပွားများအား အဓိကထည့်သွင်းစဉ်းစားကာ ဤအလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့ဝန်းကျင်သစ် ထူထောင်ရန်လည်း NLD ပါတီက တိုက်တွန်းသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပေါ်ပေါက်ခဲ့သည့် ပင်လုံစာချုပ်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု၏ သမိုင်း၏ အဓိကကျသော သွေးစည်းညီညွတ်မှုနှင့် ယုံကြည်မှု သင်္ကေတမော်ကွန်းဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စုများ သွေးစည်းညီညွတ်မှုမရှိလျှင် ပင်လုံစာချုပ် မွေးဖွားလာမည်မဟုတ်သလို ပင်လုံစိတ်ဓာတ်မရှိလျှှင်လည်း အမျိုးသားလွတ်လပ်ရေးမရရှိနိုင်ဟု ပါတီကြေညာချက်က ဆိုသည်။

လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် အုတ်မြစ်ချခဲ့သည့် ၂၀ ရာစုပင်လုံညီလာခံကို အားအင်အသစ်များဖြင့် လက်ဆင့်ကမ်း အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု NLD ပါတီက ဆိုသည်။

တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ရာတွင် အပြောသက်သက် မဟုတ်၊ နိုင်ငံရေးကြွေးကြော်သံများ၊ စကားလုံး အလှအပများသက်သက်နဲ့ မဟုတ်ဘဲ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ သမိုင်းဆိုင်ရာ ပကတိအခြေအနေများကို ကိုယ်ကျိုးစီးပွားအပေါ် အခြေမခံဘဲ ဆန္ဒစွဲ၊ လူမျိုးစွဲ ကင်းစွာဖြင့် လက်တွေ့ကျကျ အောင်မြင်သည်အထိ တည်ဆောက်ရန် အခမ်းအနားသဘာပတိဖြစ်သည့် NLD ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က တိုက်တွန်းပြောကြားသည်။

NLD ပါတီဗဟိုဌာနချုပ်တွင် ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီအဆင့် တာဝန်ရှိသူများ၊ ဖိတ်ကြားခံ နိုင်ငံခြားသံရုံးများမှ သံတမန်များ တက်ရောက်ကြပြီး နိုင်ငံရေးပါတီများက ပေးပို့လာသည့် ပြည်ထောင်စုနေ့ သဝဏ်လွှာများကို မှတ်တမ်းတင်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးတို့ တောင်တန်းပြည်မမခွဲခြားဘဲ လွတ်လပ်ရေးရယူရန် စာချုပ်ချုပ်ဆိုမှုကို အကြောင်းပြု၍ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဉာဏ်လင်းထွန်း

 

Most Read

Most Recent